ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ စပ်လျဉ်းပြီး အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ နိုင်ငံပိုင်စက်ရုံတွေကို စိစစ်သုံးသပ် ရေးကော်မရှင်ဖွဲ့ပြီး ရပ်ဆိုင်းသင့်ရင် ရပ်ဆိုင်း ၊ ဆိုင်းငံ့သင့်ရင် ဆိုင်းငံ့၊ ဆက်ထားသင့်တာကို ထားဖ့ို ပြည်ထောင်စု ဥပဒေကြမ်း ပူးပေါင်းကော်မတီက အကြံပြုခဲ့ပါတယ်။
အမှန်တော့ဈေးကွက်စီးပွားရေးစနစ်မှာတော့ လုပ်ငန်းတစ်ခုဟာ အရှုံးပေါ်နေတယ်ဆိုရင် ဆက်မလုပ်သင့် တော့ဘူးဆိုတဲ့ အမြင်တွေရှိသလို ဒါဆို ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းတွေလည်းရှိလာမှာပါ။ ယေဘုယျ အားဖြင့်အချို့ကို ပုဂ္ဂလိကကို လွှဲပြောင်းတာမျိုး (Privatization) လုပ်လေ့ ရှိသလို အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး (Corporate) လုပ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။
“အခုက နိုင်ငံပိုင် လုပ်ငန်းတွေက အတော်လေး အရှုံးပေါ်နေပါတယ်။ ဒါကြောင့် ဒီလို အရှုံးပေါ် နေရင် တော့ မလုပ်သင့်တော့ဘူးလို့မြင်ကြတယ်။ ဥပမာ ပြည်တွင်းရေကြောင်းဆိုရင် ဒေါ်လာ သန်း ၅၀ အကြွေးတင်နေ တယ်လို့သိရတယ် ”လို့ MDRI ရဲ့Seninor Researcher ဖြစ်တဲ့ ဦးတင်မောင်သန်းကပြောပါတယ်။
ပုဂ္ဂလိကပိုင်လား ခရိုနီပိုင်လား
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရမတိုင်မီ နဲ့ သူ့လက်ထက် မှာ လုပ်ငန်းပေါင်း ၇၀ ရာနှုန်းကျော်ကို ပုဂ္ဂလိက လက်ထဲကို လွှဲပြောင်းခဲ့ပါပြီ။ ဒါပေမယ့် ဒီလို လွှဲပြောင်းတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုတော့ မရှိခဲ့သလို နီးစပ်ရာကိုလက်သိပ်ထိုးပေးခဲ့တယ်လို့လည်း ဝေဖန်သံတွေထွက်ပေါ်ခဲ့တာပါ။
အဲဒီလို လွှဲပြောင်းတာကို ၂၀၀၈ ခုနှစ်မှာစပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း (SOEs) ၉၁ ခု အထိရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပထမအကြိမ် ၉၈ ခု နဲ့ ဒုတိယအကြိမ် ၅၇ ခုု ဖြစ်ပြီး အိမ်ခြံမြေ ဂိုဒေါင် ၁၄၇ လုံးလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၄၆ ဆိုင်ကို လုပ်ခဲ့သလို ၂၀၁၀ မှာ နောက်ထပ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခု၊ နိုင်ငံပိုင်အဆောက်အအုံ ၃၂၃ ခု နဲ့ အတူ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်း၊ ကျန်းမာရေး ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ အလုံဆိပ်ကမ်း စတာတွေကို လွှဲပြောင်း ခဲ့တာဖြစ်ပါတယ်။
“ အဓိကကတော့ ခေါင်းဆောင်တဲ့လူတွေနဲ့ လုပ်ပိုင်ခွင့ိရှိတဲ့လူတွေရဲ့ မတော်လောဘတွေနဲ့ လုပ်သွားတာ ကြောင့် ဖြစ်တာပါ။ ဆိုလိုတာက National Champion Theory ကို လက်ခံပါတယ်။ ဒါပေမယ့် National Champion ကို မွေးထုတ်တဲ့ သီအိုရီကိုတော့ လက်မခံပါဘူး။ ဂျပန်တို့၊ တောင်ကိုရီးယားတို့ ဒါနဲ့ထောင် တက်သွားတာ မှန်တယ်။ မြန်မာပြည်မှာကျတော့ တသက်နဲ့တကိုယ် စက်ရုံထဲတောင် ခြေမချဖူးတဲ့သူတွေကို စက်ရုံကြီးတွေပေးလိုက်ပြီး ချန်ပီယံလုပ်ခိုင်းတာတော့ မှားတယ်လို့ မြင်တယ်။ အခု အစိုးရက ဘာတွေလုပ်နေ လဲမသိပါဘူး။ တခုရှိတာက အရင်အစိုးရက ဘယ်လောက်ပဲ အစိုးရပိုင်တဲ့ မြေတွေ အဆောက်အဦးတွေ စီးပွား ရေးလုပ်ငန်းတွေကို ကိုယ်ကျိုးရှာပြီး လွှဲခဲ့ လွှဲခဲ့ ကျန်ခဲ့တဲ့ဟာလေးကို ရှိစုမဲ့စုလေးနဲ့ ပိုပြီး အဓိပ္ပါယ်ရှိတာကိုတော့ လုပ်စေချင်တယ်” လို့ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်ရဲ့ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ဦးမြင့်ဇော်က ပြောပြတာပါ။
NLD အစိုးရသစ် လက်ထက်မှာတော့ စုစုပေါင်း လုပ်ငန်း ၄၄ ခုလောက် ကျန်နေပါတယ်။ ဒါဆိုရင် ဘယ်လုပ်ငန်းကို ဆိုင်းငံံ့၊ ဘယ်လုပ်ငန်းကို ရပ်ဆိုင်းပြီး၊ ဘယ်လုပ်ငန်းကို ပုဂ္ဂလိက လွှဲမှာလည်းဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မေလမှာ ထွက်ခဲ့တဲ့ ၂၀၁၄-၁၅ ဘတ်ဂျက်လေ့လာစောင့်ကြည့်ရေးအစီရင်ခံစာမှာ မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၊ စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာ့ မီးရထား နှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း တွေဟာ နှစ်စဉ် အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေ ဖြစ်လို့ ထိထိရောက်ရောက် စိစစ်ပြီး ပုဂ္ဂလိက လက်ထဲကို လွှဲပြောင်းဖို့ စီစဉ်သင့်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ အများပြည်သူအတွက် အရေးပါပြီး သဘာဝအားဖြင့် လက်ဝါးကြီးအုပ်နိုင်တဲ့ အခြေအနေရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း အထိန်းအကွပ်မဲ့ ပုဂ္ဂလိက လွှဲပြောင်းပေးမှုတွေကို အလေးအနက် ထား ဆောင်ရွက်သင့်တယ်လို့ ဖော်ပြထားပါတယ်။
“အခုရေးဆွဲထားတဲ့ စီးပွားရေးမူအရဆိုရင်တော့ ရပ်ဆိုင်းတာပဲဖြစ်ဖြစ်၊ ဆိုင်းငံ့တာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် လုပ်သင့်ပါတယ်။ မမြတ်ဘူးဆိုရင်တော့ ပုဂ္ဂလိကကို လွဲသင့်ရင်လည်း လွဲရမှာပါပဲ”လို့ စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ အကြံပေးဖြစ်တဲ့ ဒေါက်တာမောင်အောင်က ပြောပြပါတယ်။
ဒါကြောင့် အခုနောက်ပိုင်း ဝန်ကြီးဌာနတွေအနေနဲ့ အရှုံးပေါ်တဲ့လုပ်ငန်းတွေကို စာရင်းတင်ဖို့ လိုလာပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ခေတ်က ပြည်သူပိုင်သိမ်းပြီး SOEs တွေ ထောင်ခဲ့ကြပါတယ်။ ဒီဘက်ခေတ်ကျတော့ မကိုက်လို့ဆိုပြီး နီးစပ်ရာတွေကို လာဘ်ပေးလာဘ်ယူတွေနဲ့ ထိုးပေးခဲ့ကြတဲ့အတွက် တမှားပြီး နှစ်မှားဖြစ် ကုန်တယ်လို့ သုံးသပ်တာမျိုးတွေလည်း ရှိပါတယ်။
မတူကွဲပြားတဲ့ အမြင်
ဒီလို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်း တယ်ဆိုတာက ဘတ်ဂျက်လိုငွေ လျော့သွားအောင်၊ ထုတ်လုပ်မှု တက်လာ အောင်၊ ပြီးရင် ပုဂ္ဂလိကပိုင်ကဏ္ဍရဲ့ ပြည်ပပို့ကုန်တိုး တက်လာအောင်ဆိုပြီး လုပ်ကြတာမျိုးဆိုပေမယ့် ဒီလို လုပ်ခြင်းအားဖြင့် ဘယ်လောက်အထိ ပြောင်းလဲလာနိုင်လဲ ဆိုတာတော့ စနစ်တကျ လေ့လာဖို့ လိုမယ် လို့ ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ) က ပြောပါတယ်။
“တကယ်လို့ privatization လုပ်မယ်ဆိုရင် လုပ်ရတဲ့အကြောင်းရင်းတော့ ရှိရလိမ့်မယ်။ အရှုံးပေါ်တိုင်း တော့ လုပ်ရမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။ အလားတူပဲ အမျိုးသားလုံခြုံရေး (National Security) နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို ဘယ်လောက်ပဲ အရှုံး ပေါ်နေပေါ်နေ လုပ်လို့ မဖြစ်နိုင်သလို၊ ပုဂ္ဂလိက လွှဲတိုင်းလည်း အားလုံး ကောင်းသွားတာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်ကို လက်ဝါးကြီးအုပ် သွားတာတွေ ရှိတယ်။ ဥပမာ စက်သုံးဆီဆိုင်တွေဆိုရင် နိုင်ငံတကာဈေး တက်ရင် လိုက်တက်တတ်ပေမယ့် ကျရင်တော့ တော်တော်နဲ့ချ မရောင်းဘူး။ ဒါကြောင့် ဘက်စုံစဉ်းစားဖို့တော့လိုလိမ့်မယ်”လို့ ထောက်ပြပါတယ်။
ဦးပိုင်နဲ့ MEC
အခုလို အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း သတင်းတွေနဲ့အတူ မြန်မာစီးပွားရေးဦးပိုင်လိမိတက် (Myanmar Economic Holding Limited) နဲ့ MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ( Mynamar Economic Corporation) တွေကကော ဘယ်အထဲမှာပါလဲဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာပါတယ်။
“Corporation ဆိုတာကတော့ ဝန်ထမ်းရဲ့ ရှယ်ယာတွေ ဒီအထဲမှာ ပြန်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ လုပ်တဲ့ပုံစံနဲ့ အခု မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ပုံစံတော့ မတူဘူး ဖြစ်နေတယ်။ အရင် အစိုးရလက်ထက်မှာ လုပ်ခဲ့တာတွေကလည်း စနစ်တကျ ရှိလှတာ မတွေ့ရပါဘူး”လို့ ဦးတင်မောင်သန်းက ပြောပြခဲ့ပါတယ်။
မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တို့၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ က ယခုပြောနေတဲ့ State Own Enterprises နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ သဘောသဘာဝချင်း မတူတဲ့အပြင် အမြတ်ရတဲ့လုပ်ငန်းထဲ ပါနေတဲ့အတွက် လွှဲမှာ မဟုတ်ပါဘူးလို့ တချို့က သုံးသပ်ကြပါတယ်။
“သိရသလောက် MEC ကို ကော်ပရိတ်အနေနဲ့ ဖွဲ့ထားတာပါ။ ကာကွယ်ရေး ဝန်ကြီးဌာန အောက်မှာ ဖြစ်နေတော့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းလို့ပြောမယ် ဆိုရင်တော့ ပြောလို့ရပါတယ်။ တခုရှိတာက ရှယ်ယာရှင်ရဲ့ ပိုက်ဆံနဲ့ လုပ်ထားတာလား၊ ဝန်ကြီးဌာနက ငွေနဲ့ လုပ်တာလားဆိုတာတော့ မသိရဘူး ဖြစ်နေတယ်”လို့ Development Studies ဘာသာရပ်နဲ့ သုတေသနလုပ်နေတဲ့ ဦးဇော်အောင်က ပြောပါတယ်။
စစ်တပ်ပိုင်ဖြစ်တဲ့ MEC နဲ့ ဦးပိုင်ကိစ္စကို စဉ်းစားတဲ့အခါ မြန်မာနိုင်ငံရဲ့ တချိန်က အစိုးရဟာ စစ်တပ်ဖြစ် ခဲ့တဲ့အတွက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း (SOEs) ထဲ ထည့်လို့ရမလား မရဘူးလား ဆိုတာကို လက်ရှိ အစိုးရကပဲ ဆုံးဖြတ်ရမှာပါ။
“ဘဏ္ဍာရေး စီမံခန့်ခွဲမှု ရှိပေမယ့် သူပိုင်တဲ့ စက်ရုံက အကျိုးအမြတ်တွေက နိုင်ငံတော်ကို အခွန်ဆောင်စရာ လည်း မလိုဘူး။ ဥပမာ ဦးပိုင်ပေါ့။ ငွေသွင်းငွေထုတ်တွေကလည်း နိုင်ငံတော် ဘတ်ဂျက်ထဲလည်း မသွားဘူး။ သီခြားဖြစ်နေတဲ့ သဘောတော့ ရှိတယ်”လို့ ဦးဇော်အောင်က ပြောပြပါတယ်။
အခု ဥပဒေကြမ်း အကြံပြုချက်တင်တဲ့အထဲမှာ ဆိုင်းငံ့မလား၊ ပိတ်သိမ်းမလားဆိုတဲ့ နေရာမျိုးတွေမှာ ဆက်လုပ်လို့လည်း အကျိုးမရှိတော့တဲ့လုပ်ငန်းတွေ၊ နည်းပညာလည်းမရှိ၊ ပစ္စည်းတွေကလည်း မကောင်း၊ ရင်းနှီးမြုပ်နှံမှုကလည်း ကြီးနေပြီး အလွန်အမင်း အရှုံးပေါ်နေတဲ့ လုပ်ငန်းမျိုးတွေကို ရပ်ပစ်လိုက်ဖို့ သုံးသပ်တာတွေ ရှိနေပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို လက်ရှိအချိန်ဟာ ၂၀၁၃ ခုနှစ်က အစိုးရကနေ YIGI ကုမ္ပဏီကို နိုင်ငံပိုင် အဖြစ်ကနေ ပုဂ္ဂလိကပိုင်အဖြစ်လွှဲခဲ့တဲ့ မြန်မာ့ လယ်ယာသုံး စက်ကိရိယာလုပ်ငန်းက ဝန်ထမ်းတွေက ဆန္ဒပြနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဝန်ထမ်းတွေက YIGI ကုမ္ပဏီဟာ လွဲပြောင်းယူစဉ်က လယ်ယာသုံး စက်ကိရိယာတွေ တိုးချဲ့ထုတ်လုပ်ဖို့ စာချုပ်မှာ ပါရှိခဲ့ပေမယ့် အခြားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်နေတာအပြင် အလုပ်သမားတွေ ထုတ်ပယ်မှုတွေရှိနေတာကြောင့် ဆန္ဒပြနေတာဖြစ်တယ်လို့ ပြောဆိုနေကြောင်းပါ။