ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းရှင်များ၊ အစိုးရအကြံပေးများနှင့် ဗဟိုဘဏ်မှ အရာရှိများက လက်ရှိ ဗဟိုဘဏ် ဥက္ကဌ၏ နှေးကွေးသော ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများအပေါ် စိုးရိမ်မကင်းဖြစ်နေကြသော်လည်း ဒေါ်အောင်ဆန်း စုကြည်က ဗဟိုဘဏ်ဥက္ကဌ ဘက်တွင် ရပ်တည်နေဆဲဖြစ်သည်။
ယခုနှစ ်အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာလွဲပြောင်းရယူပြီးနောက် အဆင်မြင့် ရာထူးများတွင် ဆက်လက်ကျန်ရှိနေသော စစ်အစိုးရခေတ်က အဆင့်မြင့် အရပ်သားအရာရှိ အနည်းငယ်တွင် ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်လည်း ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးကြောင့် မွဲပြာကျခဲ့သောနိုင်ငံကို ပြောင်းလဲပေးနိုင်လိမ့်မည်ဟူသော မြင်မားသည့် မျှော်လင့်ချက်များနှင့် ရင်ဆိုင်နေရသည်။
အစိုးရအကြံပေးများ၊ ဗဟိုဘဏ်မှ အတွင်းလူများ၊ စီးပွားရေးပညာရှင်များနှင့် ဘဏ်အမှုဆောင် နှစ်ဒါဇင်ခန့်ကို ရိုက်တာ သတင်းဌာနက တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ (အထက်အောက် အမိန့်ပေး ယဉ်ကျေးမှုတွင် အဓ်ိကကျသော) အထက်ပိုင်းမှ မောင်းနှင်မှု မပြုလုပ်သောကြောင့် ဘဏ္ဏာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ ရပ်တန့် နေကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြသည်။
“ပြဿနာရဲ့အဖြေက ဗဟိုဘဏ်မှာရှိတယ်” ဟု ရိုးမဘဏ် အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဌ၏ အကြံပေးဖြစ်သူ Hal Bosher က ပြောသည်။ ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကူးသန်းရောင်းဝယ်ရေးဘဏ်များ အနက် တခုဖြစ်သည်။
ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံခဲ့သူများပြောကြားခဲ့သည့် တုံ့ဆိုင်းနေသော ပြုပြင်ပြောင်းလဲရေးများတွင် ဘဏ်အချင်း ချင်း နိုင်ငံခြားငွေ တိုက်ရိုက်ရောင်းဝယ်မှု စျေးကွက် ခိုင်မာလာအောင် ဖော်ထုတ်ရေး၊ ငွေချေးစာချုပ် စျေးကွက် တည်ဆောက်ခြင်းနှင့် အလွန်တင်းကျပ်သော ချေးငွေလုပ်ထုံးလုပ်နည်းများ ဖြေလျှော့ရေးတို့ ပါဝင်သည်။
မြန်မာ့စီးပွားရေး အလျှင်အမြန် တိုးတက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ပြုပြင်ပြောင်းလဲရေး လိုကြောင်း ၎င်းတို့က ပြောသည်။
ဗဟိုဘဏ်ကို ကာကွယ်ပြောကြားသူများကလည်း အလျှင်အမြန် ဖြေလျှော့ခြင်း မပြုသောကြောင့် ရင်ကျက်နေဆဲ ဘဏ္ဏာရေးစနစ် တည်ငြိမ်မှုကိုဖြစ်စေကာ အန္တရာယ်ကြီးသော အကြွေးကြီးထွားမှုကို ရှောင်ရှားနိုင်သည်ဟု ဆိုကြသည်။
ယမန်နှစ် နှောင်းပိုင်းက လီမာတွင် ကျင်းပသည့် ကမ္ဘာ့ဘဏ်နှင် ့နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့၏ အစည်းအဝေး တခုတွင် ပြောကြားသောမိန့်ခွန်းတခု၌ ခေတ်မီဘဏ္ဏာရေးစနစ်သို့ ကူးပြောင်းရေးမှာ ရှုပ်ထွေးပြီး အချိန်ယူဖို့လိုကြောင်း ဦးကျော်ကျော်မောင် ကိုယ်တိုင်က ပြောခဲ့သည်။
ဥပဒေ စိုးမိုးရေး
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဝါရင့်စီးပွားရေး အကြံပေးတဦး၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်က ထိုစိုးရိမ်သောက များကို သတိပြုမိသော်လည်း နိုဝင်ဘာလ ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရပြီး မကြာမီမှာပင် ဦးကျော်ကျော်မောင်ကို ရာထူး၌ ဆက်ထားရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် အကဲဖြတ်တာက တရားဥပဒေစိုးမိုးရေးကို အလေးအနက်ထားတဲ့ ဒီမိုကရေစီ အစိုးရအုပ်ချုပ်ရေးရဲ့ပထမဆုံး ဆောင်ရွက်မှုတွေထဲမှာ ဗဟိုဘဏ် ဥက္ကဌကို ရာထူးက ထုတ်ပယ်ဖို့ ကြိုစားတဲ့ အခြေအနေမျိုး ကျနော်တို့ မရနိုင်ဘူး။ ဒါက ဗင်နီဇွဲလားနဲ့ ဇင်ဘာဘွေမှာ ဖြစ်ခဲ့တာမျိုးတွေပေါ့” ဟု ထိုအကြံပေးက ပြောသည်။
ဥပဒေက ဗဟိုဘဏ် အကြီးအကဲကို ဖြုတ်ပစ်ရန် အစိုးရကို လုပ်ပိုင်ခွင့် အနည်းငယ်သာ ပေးထားသော်လည်း ပုဂ္ဂလိက ကဏ္ဏတွင်းမှ ပုဂ္ဂိုလ် အများအပြားကမူ အသက် ရ၇ နှစ်အရွယ်ရှိ ဗဟိုဘဏ်အကြီးအကဲကို အငြိမ်းစားယူရန် ဖျောင်းဖျနိုင်မည်ဟု မျှော်လင့်ကြကြောင်း ဘဏ်အမှုဆောင်များနှင့် အရာရှိများက ပြောကြသည်။
ဗဟိုဘဏ်အကြီးအကဲကို အစားမထိုးရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်ဟု ယခုမှ ဖွဲ့စည်းသော အမျိုးသားစီးပွားရေးညှိုနှိုင်းမှုကော်မတီ NECC တွင်ပါဝင်သော NLD မှ အဆင့်မြင့် အဖွဲ့ဝင် တဦးဖြစ်သည့် ဦးဟံသာမြင့်နှင့် အခြား အကြီးတန်း အကြံပေးတဦးတို့က အတည်ပြုပြောကြားသည်။
မီဒီယာနှင့် စကားမပြောသလောက်ဖြစ်ပြီး လူမြင်ကွင်း ထွက်လေ့မရှိသော ဦးကျော်ကျော်မောင်က တစုံတရာ ဝေဖန်ပြောကြားပေးရန် အကြိမ်ကြိမ် မေတ္တာရပ်ခံမှုများကိုလည်း တုန့်ပြန်ခြင်းမရှိခဲ့ပေ။ တွေ့ဆုံမေးမြန်းရန် မေတ္တာရပ်ခံခဲ့သည်ကို ဗဟိုဘဏ်က ငြင်းပယ်ရုံမျှသာမက ရိုက်တာ သတင်းဌာနက အီးမေးလ်ဖြင့် မေးသည့် မေးခွန်းများကိုလည်း ဖြေဆိုရန်ငြင်းပယ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ၂၀၁၈ တွင်ကုန်ဆုံးမည့် ဗဟိုဘဏ်ဥက္ကဌ ၅ နှစ်သက်တမ်းမှာ ဥပဒေပြဌာန်းချက်အရ ဖြစ်ကြောင်း ပြောသည်။
ဒုတိယသက်တမ်း
ဦးကျော်ကျော်မောင်က ဗဟိုဘဏ်ကို နိုင်ငံတကာ၏ ရှောင်ဖယ်ခြင်း ခံနေရချိန် ၁၉၉၇ မှ ၂၀၀၇ အထိ ဆယ်စုနှစ်တခု ဦးဆောင်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်ဟောင်းများ၏ အရပ်သားတပိုင်း အစိုးရကို ဦးဆောင်သော သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်တွင် သူ့ကို ဗဟိုဘဏ်ဥက္ကဌအဖြစ် ဒုတိယအကြိမ် ပြန်လည်ခန့်အပ်ခဲ့သည်။
“သူ့ရဲ့တခုတည်းသော အရည်အသွေးက အတွေ့အကြုံပဲ” ဟု ထိုစဉ်က သမ္မတရုံးဝန်ကြီးတဦးဖြစ် သော ဦးစိုးသိန်းက ပြောသည်။
၂၀၁၁ ခုနှစ် ကစတင်သော ဦးသိန်းစိန်၏ အစိုးရသက်တမ်းတွင် ကျယ်ပြန့်သော စီးပွားရေး၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ကျပ်ငွေတန်ဘိုးကို ထိန်းချုပ်မှု ရှိသည့် နှုန်းရှင် စနစ်သို့ ၂၀၁၂ ခုနှစ်တွင် စတင် ကျင့်သုံးခဲ့ပြီး ၂၀၁၃ တွင် ဗဟိုဘဏ်မှာ ဘဏ္ဏာရေးဝန်ကြီးဌာနမှ ကင်းလွတ်သော လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်လာသည်။
ဦးကျော်ကျော်မောင် ဒုတိယအကြိမ် တာဝန်ယူစဉ်အတွင်း ဗဟိုဘဏ်က ပိုမိုလွတ်လပ်လာသည်ဟု သူ့ကို ကာကွယ်သူများက ပြောကြသည်။
“ယခင်အစိုးရလက်ထက်က ရင်းနှီးမြှုပ်နှံသူတွေကို ဗဟိုဘဏ်က ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုပြီး ညွှန်ကြားချက်တွေ မရှိတော့ဘူး။ ဒါနဲ့ပတ်သက်လို့ ဗဟိုဘဏ်က ပွင့်လင်းမြင်သာတယ်” ဟု မြန်မာ စီးပွားရေးလုပ်ငန်းစု တခုဖြစ်သော Young Investment Group မှ ဦးအောင်သိန်းထွန်းက ပြောသည်။
နိုင်ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံတွင် အကန့်အသတ်ဖြင့် လုပ်ကိုင်ရန် ၂၀၁၄ တွင်လိုင်စင်ချထားပေးပြီး အခြားဘဏ် ၄ ခုကို ယခင်နှစ်က လိုင်စင်ချထားပေးခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ ဘဏ္ဏာရေးစနစ် ခေတ်မီဖွံ့ဖြိုးရေး နှင့် ပတ်သက်သော မည်သည့် အရေးပါသော ကြေညာချက်အသစ်မျှ ထုတ်ပြန်ခြင်း မရှိတော့ပေ။
ဝါရှင်တန်အခြေစိုက် Carnegie Endowment for International Peace မှ အကြီးတန်း သုတေသီ Vikram Nehru က ဗဟိုဘဏ် ပြုပြင်ပြောင်းလဲမှုများ သိသိသာသာ ရပ်ဆိုင်းနေခဲ့၍ စိုးရိမ်မကင်းဖြစ်ကြောင်း ပြောသည်။
အကျပ်အတည်း ၂ ခု
ယမန်နှစ်က ပေါ်ပေါက်ခဲ့သော အကျပ်အတည်း တခုကလည်း မြန်မာနိုင်ငံ၏ မွေးကင်းစ ဘဏ္ဍာရေးစနစ် မတည်မငြိမ်ဖြစ်စေရန် ခြိမ်းခြောက်ခဲ့သည်။ ဗဟိုဘဏ်က ကျပ်ငွေကို ကျားကန်ရန် အားထုတ်ခြင်းနှင့် အတူ မှောင်ခိုငွေလဲနှုန်း ကျဆင်း ခြင်းကလည်း ဒေါ်လာငွေ မလုံလောက်မှုနှင့် ငွေကြေးစျေးကစားမှု တိုးလာခြင်းတို့ကို ဖြစ်စေခဲ့သည်။
“(အဲဒီကိစ္စ) ဗဟိုဘဏ်က ဘာမှမလုပ်ဘူး။ ဦးကျော်ကျော်မောင်က ငြိမ်ငြိမ်လေး ထိုင်နေတယ်” ဟု အစိုးရ၏ အမျိုးသားစီးပွားရေး ညှိုနှိုင်းမှု ကော်မတီ(NECC) မှ အဆင့်မြင့်အကြံပေးအရာရှိကပြောသည်။
မှောင်ခိုစျေးကွက်တွင် တဒေါ်လာကို ၈၀၀ ကျပ် နှင့်အထက် အရောင်းအဝယ် လုပ်သည်အထိ ပြောင်းလဲခဲ့သော်လည်း ဥက္ကဌ၏ တွေးခေါ်မှုက တရားဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တဒေါ်လာ ၆ ကျပ် နှင့်ထိန်းထားသော စစ်အစိုးရလက်ထက် တံခါးပိတ် ထားသော ခေတ်ကပုံစံဖြစ်နေကြောင်း အခြားဗဟိုဘဏ်အရာရှိတဦးက ဆိုသည်။
“သူက သဘောမပေါက်တော့ ဘာမှ ထပ်လုပ်လို့ မရတော့ဘူး” ဟု ထိုအရာရှိက ပြောသည်။ ၂၀၁၅ ခုနှစ် အလယ်ပိုင်း တွင် သမ္မတရုံးနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောင်းလဲရန် ဗဟိုဘဏ်ကို ဖိအားပေးမှု ရှိခဲ့သည်ဟု သူက ထပ်ပြောသည်။
၂၀၀၃ ခုနှစ် ဦးကျော်ကျော်မောင် ဗဟိုဘဏ်ဥက္ကဌအဖြစ် ပထမအကြိမ် တာဝန်ထမ်းဆောင်စဉ်ကလည်း ပုဂ္ဂလိကငွေချေးငှားသူ အမြောက်အမြား ငွေပြန် မဆပ်ခဲ့ကြ၍ ဘဏ္ဍာရေး ကုမ္ပဏီငယ် အများအပြား ပြိုလဲကာ ဘဏ်တခု ဒုက္ခ ရောက်ခဲ့ရသည်။
ထိုစဉ်က ဗဟိုဘဏ်သည် ပြဿနာ ဆက်လက်မကြီးထွားစေရန် ဘဏ်များသို့ ငွေဖော်ပေးရန် ပျက်ကွက်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနေသော သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ စီးပွားရေးပညာပါမောက္ခ Sean Turnell က သူ၏ ၂၀၀၉ ခုနှစ်ကထုတ်ဝေသော “မီးမှုတ်သည့်နဂါးကြီများ သို့မဟုတ် မြန်မာနိုင်ငံမှ ဘဏ်များ၊ ငွေချေးသူ များနှင့် အသေးစားငွေချေးလုပ်ငန်းများ (Fiery Dragons: Banks, Moneylenders and Microfinance in Burma)” အမည်ရှိ စာအုပ်တွင် ရေးသားခဲ့သည်။
(Simon Webb၊ အောင်လှထွန်း နှင့် ရွှေရည်စောမြင့်တို့ ပူးပေါင်း ရေးသားထားသည့် Barrier to reform? Suu Kyi sticks with Myanmar central bank chief ကို ဘာသာပြန်ဆိုသည်။)