မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ကြေညာခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်း ၁၂.၁၄ ရာခိုင်နှုန်းက ယခင်နှစ် ကမ႓ာ့ဘဏ်၏ ကြိုတင် ခန့်မှန်းချက်ထက် ကျော်လွန်နေခဲ့ပြီး အဆိုပါဖောင်းပွမှုက ဆက်လက်၍တိုးလာပြီး ပြည်တွင်း ၀ယ်လိုအား လျော့ကျသွားမည်ကို စီးပွားရေး အသိုင်းအဝိုင်းးက စိုးရိမ်နေကြသည်။
ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ပြီးခဲ့သည့် မတ်လက ကုန်ဆုံးခဲ့သော ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းကို ၁၀ ရာခိုင်နှုန်းဟု ဖော်ပြခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် ၁၁.၃ ရာခိုင်နှုန်း အထိ မြင့်တက်သွားလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ရေလွှမ်းမိုးမှုများနှင့် ကျပ်ငွေတန်ဘိုး ကျဆင်းခြင်းတို့ကြောင့် ဖြစ်လာနိုင်သည့် ဖိအားများကြောင့် ထိုသို့ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။
ယခု ဘဏ္ဍာရေး နှစ်၏ ပထမ ၃ လ အတွင်းတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးပမာဏက ယခင်နှစ် အလားတူ အချိန် နှင့် စာလျှင် ကျဆင်းသွားခဲ့သည်။ ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည့်နောက်ပိုင်း သိသိသာသာ မြင့်တက် လာ ခဲ့သော ကုန်သွယ်ရေးလိုငွေပြမှု အရွယ်အစား လည်းထိုနည်းတူပင် ဖြစ်သည်။ သို့သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျယ်ပြန့်လာသည့် အတွက် နိုင်ငံခြား ကုန်ပစ္စည်း ၀ယ်လိုအား မြင့်တက်နေခြင်းကြောင့် ကုန်သွယ်ရေး လိုငွေပြမှုက များပြားနေဆဲ ဖြစ်သည်။
“တကယ်လို့ အစိုးရက ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး မူဝါဒတွေ မချမှတ်နိုင်ဘူးဆိုရင် ငွေကြေးဖောင်းပွမှု ပိုမြင့်တဲ့ အဆင့်ကို ရောက်သွားနိုင်တယ်” ဟုု မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ နှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်ကို တည်ထောင်သူ ဦးသိန်းထွန်းက ပြောသည်။
ငွေကြေးဖောင်းပွမှုက ၁၂ ရာခိုင်နှုန်း ဖြစ်လာသည့် အခါ ဘဏ်အတိုးနှုန်း ၈ ရာခိုင်နှုန်းထက် ကျော်လွန်သွားသည့် အတွက် မြန်မာနို်င်ငံ၏ ကောင်းမွန်စပြုလာခါစ ဘဏ္ဍာရေး ကဏ္ဍတွင် မတည်ငြိမ်မှုများ ရှိလာမည်ကို စိုးရိမ်မှုများ ရှိလာသည်။
အမေရိကန် ဒေါ်လာစျေးနှုန်း မတည်ငြိမ်ခြင်းကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေသော အကြောင်းများထဲမှ တခုဖြစ် သည်ဟု ဦးသိန်းထွန်းကပြောသည်။ အစိုးရအနေဖြင့် အဖြေတခု ရှာဖွေသင့်သည်ဟု လည်း သူကဆိုသည်။
နိုဝင်လာလ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိခဲ့ခြင်း ကြောင့် ရင်းနှီး မြှုပ်နှံသူများ၏ ယုံကြည်မှုများ ပြန်လည်ရရှိလာလိမ့်မည်ဟု The Oxford Business Group က ပြီးခဲ့သည့် နှစ်ကုန်ပိုင်း တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းက အဆိုပါ ယုံကြည်မှုများကို ပြိုကွဲသွားစေ ပြီး အလားအလာများကို လျော့ပါးစေလိမ့်မည် ဖြစ်သည်။
စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ယခုကဲ့သို့ ငွေကြေးဖောင်းပွမှုနှုန်းက ဆယ်ဂဏန်း ကျော် ဖြစ်လာ သော ကြောင့် အခြေခံ လူသုံးကုန်ပစ္စည်းစျေးနှုန်းများ မြင့် တက်လာသည့် အတွက် လက်လုပ်လက်စား ပြည်သူများကို ထိခိုက် နစ်နာစေသည်ဟု ထောက်ပြသည်။ မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခြေခံလုပ်ခလစာမှာ တနေ့လျှင် ၃၆၀၀ ကျပ်သာရှိပြီး ကမ္ဘာပေါ်တွင် အနည်းဆုံး နိုင်ငံများထဲတွင် ပါ၀င်နေသည်။
“ငွေကြေးဖောင်းပွမှုနှုန်းကို ခုဂဏန်းတွေလောက်မှာပဲ ထိန်းထားသင့်တယ်လို့ အရင်အစိုးရ လက်ထက်ကထဲက ကျနော် အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။”ဟု ဒေါက်တာ အောင်ကိုကိုကပြောသည်။ တရားဝင် ဘဏ်အတိုးနှုန်း ၈ ရာခိုင်နှုန်းထက် နည်းသင့်သည်ဟု လည်းပြောသည်။
ကုန်ထုတ်လုပ်မှု ကျဆင်းသွားဖွယ်ရာ ရှိသည်ဟုလည်း သူက ဆိုသည်။ ငွေကြေးဖောင်းပွမှုနှုန်း ဆက်တိုက်တက်နေခြင်း ၏ ဘေးထွက်ဆိုုးကျိုးအနေဖြင့် စျေးနှုန်းများ မြင့်တက်လာခြင်းက ပြည်တွင်းမှ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု ၀ယ်လိုအား ကို ထိခိုက်စေမည် ဖြစ်သည်။ ဘဏ်များအနေဖြင့်လည်း လက်ရှိအချိန်တွင် သူတို့ပေးနိုင်သည့် ဘဏ်တိုးနှုန်းကြောင့် ရပ်တည် ရန်ခက်ခဲလိမ့်မည် ဟုလည်း ဒေါက်တာ အောင်ကိုကိုကပြောသည်။
Myanmar Payment Union ၏ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်ကလည်း ဒေါက်တာ အောင်ကိုကို ပြောသည်ကို ထောက်ခံခဲ့သည်။ အကယ်၍ ငွေကြေးဖောင်းပွနှုန်းက ဘဏ်တိုးနှုန်းထက် မြင့်မားလာလျှင် ပြည်သူများက အလွန် အန္တရယ်ကြီးသည့် တရားမဝင် စျေးကွက်တွင် ငွေကြေးစုဆောင်းကြမည် ဖြစ်သည်ဟု သူကပြောသည်။
လူနေမှုစရိတ် မြင့်မားလာခြင်းကြောင့် ဘဏ်များတွင် ငွေကြေးစုဆောင်းမှု ကျဆင်းခြင်း ဖြစ်နိုင်သည်ဟု ဦးဇော်လင်းထွဋ် ကပြောသည်။ အစိုးရ အနေဖြင့် အခြေအနေ ပိုမိုဆိုးရွား မလာမီ အဖြေတခုကို အလျှင်အမြန် ရှာဖွေသင့်သည်ဟု လည်း သူကဆိုသည်။