အမေရိကန် စာရေးဆရာတဦး ဖြစ်သည့် ဂျိုးစတက်ဝဲလ်သည် သူဌေးကြီး Bill Gates က လူတိုင်းဖတ်သင့် သည်ဟု ထောက်ခံချက်ပေးခဲ့သော စာအုပ် ၁၇ အုပ်ထဲတွင် တခုအပါအဝင်ဖြစ်သည့် “How Asia Works, Success and Failure in the World’s Most Dynamic Region” အမည်ရှိ စာ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ အဆိုပါ စာအုပ်မှာ အာရှစီးပွားရေးမှ အောင်မြင်မှုများနှင့် ကျရှုံးမှုများကို ဝေဖန် ဆန်းစစ် ထားခြင်း ဖြစ်သည်။
သူ၏ စာအုပ်တွင် ဂျိုးစတက်ဝဲလ်က ဂျပန်၊ တောင်ကိုရီးယား ၊ ထိုင်ဝမ် နှင့် တရုတ် ကဲ့သို့ စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံများတွင် စီးပွားရေးအောင်မြင်ရေးအတွက် အခြေခံ အုတ်မြစ်အဖြစ် ချမှတ်ခဲ့သော အသေးစားစိုက်ပျိုးရေး လုပ်ငန်းများ ကို အင်အား ကောင်းအောင်ပြုလုပ်ခြင်း၊ ပို့ကုန်မြှင့်တင်ရေးအတွက် ထုတ်လုပ်ရေးကဏ္ဍကို ထောက်ပံ့ကူညီခြင်း နှင့် ဘဏ္ဍာရေး မူဝါဒ ကို စနစ်တကျ ထိန်းချုပ်ခြင်း တို့ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ကွန်ဖရင့် တခုတွင် စီပွားရေးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် အသေးစားစိုက်ပျိုးရေးလုပ်ငန်းများကို ထောက်ပံ့ကူညီရမည့် အစိုးရ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဟောပြောခြင်း မပြု မီ ဧရာဝတီ အင်္ဂလိပ်ပိုင်း တွဲဘက်အယ်ဒီတာ Sandy Barron က ဂျိုးစတက်ဝဲလ်နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ အမျိုးသားစီးပွားရေး အောင်မြင်ဖို့နည်းလမ်းက အစိုးရအနေနဲ့ စိုက်ပျိုးရေး ကဏ္ဍ အထူးသဖြင့် အသေးစား စိုက် ပျိုးရေး ကဏ္ဍရဲ့နောက်မှာ ရပ်တည်ဖို့ ရှင်က တိုက်တွန်းခဲ့တယ်။ စိုက်ပျိုးရေးက ဘာကြောင့် ဒီလို အရေးပါတာပါလဲ။
ဖြေ။ ။ စိုက်ပျိုးရေးဆိုတာ ဆင်းရဲတဲ့ ဘယ်နိုင်ငံမှာ မဆိုရင်ဆိုင်နေရတဲ့ အခြေခံ အကျဆုံး မေးခွန်းဖြစ်ပါတယ်။ သ ဘောတရားအရ ပြောရမယ်ဆိုရင် ဆင်းရဲတဲ့ နိုင်ငံတိုင်းမှာ လူဦးရေရဲ့ ရ၀ ကနေ ရ၅ ရာခိုင်နှုန်းက စိုက်ပျိုးရေးနဲ့ အသက် မွေးကြပါတယ်။ စဉ်းစားဖို့ အရမ်းကိုလွယ်ကူတဲ့ ကိန်းဂဏန်းတခုပါ။ တကယ်လို့ လူဦးရေ ရ၀ ကနေ ရ၅ ရာခိုင်နှုန်း ကနေ တန်ဘိုးတခု စတင်ထုတ်ယူနိုင်ပြီဆိုရင် အရင်းအနှီး စုဆောင်းနိုင်မှု တိုးလာမယ့် လမ်းကြောင်းတခုပေါ်ကို ရောက်သွားမှာ ဖြစ်ပါတယ်။
လုပ်ငန်း အစီအစဉ်ထဲမှာ တခြားအရာတွေထက် ပိုပြီး စိုက်ပျိုးရေးကို အလေးပေးမယ်ဆိုရင် ဘာဖြစ်လာမှာလဲ။ တကယ်လို့ စိုက်ပျိုးရေး ကဏ္ဍကို မှန်ကန်စွာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယားနဲ့ တရုတ် စတဲ့ နိုင်ငံ ၄ ခုမှာ အောင်မြင်ခဲ့သလိုမျိုး လုပ်နိုင်ပါပြီ။ အမှန်တကယ် ဆင်းရဲတဲ့ အခြေအနေကနေ မျိုးဆက် ၂ ခုအတွင်းမှာ ဖွံ့ဖြိုး တဲ့ နိုင်ငံတခု အဆင့်အတန်းကို ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့ နည်းလမ်းကတော့ မှန်ကန် ရပါမယ်။
မေး။ ။ မှန်ကန်စွာ ဆောင်ရွက်တယ်ဆိုတဲ့ နေရာမှာ အစိုးရက အသေးစား စိုက်ပျိုးရေးသမားတွေကို ချေးငွေထောက်ပံ့ တာ၊ ထုတ်လုပ်မှုမြင့်တက်လာအောင် လုပ်ငန်းတိုးချဲ့ဖို့ အစီအစဉ်တွေ ချမှတ်ပေးတာနဲ့ စျေးကွက်ကို ရောက်ရှိဖို့ အခြေခံ အဆောက်အဦးတွေ ဖွံ့ဖြိုးအောင်ပြုလုပ်ပေးတာတွေကို အဓိကထားပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ ကျေး ဇူး ပြုပြီး အသေးစိတ် ရှင်းပြပေးပါ။
ဖြေ။ ။ လိုချင်တာက ထုတ်ကုန်ကို အမြင့်ဆုံးဖြစ်ဖို့ပါ။ ခင်ဗျားက ဥယျာဉ်စိုက်ပျိုးတာနဲ့ ပိုပြီး တူတဲ့ စိုက်ပျိုးရေးကဏ္ဍကို လိုချင်တယ်။ မြန်မာနိုင်ငံမှာလို လုပ်အားခ သက်သာတဲ့ လုပ်သား အမြောက်အမြား တဲ့အခါ အဲဒီ စိုက်ပျိုးရေးကဏ္ဍဟာ သုံးစွဲတဲ့ အလုပ်သမား အင်အား အပေါ်မှာ မူတည်ပြီး ထုတ်လုပ်မှု ရှိလာမယ်။ တကယ်လို့ ခင်ဗျားမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့ ဥယျာဉ် တခုရှိမယ်၊ တကယ်လို့ အပင်တွေကို ခင်ဗျားကိုယ်တိုင် ရေလောင်းမယ်၊ ကိုယ်တိုင် မြေ သြဇာကျွေးမယ်၊ တည့်တည့်မတ်မတ်ဖွံ့ဖြိုးလာဖို့ စင်ထောင်ပေးမယ်ဆိုရင် အထွက်နှုန်းက သာမန် အသေးစား စိုက် ပျိုးခြင်းထက် စတုရန်း တမီတာချင်းမှာကို အများကြီး ပိုလာပါလိမ့်မယ်။
အခြေခံကျတဲ့ အချက်က လုပ်သားအင်အား ပိုလျှံနေတာတွေ၊ အလုပ်လက်မဲ့တွေ အများကြီး ရှိမယ်ဆိုရင် ဒီလို ဥယျာဉ်ပုံစံ စိုက်ပျိုးနည်းက ထုတ်လုပ်မှုကို မြင့်တက်စေပါလိမ့်မယ်။ ဒါပေမယ့် အားလုံးကို မှန်မှန်ကန်ကန်နဲ့ အံဝင်ခွင်ကျ ဖြစ်အောင်မလုပ်ဘူးဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
မေး။ ။ ထုတ်လုပ်မှုမြင့်မားလာဖို့အတွက် အသေးစား စိုက်ပျိုးရေးလုပ်ငန်းတွေကို အထောက်အပံ့ ကြီးမားစွာပေးတဲ့ အချိန်မှာ ပိုပြီးကျယ်ပြန့်တဲ့ စီးပွားရေး သက်ရောက်မှုတွေက ဘာတွေလဲ။
ဖြေ။ ။ ဘာဖြစ်လာမလဲဆိုတော့ လူတိုင်းမှာ ငွေကြေး အနည်းအကျဉ်း ပိုလျှံလာကြမယ်။ အဲဒီအခါကျရင် လူသုံးကုန် ပစ္စည်းတွေ၊ စက်မှုထွက်ကုန်တွေ ၀ယ်လိုအား တက်လာမယ်။ တကယ်လို့ တရုတ်နိုင်ငံ ကျေးလက်ကိုသွားမယ်ဆိုရင် လယ်သမားတွေ ပိုက်ဆံစပြီး ရတဲ့အခါမှာ သူတို့ ပထမဆုံး ရင်းနှီးမြှုပ်နှံတာက သူတို့ရဲ့ နေအိမ်လိုမျိုး ပိုင်ဆိုင်မှုတွေမှာ ဖြစ်ပါတယ်။ သူတို့ ဘိလပ်မြေ၊ သံမဏိနဲ့ မှန်လိုမျိုး ဆောက်လုပ်ရေး ပစ္စည်းတွေ လိုလာတယ်။ အခြေခံ လူသုံးကုန်ပစ္စည်း တွေ၊ TV၊ ရေဒီယိုနဲ့ စက်ဘီးလိုမျိုး အိမ်သုံးပစ္စည်းတွေနဲ့ ဒေသတွင်းမှာ အပြိုင်အဆိုင် ထုတ်လုပ်နိုင်တဲ့ သာမန် ကုန်ပစ္စည်း လေးတွေ ၀ယ်လိုအား ရှိလာတယ်။
ဒါကြောင့် စက်မှုလုပ်ငန်းတွေ ဖြစ်လာဖို့ ကနဦးအဆင့်မှာ ၀ယ်လိုအားတွေ အများကြီး ရှိလာလိမ့်မယ်။ တကယ်လို့ အိမ်တွင်း တပိုင်တနိုင် စိုက်ပျိုးရေး အောင်မြင်လာခဲ့မယ်ဆိုရင် စက်မှုလုပ်ငန်းတွေ ပိုဖြစ်လာမယ်။ စွန့်ဦးတည်ထွင်မှုတွေ ပို ဖြစ်လာမယ်။
မေး။ ။ ဗီယက်နမ်ကလွဲရင် အရှေ့တောင်အာရှ စီးပွားရေးတွေမှာ စိုက်ပျိုးရေးကို လျှော့တွက်ခဲ့ကြတဲ့အတွက် အောင်မြင်မှုနည်းခဲ့တယ်လို့ ရှင်က ပြောခဲ့တယ်။ အသေးစား စိုက်ပျိုးရေးကို အစဉ်အလာအရ ဦးစားမပေးခဲ့တဲ့ အဲဒီနိုင်ငံတွေအတွက် ဘာအဓိပ္ပါယ်လဲ။
ဖြေ။ ။ ကျနော် ၂ ချက်ပြောရပါလိမ့်မယ်။ တစ် အချက်ကတော့ ပြည်သူတွေက စိုက်ပျိုးရေးကဏ္ဍကို လျှော့တွက်ခဲ့ မယ်ဆိုရင်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီဒေသက အစိုးရတွေက စိုက်ပျိုးရေးကို တန်ဘိုးမထားခဲ့ကြလို့ပါပဲ။ ဒါက အာရှ အရှေ့မြောက်ပိုင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အရှေ့တောင်အာရှက အောင်မြင်မှု နည်းခဲ့ရတဲ့ အဓိက အကြောင်းရင်းတွေထဲက တခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာပေါ်က အအောင်မြင်ဆုံး နိုင်ငံတွေကို ကြည့်ပြီး နမူနာယူဖို့လိုပါတယ်။ အိမ်နီးချင်းတွေဆီက မဟုတ်ပါဘူး။
မေး။ ။ အစိုးရသစ် အနေနဲ့ ကွဲပြားခြားနားတဲ့ မူဝါဒတွေကြားမှာ ရွေးချယ်မှု လုပ်ရဖို့ ရှိပါတယ်။ အသေးစားစိုက်ပျိုးရေး လုပ်ငန်းတွေကို မြှင့်တင်ပေးတာကလည်း ရွေးချယ်စရာ တခုပါပဲ။ အကြီးစား စီးပွားဖြစ် စိုက်ပျိုးရေးကလည်း တခြားရွေးချယ်စရာတခုလို့ တချို့က ပြောကောင်းပြောကြနိုင်သလား။
ဖြေ။ ။ ကန်ထရိုက်စနစ်နဲ့ စိုက်ပျိုးတာက ခုချိန်မှာ ကောင်းတဲ့ စိတ်ကူးတခု မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဆင့် တွေရှိပါတယ်။ ခြေလှမ်းစိပ်စိပ်နဲ့ သင်ယူလေ့လာရင်း သွားရတဲ့ လုပ်ငန်းစဉ်ပါ။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် အခု အဆင့်မှာ ကျနော်မြင်နိုင်တဲ့ သက်သေအထောက်အထား အားလုံးအရတော့ ထုတ်လုပ်မှုများတဲ့ အသေးစား စိုက်ပျိုးရေး စနစ်က စီးပွားရေး တိုးတက်ဖို့၊ ဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်ဖို့၊ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့ အကောင်းဆုံး အရာပါပဲ။
အကြီးစား စိုက်ခင်းတခုမှာ အလုပ်လုပ်တဲ့သူတွေရှိမယ်။ သူတို့ အလုပ်ရှိမယ်။ ဒါပေမယ့် သူတို့ ၀ယ်နိုင်တာက အစား အစာပဲ။ ဒီစိုက်ခင်းကို ပိုင်ဆိုင်တဲ့ သူကတော့ နိုင်ငံခြားက တင်သွင်းတဲ့ ကားတစီးနဲ့ TV ကြီးကြီး လိုချင်တယ်။ သူ့ကလေး တွေကို နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပို့ပေးချင်တယ်။ အဲဒါတွေ ဘယ်ဟာကမှ ပြည်တွင်းစီးပွားရေးထဲကို ၀င်လာမှာ မဟုတ်ဘူး။ ဒါကြောင့် စိုက်ပျိုးရေးထက်ကို ကျော်ပြီး စဉ်းစားရမှာတွေ ရှိလာတယ်။ ဒါကြောင့် စိုက်ပျိုးရေးကို အစီအစဉ် ထဲမှာ ထည့်သွင်းပြီးတော့မှ ကျန်တာတွေကို နောက်မှာထားဖို့ ကျနော်ပြောခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ ဒါပေမယ့် ခုချိန်မှာက အကြီးစား စိုက်ပျိုးရေးကို မြှင့်တင်အားပေးနေတယ်။ တချို့ဆိုရင် စတောင် စနေပြီ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ကျနော်နားလည်တာကတော့ အဲဒါတွေက အရင်အစိုးရရဲ့ နောက်ပိုင်းကာလတွေနဲ့ အခုအစိုးရ ရဲ့ အစောပိုင်းကာလတွေမှာ ဒါကို ကောင်းမွန်တဲ့ မူဝါဒ တခုလို့ လူတွေက ထင်ခဲ့ကြတယ်။ မြန်မာလို နိုင်ငံတခုက အစိုးရ အတွက် ပြဿနာတခုက နိုင်ငံခြားငွေ လိုအပ်ချက်ပဲ။ နိုင်ငံခြားက တင်သွင်းမှုတွေအတွက် ပေးချေဖို့အတွက် တိုင်းပြည်က ငွေကြေး ဆိုးဆိုးဝါးဝါး လိုအပ်နေတယ်။ ဒီလို စိုက်ပျိုးရေး စီးပွားရေးလုပ်ငန်းတွေ ရောက်လာပြီး ငွေမာတွေ ရင်းနှီးမြှုပ်နှံ မယ်လို့ ကတိပေးမယ်ဆိုရင် အစိုးရအတွက်တော့ ဒေါ်လာ သန်းပေါင်း ရာနဲ့ချီပြီး ရှိမယ့် အခွင့်အရေးတခုလို ဖြစ်နေပါ တယ်။ ဒါပေမယ့် တကယ်တော့ ထုတ်လုပ်မှု မမြင့်မားတဲ့ စိုက်ပျိုးရေး ပုံစံတခုကို ဖန်တီးနေတာပဲ။ ကုမ္ပဏီအတွက်တော့ အကျိုး အမြတ်များတယ်။ ဒါပေမယ့် အဲဒါက စံချိန်မီ မဟုတ်တဲ့ ပုံစံတခုပါ။ ခင်ဗျားတို့လိုချင်တာက အများဆုံး ထုတ်လုပ်မှု ဖြစ်ပါတယ်။
အာရှက အောင်မြင်တဲ့ နိုင်ငံတိုင်း အစပိုင်းမှာ အသေးစားစိုက်ပျိုးရေး မရှိဘူး။ အကြီးစား စိုက်ခင်းတွေ မရှိဘူး။ နောက် ပိုင်းကျမှ စိုက်ခင်းတွေကို ပေါင်းစပ်လိုက်တဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်။ ဒါပေမယ့် အဲဒါကို ကိုယ်တိုင်လုပ်ရမယ်။
မေး။ ။ အသေးစားလုပ်ငန်းတွေကို ဦးစားပေးမယ့် မူဝါဒ အပေါ် သံသယထားတာတွေ ဒါမှမဟုတ် သဘောမကျတာ တွေရော ရှိနိုင်သလား။
ဖြေ။ ။ အာဏာကို ချုပ်ကိုင်ထားသူတွေက မြို့ပြမှာနေကြတာပါ။ တခါတလေမှာ မြို့ပြကို မျက်နှာသာပေးတာတွေ ခင်ဗျားတို့ တွေ့နိုင်ပါတယ်။ မြို့ပြဘက်ကို လိုက်ခြင်းက ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဆိုးရွားတဲ့ မူဝါဒတွေ ဖြစ်ပေါ်စေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူအများစုက စိုက်ပျိုးရေးနဲ့ အသက်မွေးကြလို့ပါ။ တိုးတက်ဖို့ အတွက် ပြည်သူတွေကို စုစည်းဖို့ လိုပါတယ်။
နောက်ပြီးတော့ မြေအမြောက်အမြားကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့သူတွေရဲ့ ဆန့်ကျင်မှုလည်း ရှိပါတယ်။ သူတို့က စိုက်ပျိုးရေးကို မြေပိုင်ရှင်စနစ်နဲ့ လုပ်တယ်။ ထောင်နဲ့ ချီတဲ့ လူတွေက ပင်ပင်ပန်းပန်း လုပ်နေကြတဲ့ အချိန်မှာ ၁ ယောက် ၂ ယောက်လောက်က အိမ်အကြီးကြီးတွေမှာ အစေခံတွေ အများကြီးနဲ့ နေကြတယ်။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ ဒီလို လူမျိုးတွေ အများကြီး ရှိပါတယ်။ အဲဒါက ပုံမှန်ပါပဲ။
ဒါကြောင့် မလွှဲမရှောင်သာပြုလုပ်ရမယ့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်။ အကျိုးအမြတ်များတဲ့ တချို့နဲ့ ရင်ဆိုင်ရမှာတွေ ရှိတယ်။ ဒါပေမယ့် တချိန်ထဲမှာ တကယ်လို့ အမျိုးသား အကျိုးစီးပွားကို သေချာစေတဲ့ နည်းဗျူဟာတခု ကို အကောင်အထည်ဖော်နိုင်ရင် ဆုံးရှုံးနိုင်ဖွယ်ရာရှိတဲ့ တချို့ လူတွေလည်း နောက်ပိုင်းမှာ ဒီ နည်းအတိုင်း လိုက်ပါလာပါ လိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါက အမျိုးသား အကျိုးစီးပွားဆိုတာ သူတို့ သိလာနိုင်လို့ပါ။
နောက်ဆုံးမှာတော့ ဒါက အစိုးရက သူ့ရဲ့ ဦးစာပေးမှုတွေကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်။ ကျနော် ပြောရမှာကတော့ မြန်မာနိုင်ငံအတွက် ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ ကျနော်ဆိုလိုချင်တာက စီးပွားရေး တိုး တက်မှုက လူသားအဖွဲ့အစည်းနဲ့ ဆိုင်ပါတယ်။ ပြည်သူတွေကို အစိုးရတွေက ဦးဆောင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးရေး ရဲ့ အစောပိုင်း အဆင့်တခုမှာပေါ့။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အောင်မြင်မှု သို့မဟုတ် ကျဆုံးမှု ဆိုတာက အစိုးရက ကျေးလက် ဖွံ့ဖြိုးရေးရဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုကိုင်တွယ်သလဲဆိုတဲ့ အပေါ်မှာ အခြေခံပါလိမ့်မယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Sandy Barron ၏ How to Grow Burma’s Economy ကို ဘာသာပြန်ဆိုသည်။ ယခုဖော်ပြထားသည်မှာ တွေ့ဆုံမေးမြန်းမှုကို အကျဉ်းချုပ် တည်းဖြတ်တင်ပြထားခြင်း ဖြစ်သည်။ နေပြည်တော်တွင် ကျင်းပခဲ့သည့် “Smallholder Agriculture: The Foundation of Economic Development,” အမည်ရှိ ကွန် ဖရင့်သို့ မြန်မာနှင့် နိုင်ငံတကာမှ ပညာရှင်များတက်ရောက်ခဲ့ကြပြီး Renaissance Institute ၊ Landesa နှင့် USAID တို့က စီစဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။)