ပြည်တွင်းဒေါ်လာစျေးကွက်အတွင်း ဒေါ်လာစျေးများ ထိုးတက်နေပြီး ပြည်တွင်းအခေါက်ရွှေစျေးနှုန်းမှာလည်း အမြင့်ဆုံးစျေးသို့ ရောက်ရှိနေကြောင်း ဒေါ်လာ၊ ရွှေ စျေးကွက်အတွင်း လုပ်ကိုင်နေသူများမှ သိရသည်။
သြဂုတ် ၂၅ ရက်နေ့ ဒေါ်လာစျေးကွက်အတွင်း စျေးစဖွင့်ချိန်တွင် ဖြစ်ပေါ်နေသည့် စျေးနှုန်းမှာ တဒေါ်လာလျှင် ကျပ် ၁၂၁၀ ၀န်းကျင် အထက် အောက် ဖြင့်သာ စျေးကစားနေပြီး ၊ ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၂၀၃ ကျပ် ဖြစ်သည်။
ဩဂုတ် ၂၄ ရက်နေ့ ဒေါ်လာစျေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော စျေးနှုန်းမှာ စျေးဖွင့်ချိန်တွင် တဒေါ်လာလျှင် ၁၂၃၁ ကျပ်ဖြင့် ဖြစ်ပေါ်ခဲ့ပြီး စျေးပိတ်ချိန်တွင် တဒေါ်လာလျှင် ၁၂၁၀ ကျပ်ဖြင့် ရပ်တံ့ခဲ့ရာ တရက်အတွင်း တဒေါ်လာလျှင် ၁၀ကျပ် ပြန်လည်ကျဆင်းခဲ့ပြီး ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ကျပ် ၁၂၀၃ ဖြစ်သည်။
ဒေါ်လာစျေးကွက်အတွင်း လုပ်ကိုင်နေသူတဦးက “ ဒေါ်လာစျေးတက်နေတာက စီးပွားရေးကောင်းနေလို့တော့ မဟုတ်ဘူး။ အဝေးစျေးလို့ခေါ်တဲ့ တရုတ်နယ်စပ်ကို ကြည့်ပြီး ကစားတာ။ တရုတ်နယ်စပ်စျေးကလည်း ဒေါ်လာစျေး မာတာကို ကြည့်ကစားနေတာ။ အဝေးစျေး မာလာပြီဆိုတာနဲ့ ကုန်သည်တွေနဲ့ ဒေါ်လာဝယ်ရောင်းလုပ်သူတွေက ဒေါ်လာကို ၀ယ်ကြ တော့တာပဲ”ဟု ပြောသည်။
“ကမ္ဘာ့စျေးကွက်မှာ ဒေါ်လာက မာနေတယ်။ အခုဒေါ်လာစျေးနှုန်းမြင့်လာတော့ ဒေါ်လာတွေက ထွက်လာတယ်။ ဒါပေမယ့် ၀ယ်မယ့်သူမရှိဘူး။ ဒီစျေးကွက်က တဦးက ၀ယ်ရင် သူဌေးတွေကအစ ထွက်ဝယ်တယ်။ ရောင်းရင်လည်း သူဌေးတွေက အစ ထွက်ရောင်းတယ်။ သြဂုတ် ၂၄ ရက်နေ့ကဆို လေနဲ့ အရောင်းအဝယ် လုပ်တာကို ဘာမှ သိပ်မသိတဲ့သူတွေက ၀ယ်ကြ ရောင်းကြနဲ့ ရှုံးတဲ့သူတွေရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
အစိုးရသစ် အကူးအပြောင်း စတင်ချိန်တွင် ဒေါ်လာစျေး ကျဆင်းသွားခြင်းရှိခဲ့ပြီး ယင်းမှာ ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ အများအပြား ၀င်ရောက်လာနိုင်သည့်ဟု မျှော်မှန်းချက်များကြောင့် ဒေါ်လာကိုင်ဆောင်ထားသူများက စျေးနှုန်းကို စျေးကွက်အတွင်း ဖြစ်ပေါ်နေသည့်စျေးနှုန်းထက် ချရောင်းခြင်း ဖြစ်ခဲ့ကြောင်း ငွေကြေးစျေးကွက် ကျွမ်းကျင်သူများက ဆိုသည်။
ဒေါ်လာစျေးကွက် အတက်အကျနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးလှမောင်က “ ဒေါ်လာဝင်တာလျှော့လို့ တက်တာ။ အခုက နယ်စပ်က အရောင်းအဝယ်မှာ ဒေါ်လာ သိပ်မဝင်တော့ဘူး။ ဒေါ်လာ သိပ်မဝင်ရင် ဒေါ်လာစျေးတက်တယ်။ မြန်မာ့စီးပွားရေးကလည်း ငွေကြေးဖောင်းပွမှုက ၁၃ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ ကုန်စျေးနှုန်းကလည်း တက်နေတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကလည်း တံ့နေတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းကလည်း မဖြစ်ဘူး ။ ရက် ၁၀၀ အတွင်းမှာ စီးပွားရေးကလည်း ကျလာတဲ့အတွက် ဒေါ်လာစျေးတက်လာတာကို တွေ့ရတယ်”ဟု ပြောသည်။
မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ချေးယူမည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး ပညာရေးဝန်ထမ်းများကိုလည်း လစာတိုးမြင့်မည့် သတင်းများထွက်ပေါ်ခဲ့သည့်အတွက် ဒေါ်လာစျေးကို တွန်းတင်သောအခြေအနေ ဖြစ်ခဲ့ကြောင်းလည်း ဆိုသည်။
“လစာတိုးမြင့်မယ်ဆိုတဲ့ သတင်းထွက်တိုင်း ကုန်စျေးနှုန်းက တက်တယ်။ လစာတိုးမြင့်တာ မဟုတ်ပါဘူး။ ပညာရေးဝန်ထမ်းတွေကို အသစ်ခန့်မှာ အတွက် လစာကို သန်း ၁၀၀ က ပေးရမယ်။ နောက် အဲဒီထဲမှာ ဗဟိုဘဏ်တိုးချဲ့ရေး လည်းပါတယ်။ ပေးမှာက ဒေါ်လာဖြစ်တော့ ဒေါ်လာကို ကျပ်ငွေပြောင်းပေးလို့ သုံးလိုက်ရင် ငွေဖောင်းပွမယ်။ အဲဒီသတင်းနဲ့ကို ဒေါ်လာစျေးတွေ ဒီလို ဖြစ်လာတာ။ နောက် ထင်ရှားတာက ရေဘေးဒဏ်ခံရမှုကလည်း တော်တေ်ာ ကြီးတဲ့အတွက် ပြန်လည်ထူထောင်ရေး အတွက် ငွေကလည်း သုံးရတော့ ပြည်တွင်းသုံးငွေထဲ ၀င်လာတော့ ငွေဖောင်းပွတဲ့ အတွက်လည်း ဒေါ်လာစျေးတက်တာ ပါတယ်”ဟု ဦးလှမောင်က သုံးသပ်ပြောဆိုသည်။
ရွှေစျေးကွက်အတွင်းတွင်လည်း သြဂုတ် ၂၅ ရက်နေ့ အဖွင့်စျေးသည် အခေါက်ရွှေတကျပ်သားလျှင် ၈၅၇၅၀၀ ကျပ်ရှိကြောင်း၊ သြဂုတ် ၂၄ ရက်နေ့ ရွှေစျေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေတကျပ်သားလျှင် ၈၇၄၅၀၀ ကျပ်မှ စျေးပိတ် ချိန်တွင် အခေါက်ရွှေတကျပ်သားလျှင် ၈၆၂၀၀၀ ကျပ်ဖြင့် ကျပ် ၁၅၀၀၀ နီးပါး စျေးပြန်လည် ကျဆင်းသွား ခဲ့သည်။
“ရွှေက ပြည်တွင်းမှာ ဒေါ်လာစျေးကွက် မြင့်တက်သွားလို့ ရွှေက လိုက်တက်နေတာ။ ကမ္ဘာစျေးက အပြောင်းအလဲ မရှိဘူး။ ရွှေစျေးကွက်က လူးနေတယ်။ ၀ယ်လိုအားနည်းတယ်။ ရောင်းလိုအားတွေက များနေတာ။ ဒါပေမယ့် စျေးက အမြင့်ဆုံးကို တက်နေတာ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။