မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှု ပမာဏသည် ဧပြီလမှစတင်သော ဘဏ္ဍာနှစ်၏ ပထမဆုံး လေးလတာ ကာလတွင် ယခင် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက လျော့နည်းနေပြီး အစိုးရသစ်၏ ပို့ကုန်တိုးမြှင့်ရေး အစီအစဉ်သည် ကြီးမားသည့် အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ စျေးနှုန်းများ ကျဆင်းခြင်း၊ သစ်အလုံးလိုက် တင်ပို့မှု တားမြစ်ခြင်း၊ ( တန်ဖိုးမြင့် ကုန်ချောထုတ်လုပ်မှုကို အားပေးရန်အတွက်) ကျောက်စိမ်းရိုင်းများ ရောင်းချခြင်းကို လျော့ချခြင်းနှင့် ရာသီဥတု ဆိုးရွားခြင်း၊ အထူးသဖြင့် ရေကြီးမှုကြောင့် လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှုများ လျော့ကျလာခြင်းတို့ကြောင့် ပို့ကုန် ပမာဏကိုကျဆင်းစေပြီး ကာလတိုအတွင်း ကုန်သွယ်ရေးလိုငွေပြမှုကို မြင့်တက်ခြင်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များကပြောသည်။
ဧပြီလမှ ဇူလိုင်လကုန်အထိ ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒဿမ ၀၇၁ ဘီလီယံတွင် ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၂၇၅ ဘီလီယံ၊ သွင်းကုန်တန်ဖိုး ၄ ဒဿမ ရ၉ ဘီလီယံ ပါ၀င်ပြီး ကုန်သွယ်ရေး လိုငွေပြမှု ၁ ဒဿမ ၅ ဘီလီယံရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြသည်။
ယခင်နှစ် ဘဏ္ဍာနှစ်တူ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၃၆ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒဿမ ၄၈၆ ဘီလီယံနှင့် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒဿမ ၈ ဘီလီယံသို့ ရောက်ရှိခဲ့ကာ ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန်ဒေါ်လာ ၂ ဒဿမ ၁၅ ဘီလီယံ ရှိခဲ့ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပို့ကုန်ကျဆင်းခဲ့ရခြင်းမှာ ယခင်နှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ဖြစ်ပွားခဲ့သော ဆိုးရွားသော ရေဘေး၏ အကျိုးသက်ရောက်မှုများကြောင့် စပါးခင်းများ ပျက်စီးခဲ့ရ ခြင်းကြောင့်ဖြစ်ကြောင်း ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများက လုပ်ငန်းခွင်သုံး ပစ္စည်းကိရိယာအချို့ ၀ယ်လိုအားများလာခြင်းနှင့် စီမံကိန်းကြီးများ လိုအပ်ချက်မြင့်လာသောအခါ အနာဂတ်တွင် သွင်းကုန်များ မြင့်တက်လာမည်ဟု ၎င်းက မျှော်လင့်သည်။
ကုန်သွယ်မှု လိုငွေပြမှုနှင့် စပ်လျဉ်း၍ အစိုးရက စိုးရိမ်နေစဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးသန်းမြင့်က လက်ရှိအစိုးရ သက်တမ်း ၂၀၂၀အတွင်း ပို့ကုန် သုံးဆမြင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။
ထိုရည်မှန်းချက်အောင်မြင်ရန် အစိုးရက လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ ပြန်လည် တင်ပို့သော ကုန်ပစ္စည်းများ( မြန်မာနိုင်ငံသို့ တင်သွင်းလာသော ကုန်ပစ္စည်းများအား တတိယနိုင်ငံသို့ ပြန်လည်ရောင်းချခြင်း) စသည်တို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသန်းမြင့်ကပြောခဲ့သည်။
ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေမှာ ခန့်မှန်း၍ မရသောကြောင့် လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှုကို မြှင့်တင်ရန်များစွာ အခက်အခဲဖြစ်စေကြောင်းပြောသည်။ သူက ယမန်နှစ်နှင့် ယခုနှစ်ရေကြီးမှုများကိုဆိုလိုခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံ၏ စီးပွားရေးသည် လယ်ယာစိုက်ပျိုးရေးကို အဓိက မှီခိုသည့်အတွက် ရာသီဥတု ဆိုးရွားခြင်းက ကုန်သွယ်မှု လိုငွေပြမှုကို ပိုမု်ိ မြင့်မားစေမည်ဟု ဦးမြတ်သင်းအောင်က သုံးသပ်သည်။ ထို့ပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စျေးနှုန်းများ ကျဆင်းခြင်း၊ သစ်အလုံးလိုက်တင်ပို့မှုကို တားမြစ်ခြင်းနှင့် ကျောက်စိမ်းရိုင်းများ တင်ပို့မှုကို လျော့ချခြင်း စသည်တို့က ကုန်သွယ်မှုလိုငွေပြမှုကို ဖြစ်စေကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များမှာ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များများ ဖြစ်ပြီး အဓိက သွင်းကုန်များမှာ အိမ်သုံး ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများဖြစ်သည်။
“ဒီနှစ် ပို့ကုန်တန်ဖိုးကလည်း သေချာပေါက် ကျလိမ့်မယ်။ အဲဒါကြောင့် ကုန်သွယ်မှု လိုငွေပြတာက ပြီးခဲ့တဲ့ နှစ်ကထက် များလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ဦးမြတ်သင်းအောင်ကပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံ ရှိမည်ဟု မျှော်လင့်ကြောင်း ပြောသည်။ သို့သော်လည်း အကယ်၍ လက်ရှိရေကြီးမှု အခြေအနေမှာ ဆိုးရွားပြီး မြန်မာနိုင်ငံသည် ရာသီဥတု အလွန်ဆိုးရွားမှုဒဏ် ခံရပါက ထို၀န်ကြီးဌာနက မျှော်မှန်းထားသည့် ကုန်သွယ်မှု ပမာဏမှာ ကျဆင်းကောင်း ကျဆင်းနိုင်ပါသည်။ ကုန်သွယ်မှုပမာဏ တိုးပွားလာခြင်း၏ အများစုမှာ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ၏ သွင်းကုန်ကြောင့် ဖြစ်နိုင်ကြောင်း ယူဆထားသည်။
ပြီးခဲ့သည့်နှစ်က ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံနှင့် ကုန်သွယ်မှု လိုငွေပြမှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံရှိကြောင်း စီးပွားရေးနှင့် ကုန်သွယ်ရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၁ခုနှစ် ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်ခဲ့ပြီးနောက်ပိုင်း တနှစ်ပြီး တနှစ် မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ တဖြည်းဖြည်း တိုးမြင့်ခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန်၏ သမ္မတသက်တမ်း နောက်ဆုံးနှစ်တွင် ကုန်သွယ်မှု ပမာဏ ကျဆင်းခဲ့သောကြောင့် လေ့လာသူများကို စိုးရိမ်ပူပန်စေခဲ့ပါသည်။