စီးပွားရေး

အကျင့်ပျက်ခြစားမှုတွေနဲ့ ရင်ကြားစေ့မှာလား

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင် ၁၄၀ ကျော်ရဲ့ အခွန်ရှောင်လျှို ့ဝှက်ဘဏ်စာရင်းတွေ အကြောင်း ဖော်ပြထားတဲ့ panama papers (ပနားမား စာတမ်း) ထွက်လာခဲ့ပါတယ်။

အဲဒီလျှို့ဝှက်ဘဏ်စာရင်းထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှှီးမြုပ်နှံမှု ကုမ္ပဏီတခုလည်း ပါ၀င်နေတဲ့အကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ဆိုင်ရာ သတင်းထောက်အဖွဲ့ ( ICIJ ) က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒါဟာ ၂၀၁၅ ခုနှစ်အောက်တိုဘာလမှာ ထွက်ခဲ့တဲ့ Global Witness အစီရင်ခံစာနောက်မှာ မရှေးမနှောင်း ထွက်ပေါ်လာတဲ့ နောက်ထပ် ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ပါတယ်။ Global Witness အစီရင်ခံစာမှာ မြန်မာ့ကျောက်စိမ်းလုပ်ငန်းက ရရှိတဲ့ ဒေါ်လာသန်းထောင်ပေါင်းများစွာကို စစ်တပ်အသိုင်းအဝိုင်း၊ မူးယစ်ရာဇာတွေနဲ ့ခရိုနီတွေက တင်းတင်းကျပ်ကျပ် ချုပ် ကိုင်ထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ အကျင့်ပျက်ခြစားမှုတွေ ကြီးကြီးမားမား ပြန့်နှံ့လွှမ်းမိုးနေတာကို ဒီအစီရင်ခံစာ ၂ စောင် က မီးမောင်းထိုးပြနေပါတယ်။ တကယ်လည်း မြန်မာနိုင်ငံသားများရဲ့ နေ့စဉ်လူနေမှုဘဝတွေဟာ အဂတိလို်က်စားမှုတွေနဲ့ မကင်းရာမကင်းကြောင်း ဒွေးရောယှက်တင် ဖြစ်နေတာပါ။

ကျူးလွန်ရာမှာ အသေးစားနဲ့ အကြီးစား ကွဲပြားတာပဲရှိပါတယ်။ အကြီးစားတွေကတော့ ပျက်စီးမှုအဆင့်(Damage level) ကို ပိုမြင့်စေပြီး အစိုးရရဲ့လုပ်ငန်းဆောင်တာကိုပါ ထိခို်က်စေတဲ့အတွက် အန္တရာယ်များလွန်းတယ်လို့ သုံးသပ်ကြပါတယ်။

အထူးသဖြင့် အခွန်ရှောင်တဲ့ကိစ္စက လူတော်တော်များများ ကျူးလွန်နေတတ်တဲ့ကိစ္စ ဖြစ်ပါတယ်။ အခွန်ကို စနစ်တကျ မကောက်နိုင်တာ၊ ကောက်တဲ့ နေရာတွေမှာလည်း အလေအလွင့်တွေဖြစ်နေတာ၊ အခွန်ဥပဒေ ကိုယ်နှိုက်လည်း အကျင့်ပျက် ခြစားမှုလုပ်ဖို့ အခွင့်အလမ်းပေးထားသလို ဖြစ်နေတာနဲ့ တင်ဒါတွေ ခေါ်တဲ့ နေရာမှာ ခြစားမှုရှိနေတာတွေဟာ ဆိုးရွားတဲ့ဖြစ်ရပ်တွေလို့ ထောက်ပြကြပါတယ်။

ဥပဒေရဲ့အားနည်းချက်

“အရိုးရှင်းဆုံးနဲ့ အတိုဆုံးပြောရရင် ပြီးခဲ့တဲ့ အစိုးရလက်ထက်က နောက်ဆုံးပြဌာန်းထားတဲ့ အဂတိလိုက်စားမှု တို်က်ဖျက် ရေးဥပဒေ (Anti –corruption Law) ဟာ အရေးယူလို့ မရအောင်၊ အင်မတန် ခက်ခဲအောင်ကို တားဆီးပိတ်ဆို့ထားတဲ့ ဥပဒေပါ။ ဒါဟာ ခရိုနီတွေ အလိုကျ ပြဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့အတွက် သူတို့ဆီ ရောက်မလာနိုင်လောက်အောင်ကို လုပ်ထားပြီးသားပါ။ အဲဒါကြောင့် လိုရင်းကတော့ ဒီဥပဒေကို ပြင်ရမယ်ဆိုတာပါပဲ”လို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပြပါတယ်။

အကျင့်ပျက်ခြစားမှုဟာ တိုင်းပြည်ဆင်းရဲနေရတဲ့ အဓိကအကြောင်းရင်းတခု ဖြစ်နေတာပါ။ NLD အစိုးရတက်လာတုန်းက တော့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်သွားမယ်ဆိုတဲ့ အချက်က ပါတီရဲ့ဦးစားပေး ၃ ရပ်ထဲမှာ ပါ၀င်ခဲ့ပါတယ်။ ဒါပေမယ့် သင်္ကြန်ကာလတုန်းက သိန်း ၅၀ ပြန်ပေးတဲ့ ကိစ္စက လွဲရင် ယခုထိ အကျင့်ပျက်ခြစားမှုကို ထိထိရောက် ရောက် ဘာမှ အရေးမယူနိုင်သေးပါဘူး။

သိန်း ၅၀ လက်ဆောင်ပေးတဲ့ ပုံစံဟာ အကျင့်ပျက်ခြစားမှုဥပဒေကို လှည့်စားတဲ့ပုံစံတမျိုးဖြစ်ပါတယ်။ လက်ဆောင်ပုုံစံ၊ အလှူဒါနပုံစံ၊ ကန်တော့တဲ့ ပုံစံတွေဟာ မြန်မာနိုင်ငံမှာ အလွန်လွှမ်းမိုးနေတဲ့ အကျင့်ပျက်ခြစားမှုတွေ ဖြစ်ပြီး ဒါကို မြန်မာ့လူ့ အဖွဲ့အစည်းကိုယ်တိုင်က အကျင့်ပျက်ခြစားမှုအဖြစ် မမြင်တော့အောင် ဖြစ်နေတဲ့ အထိပါပဲ။ ဥပဒေတခုကို ပြဌာန်းမယ်ဆိုရင် အကျင့်ပျက်ပုံစံအားလုံးကို လွှမ်းခြံုနိုင်ဖို ့ လိုအပ်ပါတယ်။

“ဥပဒေဆိုတဲ့အပိုင်းမှာ ဟာကွက်တွေ ရှိနေပါတယ်။ ပြီးတော့ မြန်မာလူ့အဖွဲ့အစည်းမှာ ဖြစ်နေတဲ့ ဆရာမွေး၊ တပည့်မွေးပြ ဿနာတွေပါ။ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာ တည်မြဲဖို့အတွက် Clientalism ကို တည်ဆောက်တာဟာ နိုင်ငံတကာ ဥပဒေ တွေမှာတော့ political corruption ထဲမှာ ပါပါတယ်။ ဒါပေမယ့် ဒီဥပဒေမှာတော့ ဘာမှ ဖော်ပြမထားတဲ့ အတွက် ဥပဒေ ကြီး တခုလုံးက အခြေခံက စပြီး ပြင်ဆင်သင့်တယ်”လို့ Sandhi Governance Institute ရဲ့Director ဦးခိုင်ဝင်း က ပြော ပါတယ်။

MDRI ရဲ့Seninor Researcher ဖြစ်တဲ့ ဦးတင်မောင်သန်းကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ တိုင်ကြားစာတွေရှိတယ် ဆိုပေမယ့် တိုင်စာ မဟုတ်ဘဲ ပစ်စာတွေလို ဖြစ်နေတဲ့အကြောင်း၊ အထောက်အထား တင်ပြနိုင်မှုမရှိတာတွေကြောင့် ထိရောက်မှု မရှိတာလို့ မြင်တဲ့အကြောင်းနဲ့ နိုင်ငံတကာမှာတော့ အကျင့်ပျက် ခြစားမှုကို တိုက်မယ်ဆိုရင် special brunches တွေ ဖွဲ့ပြီးလုပ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကော်မရှင်ကသာ ကိုင်တယ်နေတဲ့ အကြောင်း၊ ဥပဒေမှာ အားနည်းချက်ရှိနေ တယ်ဆိုတာလည်း ဖြစ်နိုင်တဲ့အကြောင်း ပြောပါတယ်။

အထောက်အထား မပြနိုင်တာကလည်း လက်ရှိဥပဒေမှာ ပြဌန်းထားတဲ့ တိုင်တဲ့လူနဲ့ ယူတဲ့လူကို ထောင်ဒဏ် ၅ နှစ်အတူတူ ပြဌာန်းထားတဲ့အတွက် ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။

အစိုးရရဲ့ပေါ်လစီ

ဒီလို အနေအထားတွေကြောင့် အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး အစိုးရမှာ political will က ဘယ်လောက်ရှိလဲဆိုတာ အရေးကြီးတဲ့ အကြောင်းရင်းတရပ်ဖြစ်လာပါတယ်။
“အကျင့်ပျက်ခြစားမှုကို တိုက်မယ်ဆိုရင် ဥပဒေက ဘယ်လိုရှိလဲ။ ပြီးရင် နိုင်ငံတော်ရဲ့corruption ပေါ်မှာ ထားတဲ့ သဘောထား ဘယ်လိုရှိလဲ။ လုံးဝလက်မခံဘူးဆိုတဲ့ ( Zreo tolerance) လား။ အခြေအနေအရလား။ အဲဒါတော့ ပြတ်ပြတ်သား သား ရှိစေချင်တယ်”လို့ သုသေသနပညာရှင် ဦးဇော်အောင်က ပြောပါတယ်။

“ပေါ်လစီနဲ့ပတ်သက်ရင် ကျနော် ဦးသိန်းစိန်အစိုးရတုန်းကလည်း မေးခဲ့တယ်။ corruption ကို တိုက်ဖျက်မယ်ဆိုရင် တကယ်လုပ်ချင်တာလား။ တကယ်လုပ်ချင်ရင် ရက်ပေါင်း ၃၀ နဲ့လည်း ရပါတယ်။ ၄၀ နဲ့လည်း လုပ်လို့ရတယ်။ မလုပ်ချင်ဘူး ဆိုရင်တော့ စဉ်းစားမနေစေချင်ဘူး ။ ဒီနေ့အစိုးရကိုလည်း ကျနော် ဒီမေးခွန်းကိုပဲ မေးရမှာပါ” လို့ ရှေ့နေကြီး ဦးမောင် မောင်ဝင်းက ပြောပြတာပါ။

လေ့လာသုံုးသပ်သူအချို့ကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအပြင် သူနဲ့ဆက်စပ်နေတဲ့ ဥပေဒေတွေကိုပါ ပြင် ဆင်သင့်တဲ့အကြောင်းနဲ့ ယခင်ဦးသိန်းစိန် လက်ထက်မှာဥပဒေပေါင်း ၂၃၂ ခုကို အသစ်ပြန်လည်ရေးဆွဲခဲ့ပေမယ့် ပြည်သူလူထုအတွက် အကာအကွယ်မရတဲ့ဥပဒေတွေသာ ဖြစ်နေတဲ့အကြောင်းလည်း သုံးသပ်ကြပါတယ်။

ထိတိုင်း ငြိနေတဲ့ ပြဿနာ

လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်လုပ် နိုင်ငံရေးလုပ်လုပ် အမျိုးသား ပြန်လည်သင့်မြတ်ရေး (National Recouncilation) ဆိုတာ ငြိနေပါတယ်။ ဒါကြောင့် အစိုးရနေအနေနဲ့ပေါ်လစီပိုင်းမှာ ကွဲကွဲပြားပြား ဖြစ်စေချင်တယ်လို့ သုံးသပ်တာမျိုးလည်းရှိနေပါတယ်။

အလားတူပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတဲ့မူနဲ့ ငြိမ်းချမ်းရေးကိုသွားတဲ့ ဖြစ်စဉ်သာ ဖြစ်သင့်ပြီးတော့ Corruption ဆိုတာက Good governance ကို ဖော်ဆောင်တာဖြစ်တဲ့ အတွက် ဒီ၂ ခု ရော ထွေးနေတာမျိုး မဖြစ်သင့်ဘူးလို့ မြင်တာလည်း ရှိပါတယ်။

“ကောင်းမွန်တဲ့ အစိုးရတရပ်ဖြစ်ဖို့အတွက် ပွင့်လင်းမြင်သာမှုကို မြှင့်ရမှာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကနေ ကျ နော်တို့ နှစ် ၆၀ မရနိုင်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်ပါတယ်။ ဒါပေမယ့် Good Governanceကို မဖော်ဆောင်နိုင်ဘူးဆိုရင် တော့ ပြည်သူတွေ လိုချင်တဲ့ စိတ်ချမ်းသာလက်ချမ်းသာ နေနိုင်တဲ့ ဘဝမျိုးကို မရနိုင်ပါဘူး။ ဒါကြောင့် ဒီနှစ်ခုကို သွားမ ချိတ်မိစေနဲ့။ ချိတ်လိုက်လို့ ပေါ်လစီ ဒက်စတောရှင်း (Policy distortion) ဖြစ်သွားရင် လုပ်ရကိုင်ရ ခက်သွားမယ်”လို့ ဦးဇော်အောင်က သုံးသပ်ပါတယ်။

အချို့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ကိုင်ကို်င်ပေါက်နေတာ အလုပ်မဖြစ်တဲ့အကြောင်း၊ ပြန်လည်သင့်မြတ် ရေးမူက ဘယ်သူနဲ့ အကျံုးဝင်တာလဲ၊ စစ်တပ်လား၊ ဦးပိုင်လား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးယူဖို့ ဆွေးနွေးနေတဲ့ လက်နက် ကိုင်တွေလားဆိုတာ တိကျမှုရှိဖို့ လိုတဲ့အကြောင်းနဲ့ ပိုင်ဆိုင်မှု ကြေညာတာမျိုးကိုလည်း NLD အစိုုးရက အခုထိ မလုပ်နိုင် သေးတဲ့အကြောင်း အားမလို အားမရ ဖြစ်နေကြတာပါ။

တကယ်တော့ လာဘ်ပေးလာဘ်ယူမှုဆိုတာက ပေးတဲ့လူရော၊ ယူတဲ့လူရော သဘောတူပြီး ဖြစ်နေတဲ့ ပြဿနာ ဆိုတော့ ကိုင်တွယ်ဖြေရှင်းရခက်နေတာလည်း အမှန်ပါပဲ။ လူတွေ တော်တော်များများရဲ့ စိတ်ဓာတ်တွေ အကုန်လုံး ကလည်း ကိုယ့် အခွင့်အရေး ကိုယ်ယူမယ် ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အဂတိလိုက်စားမှုကို နေ့စဉ် နည်းလမ်းပေါင်းစုံနဲ့ တချိန်လုံး ကျူးလွန်နေ ကြတဲ့အခြေအနေပါ။

Transparency International က ထုတ်ပြန်ထားတဲ့ Corruption Perceptions Index 2015 အရဆိုရင်တော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၆၈ နိုင်ငံမှာ အဆင့် ၁၄၇ ရှိနေတာ ဖြစ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ရင်တော့ အ တော့်ကိုု လုပ်ယူရဦးမယ်လို့ သုံးသပ်နေကြပါကြောင်း။

Did you find apk for android? You can find new Free Android Games and apps.
Loading