အိန္ဒိယနိုင်ငံက မြန်မာ့ပဲဝယ်ယူရန် အမှာနောက်ဆုတ်လိုက်သဖြင့် မတ်ပဲနှင့် ပဲစင်းငုံဈေး အကျကြမ်းလာကြောင်း မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) မှ ကုန်သည်များက ပြောသည်။
“မြန်မာပဲ မဝယ်ခင် အိန္ဒိယကို တခြားနိုင်ငံပဲတွေ ဝင်လာကြတယ်။ အဲဒီတော့ ဝယ်လိုအားကျသွားပြီး ဈေးလဲ ပြုတ်ကျသွားတယ်” ဟု မန္တလေးကုန်စည်ဒိုင်မှ ပဲကုန်သည်ဦးမျိုးဆွေက ပြောသည်။
ထိုအခြေအနေများကြောင့် မန်းဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံတအိတ်လျှင် ၃၀ ရာခိုင်နှုန်းခန့် ဈေးထိုး ဆင်းသွားသည်ဟု မန္တလေး ပဲနှမ်းကုန်စည်ဒိုင်မှ ပဲကုန်သည်များက ဆိုသည်။
ယခုနှစ်ပိုင်းအတွင်း အိန္ဒိယနိုင်ငံ၌ ရာသီဥတုဖောက်ပြန်နေပြီး ပဲအထွက်နှုန်း ကျဆင်းလာသဖြင့် ပဲစားသုံးမှု ဖူလုံစေရန်အတွက် မြန်မာပဲများကို တရားဝင်ဝယ်ယူရန် စတင်ကမ်းလှမ်းခံခဲ့ရပြီးနောက် အိန္ဒိယသို့ အဓိက တင်ပို့နေရသည့် မတ်ပဲ၊ ပဲစင်းငုံဈေးများ တရိပ်ရိပ် မြင့်တက်ခဲ့ကြောင်း ပဲနှမ်းကုန်သည်များက ပြောသည်။
ထို့အပြင် အိန္ဒိယက မြန်မာ့ပဲများ တရားဝင်ဝယ်ယူမည်ဆိုသည့် သတင်းများကြောင့် ကုန်သည်အများစုက အိတ်စပို့ပဲများ သိုလှောင်လာချိန်တွင် အန္ဒိယဘက်က ပဲဝယ်ယူမည့် အစီအစဉ်ကို နောက်ဆုတ်လိုက်သည့်အတွက် ပြည်တွင်းပဲကုန်သည်များက မိမိတို့လက်ဝယ်တွင် သိုလှောင်ထားသည့် အိပ်စပို့စ်ပဲများကို အပြိုင်ပြန်လည် ထုတ်ရောင်းလာသဖြင့် ပဲဈေးနှုန်း အကျကြမ်းရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ပဲနှမ်း ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုင်းဘဉာဏ်က ပြောသည်။
“အိန္ဒိယဘက်က အမှာနောက်ဆုတ်လိုက်တော့ အိပ်စပို့ပဲလှောင်ထားတဲ့သူတွေက ဈေးတွေကျလာမယ်ဆိုပြီး အပြိုင်ထုတ်ရောင်းရာက မတ်ပဲဈေးနှုန်း ၁ တန်ကို အရင်ကထက် ၅ သိန်းလောက်ထိ ကျလာတယ်” ဦးစိုင်းဘဉာဏ်က ဆိုသည်။
ထို့အပြင် ယခုနှစ်ဆန်းပိုင်းအတွင်းက ရန်ကုန်မြို့ရှိ ပဲကုန်သည်တဦးက ကျပ်ငွေသိန်း ၉၀,၀၀၀ ကျော် လိမ်လည်မှု ဖြစ်ပွားခဲ့ပြီးနောက် ပဲဈေးကွက် ပိုမိုဂယက်ဖြစ်ခဲ့ကြောင်း မန်းပဲကုန်သည်များက ပြောဆိုကြသည်။
မန္တလေးမြို့ရှိ စိုးမိုးပဲပွဲရုံမှ ဦးယဉ်မင်းကျော်က “ အိန္ဒိယဝယ်လိုအား ကျသွားတဲ့အချိန်မှာ အဲဒီဂယက်ကြောင့် အရောင်းအဝယ်အားလုံးအေးပြီး ပဲဈေးလဲထိုးကျခဲ့တယ်” ဟု ဆိုသည်။
မန္တလေးမြို့ ပဲဈေးကွက်သု့ိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းမှ ပဲများ အဓိကဝင်ရောက်ကြောင်းနှင့် ပဲစင်းငုံ၊ မတ်ပဲသည် ပြည်ပသို့ အဓိကတင်ပို့နေရသည့် ပဲသီးနှံများဖြစ်သည်ဟု ပဲကုန်သည်များက ပြောသည်။
မန္တလေးကုန်စည်ဒိုင်မှ ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲတို့ကို ရန်ကုန်မှတဆင့် အိန္ဒိယသို့ တင်ပို့နေရပြီး ပဲတီစိမ်း၊ နှမ်း၊ ပြောင်း၊ ပဲဆံတို့ကို တရုတ်နိုင်ငံသို့ တင်ပို့နေရသည့် အထက်မြန်မာပြည် ဈေးကွက်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
၂၀၁၆ ခုနှစ် ပဲရာသီသစ်ပေါ်ချိန်တွင် အိန္ဒိယမှ မြန်မာပဲတန်ချိန် ၅ သောင်း တရားဝင်ဝယ်ယူရန် စီစဉ်လျက်ရှိပြီး၊ လာမည့်ဇန်နဝါရီလတွင် ပဲအသစ်ပေါ်မည်ဖြစ်ရာ ရာသီဥတုအခြေအနေအရ ပဲအထွက်နှုန်းနှင့် အိန္ဒိယ၏ ဝယ်လိုအားပေါ် အခြေခံကာ ပဲဈေးကွက် အပြောင်းအလဲလာနိုင်မည်ဟု ကုန်သည်များက ခန့်မှန်းပြောဆိုသည်။
ပဲမျိုးစုံ ပြည်ပသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အများဆုံး တင်ပို့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ ၈၀ ရာခိုင်နှုန်း တင်ပို့ကြောင်းနှင့် ကျန် ၂၀ ရာခိုင်နှုန်းသည် နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်းနှင့် ပြည်ပသို့ တင်ပို့သည့် ပဲကုမ္ပဏီ စုစုပေါင်း ၁၀၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံ ပဲ၊ နှမ်း ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် ဧပြီလမှ ၂၀၁၅ ခုနှစ်မတ်လအထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုသည် တန်ချိန် ၁ ဒသမ ၃ သန်း ရှိပြီး ပို့ကုန်ရငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၅၇ သန်း ရရှိပြီးဖြစ်ကြောင်း စီးပွား/ကူးသန်း၏ စာရင်းများအရ သိရသည်။