ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ( DICA ) သို့ လျှောက်ထားလာသည့် ရင်နှီးမြှပ်နှံမှုလုပ်ငန်းများမှ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်မှုလုပ်ငန်း ၉ ခု ကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) က သြဂုတ်လ ၁၉ ရက်တွင် ထပ်မံခွင့်ပြုလိုက်ကြောင်း သိရသည်။
ခွင့်ပြုလိုက်သည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၉ ခုတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၄ ခုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၅ ပါ၀င်ကြောင်း သြဂုတ် ၂၂ ရက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်း ၄ ခုတွင် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ နှင့် ဆက်သွယ်ရေး ကဏ္ဍတို့ ပါ၀င်ပြီး၊ ရင်းနှီးမြုပ်နှံမှု ပမာဏ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၀၇၇ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၆၅၈ ခုကို ဖန်တီးပေးထားကြောင်း ၎င်းက ဆိုသည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ရရှိထားသည့် နိုင်ငံများမှာ တရုတ်၊ ဟောင်ကောင်၊ ထိုင်းနှင့် စင်္ကာပူ နိုင်ငံတို့ဖြစ်ပြီး၊ တရုတ်နှင့် ဟောင်ကောင်က ကုန်ထုတ်လုပ်ရေးကဏ္ဍ၊ ထိုင်းနိုင်က ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းနှင့် စင်္ကာပူနိုင်ငံတို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅ ခုတွင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ လျှပ်စစ်စွမ်းအားကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍနှင့် အခြား ၀န်ဆောင်မှုကဏ္ဍတို့ ပါ၀င်ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၀၂ သန်းနှင့် ကျပ်သန်းပေါင်း ၃၂,၇၁၉ ဒသမ ၆၆ တို့ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၈၆၃ ခု ဖန်တီးပေးထားကြောင်း ဦးသန်းအောင်ကျော်က ပြောသည်။
ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာပြီးနောက် ပြည်တွင်းမှ အလုပ်အကိုင် ရရှိမှုနှင့် ပတ်သက်၍ “ဥပဒေအရ ကျွမ်းကျင်မှုမလိုတဲ့လုပ်ငန်းမှာ နိုင်ငံသားတွေကို ခန့်ရမယ်။ ကျွမ်းကျင်မှုလိုတဲ့လုပ်ငန်းဆိုရင် လုပ်ငန်းစတင်တဲ့ ပထမ ၂ နှစ်မှာ နိုင်ငံခြားသားက ရ၅ ရာခိုင်နှုန်းခန့်ရမယ်။ နောက် ၂နှစ်ကြာရင် ၅၀ ရာခိုင်နှုန်း ပဲရမယ်”ဟု ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးသန်းအောင်ကျော်က ဆက်ပြောသည်။
“ခွင့်ပြုပြီးခဲ့တဲ့ ၄ ကြိမ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ လုပ်ငန်း ၁၇ ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်း ၁၄ ခု ခွင့်ပြုပေးခဲ့တယ်။ အများစုက ကုန်ထုတ်လုပ်ငန်းတွေပါ။ လယ်ယာကဏ္ဍမှာတော့ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိတယ်” ဟု ဦးသန်းအောင်ကျော်က ဆိုသည်။
လက်ရှိအချိန်၌ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍ တို့ကိုချိတ်ဆက်ပြီး လုပ်ကိုင်သွားရန် ရှိနေကြောင်းနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှှံမှု၌ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ ထိုင်းနှင့် စင်္ကာပူနိုင်ငံတို့မှ နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံ လာရောက်တည်ဆောက်ရန် အဆိုပြုထားကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပလုပ်ငန်းများ ခွင့်ပြုပေးရာတွင် စီးပွားရေးတွက်ခြေကိုက်မှု၊ အလုုပ်အကိုင်သစ် ဖန်တီးနိုင်မှု၊ အခွန် တိုးတက်ရရှိနိုင်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံပြီး စိစစ်ခွင့်ပြုခြင်းဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ( DICA ) မှ သိရှိရသည်။