အထပ်လျှော့ချရန် ညွှန်ကြားခြင်းခံထားရသည့် အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ခံဝန်ကတိဖြင့် သြဂုတ်လ ၂၁ ရက်မှ စတင်ပြီး ပြန်လည် ခွင့်ပြုလိုက်ကြောင်း သိရသည်။
ယခုကဲ့သို့ အထပ်မြင့်အဆောက်အအုံများ ပြန်လည် ဆောက်လုပ်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင် အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဦးရဲမင်းဦးက “ကျနော်တို့က သူတို့ပြန်ခွင့်ပြုတဲ့ အစည်းအဝေးလည်း မတက်ရဘူး။ သူတို့ပြန်ပြောတာ ကြားရသလောက်က ခံဝန်ချက်ထိုးရတယ်။ မူလအမြင့်ကို ဆောက် လုပ်ခွင့် ပြန်ပေးလိုက်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း သေချာတော့ မသိဘူး”ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီကို ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များဖြင့် ပြီးခဲ့သည့် ဇွန်လက ဖွဲ့စည်းခဲ့ပြီး အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့ခြင်း ဖြစ်သည်။
ဦးရဲမင်းဦးက“ကျနော်တို့ကို နောက်ပိုင်းအလုံးတွေ ဆက်စစ်ပါဆိုလို့ ဆက်တော့စစ်နေတယ်။ ပြီးတဲ့ဟာကို အစိုးရအဖွဲ့ကို တင်ပြရမှာပဲ။ ဆုံးဖြတ်ချက်က အစိုးရပေါ့။ ကျန်စစ်ပြီးတဲ့ ၁၈၅ လုံးမှာ မြေတူးလုပ်ငန်း ဖောင်ဒေးရှင်း လုပ်ငန်းတွေ ဆောင် ရွက် နေပြီ။ အကုန်လုံးနီးပါး ပြတ်နေပြီ။ ဆက်စစ်ပေးဖို့က ဘာမှမလုပ်ရသေးတဲ့ မြေပြင်အဆင့်ပဲရှိတဲ့ အလုံး ၁၃၀ ကျော် လောက် ရှိတယ်”ဟု ဆက်ပြောသည်။
ရန်ကုန်မြို့တော်စည်ပင် အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီက အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှုများကို စိစစ်ရာတွင် အထက်ဖော်ပြပါ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ဒီဇိုင်းများ ပြင်ဆင်ပြီး အထပ်များ လျှော့ချရန် ပြီးခဲ့သည့် ဇူလိုင်လက ညွှန်ကြားခဲ့ရာမှ ဆောက်လုပ်ရေး ကြား ကန့်ကွက်မှုများစွာ ထွက်ပေါ် လာခဲ့သည်။
ထိုသို့ညွှန်ကြားချက် ထွက်ပေါ်ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများက တိုင်းဒေသကြီးအစိုးရ အနေနှင့် အထက်ပါ မူဝါဒအား ပြန်လည်ပြင်ဆင်ပေးပါရန် ဇူလိုင်လ ၂၂ ရက်တွင် နိုဗိုတယ်ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့သည်။
ထို့နောက် ဒီဇိုင်းများပြင်ဆင်၍ အထပ်များလျှော့ချ ဆောက်လုပ်ရန် ညွှန်ကြားခံထားရသည့် လုပ်ငန်းရှင်များက ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ ၎င်းတို့၏ အဆောက်အအုံ လုပ်ငန်း စီမံကိန်းများ ဆိုင်ရာနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ တိုင်းအစိုးရက ပြန်လည်ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်းအစိုးရက ယခုကဲ့သို့ ခွင်ပြုမှုနှင့် ပတ်သက်ပြီး MKT ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်က“ ၁၂ လုံး ခွင့်ပြုလိုက်တယ်။ မနေ့ကတည်းက စာထွက်ပြီးသားပါ။ ကျနော်တို့ကို ၀န်ကြီးချုပ်က ခေါ်ပြောတယ်။ အထပ် မလျှော့ဘဲ ခွင့်ပြုတယ်။ ခံဝန်နဲ့ ခွင့်ပြုတယ်။ မူအရ အောင်မြင်ထားပြီးသော ၁၈၅ လုံးက ၄၅ လုံးကိုလည်း ခွင့်ပြုလိုက်ပြီ။ အဲဒါက စာထွက်ပြီး ခွင့်ပြုတာတော့ မဟုတ်ဘူး”ဟု ဧရာဝတီကို ပြောပြသည်။