စီးပွားရေး

ဆွီဒင်အထည်ချုပ် မြန်​မာနိုင်​ငံတွင်​ ၁၄ နှစ်​အရွယ်​ က​လေးများကို လုပ်​အားခ​လျှော့​ပေးဟု စွပ်​စွဲခံရ

Want create site? Find Free WordPress Themes and plugins.

ဆွီဒင်နိုင်ငံတွင် ထုတ်ဝေသော စာအုပ်သစ်တအုပ်၏ အဆိုအရ ကမ္ဘာတွင်အကြီးဆုံး လက်လီရောင်း ၀ယ်ရေး လုပ်ငန်းများအနက်တခုသည် ၁၄ နှစ်အောက် အလုပ်သမားများအား အလုပ်ခိုင်းကြောင်း သိရသည်။

ကမ္ဘာအနှံ့ ဖြန့်ကျက်ထားပြီး ဆွီဒင်နိုင်ငံ အခြေစိုက်သော H&M ကုမ္မဏီသည် အသက် ၁၄ ခန့်အထိ ငယ်ရွယ်သောကလေးများကို တနေ့ အလုပ်ချိန် ၁၂ နာရီကျော်အထိခိုင်းသော မြန်မာစက်ရုံနှစ်ရုံနှင့် လုပ်ငန်းကန်ထရိုက်ချုပ်ဆိုထားသည်ဟု (“fashion slaves” in English) ဖက်ရှင်ကျေးကျွန် Modeslavar စာအုပ်အရ သိရသည်။ ထို့အပြင်အဆိုပါ ကလေးများသည် တနေ့ ၃ ဒေါ်လာအောက်သာရ ကြပြီး ယင်းနှုန်းထားမှာ ကမ္ဘာ့အနိမ့်ဆုံးလုပ်အားခ ဖြစ်သည်ဟု ဗြိတိသျှ သတင်းစာ The Guardian က ဖော်ပြသည်။

“သင့်အကျင်္ီ ဘယ်လိုကြောင့် ဈေးသိပ်ချိုရတာလဲ” ဟု ထိုစာအုပ်က မေးခွန်းထုတ်သည်။ ဖက်ရှင်ကို ဒီမိုကရေစီပုံသွင်းခြင်း ၊ လူတိုင်း ဖက်ရှင်ကျကျ ၀တ်နိုင်ရန် စျေးချိုသော အဝတ်အစားလုပ်ငန်းက ဘယ်လို ပြုလုပ်ပေးမည်နည်း နှင့်ပတ်သက်၍ အနောက်ကမ္ဘာက မကြာခဏပြောကြသည်။

တချိန်တည်းမှာပင် ကျွန်လိုခိုင်းနေသော စက်ရုံများ၊ ကလေးလုပ်အားများသည် နေ့စဉ်ဘဝ၏ အစိတ်အပိုင်းဖြစ်နေသော အထည်ချုပ်လုပ်ငန်းလောက၏ နောက်ကွယ်မှ ညစ်ထေးသော ဖြစ်ရပ်များမှာမူ သတင်းများတွင် အကြိမ်ကြိမ် ဖော်ပြခံလာကြရသည်။

အသက် ၁၄ နှစ်အရွယ်တွင် အလုပ်စတင်လုပ်ကိုင်သော ဇူးဇူးက ထိုစာအုပ်ကို ရေးသားသူများဖြစ်သော Moa Kärnstrand နှင့် Tobias Andersson Akerblom တို့အား သူ၏စက်ရုံသည် အလုပ်လိုသူ မည်သူကိုမဆို အလုပ်ပေးကြောင်း ပြောသည်။ စာရေးသူများက ရန်ကုန်မြို့တော်အနီးရှိ Myanmar Century Liaoyuan Knitted Wear နှင့် Myanmar Wedge Garment စက်ရုံ ၂ ရုံတွင် ည ၁၀ နာရီအထိ အလုပ်လုပ်ရသော ၁၅ နှစ်အရွယ် မိန်းကလေးတစုနှင့် စကားပြောခဲ့သည်ဟု ဆိုသည်။

အလုပ်သည် ကျန်းမာရေး၊ လုံခြုံရေးနှင့် ပညာရေးကို မထိခိုက်လျှင် အသက် ၁၃ နှစ်မှ ၁၅ နှစ်အထိကလေးများကို ပေါ့ပါးသော အလုပ်လုပ်ခွင့်ပြုသည်ဆိုသော်လည်း ထိုကဲ့သို့ အချိန်ရှည်ကြာစွာ အလုပ်လုပ်ရခြင်းက မြန်မာနိုင်ငံ၏ ဥပဒေကို သာမက ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) ၏ ဥပဒေကိုလည်း ချိုးဖောက်ခြင်းဖြစ်သည်။ စီးပွားရေးနှင့် ပညာရေးအထောက်အကူ လုံလောက်စွာ မဖွံ့ဖြိုးသောနိုင်ငံများတွင် အနိမ့်ဆုံး အလုပ်လုပ်ရန်အသက်အရွယ်ကို ၁၄ နှစ်ဟု ILO က သတ်မှတ်ထားသည်။

ဆွီဒင်သတင်းစာမျက်နှာ Geo မှ ဆောင်းပါးတပုဒ်၏ အဆိုအရ ငယ်ရွယ်သောကလေးများသည် တနေ့ ၄ နာရီသာ အလုပ်လုပ်ခွင့်ရသောကြောင့် ထိုမိန်းကလေးငယ်များသည် မှတ်ပုံတင်လက်မှတ်တု များဖြင့် အလုပ်ရကြောင်း ဆိုသည်။ သို့သော်လည်း အရွယ်ရောက်ပြီးသူများပင် တနေ့ ၈ နာရီသာ အလုပ်လုပ်ရမည်ဟု နားလည်ထားကြသည်။

“အဲဒီတပတ်က ညတိုင်း ၁၀ နာရီအထိအလုပ်လုပ်ခိုင်းလို့ နွေရာသီတုန်းက ကျမတို့ ဆန္ဒပြဖို့ ကြိုးစားခဲ့တယ်” ဟု H&M နှင့်စာချုပ်ထားသည့် စက်ရုံတခုတွင် အလုပ်လုပ်သည့် အသက် ၁၇ နှစ်အရွယ် မမော်မော်က ထိုစာအုပ်၏ စာရေးဆရာများကို ပြောသည်။ ထိုစက်ရုံသည် စစ်ဆေးသူများက အလုပ်သမားများ၏ အသက်နှင့် ၎င်းတ်ို့မည်မျှကြာကြာ အလုပ်လုပ်ရသည်ကို မေးတတ်သောကြောင့် ၎င်းတို့စစ်ဆေးခံရမည်ကို ကြိုသိသောအခါ ၁၈ နှစ်အောက်အလုပ်သမားများအား နှစ်ရက်အလုပ်မဆင်းရန် အမိန့်ထုတ်သည်ဟု ထိုမိန်းကလေးများကပြောသည်။

အသက် ၁၇ နှစ်အရွယ် မြတ် ဟုခေါ်သော မိန်းကလေးတဦးက သူသည် ၁၁ နှစ်သမီးမှစ၍ အလုပ်လုပ်ခဲ့ကြောင်း စာရေးဆရာများကို ပြောခဲ့သည်။ သူ၏ စက်ရုံရှိ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွင် အသက် ၁၅ နှစ်အောက် မိန်းကလေး အနည်ဆုံး ၄ ဦးရှိကြောင်း ပြောသည်။ H&M သည် မြန်မာနိုင်ငံရှိ ထိုစက်ရုံများနှင့် အလုပ်လုပ်သော လက်လီအရောင်းကုမ္ပဏီများအနက် တခုမျှသာဖြစ်သည်။ ထိုစာအုပ်တွင် ဗြိတိန် အမှတ်တံဆိပ်များဖြစ်သော Marks & Spencer, Tesco၊ Primark နှင့် Gap လည်း ပါဝင်သည်။

H&M ကမူ ၎င်းတို့သည် စည်းမျဉ်းအတိုင်း လုပ်ဆောင်ရန် ကြိုးစားကြောင်း ပြောသည်။ ထိုကုုမ္ပဏီ၏ ဗြိတိသျှ သတင်းစာ The Guardian သို့ ထုတ်ပြန်ပေးသော ကြေညာချက်အရ ” ၁၄ နှစ်က ၁၈ နှစ်အတွင်း အလုပ်လုပ်တဲ့အခါ နိုင်ငံတကာဥပဒေအရ ကလေးလုပ်သား မဟုတ်ဘူး” ပြောကြောင်း သိရသည်။ ILO သည် ထိုအသက်အရွယ်အုပ်စုကို မြန်မာနိုင်ငံတွင် အလုပ်မှ မဖယ်ထုတ်ရန် အလေးအနက်ထားသည် ဟုဆိုသည်။ H&M သည် မြန်မာနိုင်ငံတွင် မည်သည့် ကလေးလုပ်သားပုံစံမျှကိုလည်း လက်မခံဟုလည်း ဆိုသည်။

၂၀၁၃ခုနှစ် ကတည်းက အသက် ၁၄ နှစ်မှ ၁၇ နှစ်အထိ မိန်းကလေးများ ကြာမြင့်စွာ အလုပ်လုပ်ရသည်ကို သတိပေးခံရပြီးနောက် စက်ရုံနှစ်ခုလုံးကို မှတ်ပုံတင်ကဒ်များ အချိန်ပိုကိစ္စနှင့်ပတ်သက်၍ အရေးယူခဲ့ကြောင်း H&M က ဆိုသည်။ ပစ္စည်းပေးသွင်းသူများ၏ စက်ရုံများတွင် ဆယ်ကျော်သက်များ အချိန်ကြာမြင့်စွာ အလုပ်လုပ်ရခြင်းမှာ လက်ခံနိုင်ဖွယ် မရှိဟုလည်း H&M ကုမ္ပဏီကပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading