ယခုဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇) ပထမလေးလ ကာလဖြစ်သည့် ဧပြီလမှ ဇူလိုင်လကုန်အထိ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု တန််ဖိုး ကျဆင်းနေကြောင်း သိရှိရသည်။
နယ်စပ် ကုန်သွယ်မှုတန်ဖိုး ကျဆင်းမှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် (၂၀၁၅ -၂၀၁၆) ဇူလိုင်လကုန်အထိ အမေရိကန် ဒေါ်လာ ၁၀ သန်းအောက် ကုန်သွယ်မှုလျော့ကျနေသည်ဟု မူဆယ်နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှုး ဦးမျိုးမင်းက ဧရာဝတီကို ပြောသည်။
နယ်ကုန်သွယ်မှု လျော့ကျရာ၌ ပို့ကုန်တန်ဖိုးသာမက သွင်းကုန်တန်ဖိုးပါ လျော့ကျနေခြင်းဖြစ်ကြောင်း မူဆယ် နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန အချက်အလက်များအရ သိရသည်။
ယခင် ဘဏ္ဍာနှစ်နှင့်ယှဉ်ပါက ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၅ သန်း လျော့ကျနေပြီး သွင်းကုန်တန်ဖိုးသည် ဒေါ်လာ ၆ သန်းကျော် လျော့ကျနေကြောင်း တွေ့ရှိရသည်။
ယခုဘဏ္ဍာနှစ် ပထမလေးလပတ် ဇူလိုင်လကုန်အထိ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁,၁၀၇ သန်း ကျော်ဖြစ်ပြီး သွင်းကုန်တန်ဖိုးသည် ဒေါ်လာ ၅၄၀ ကျော်ဖြစ်ကြောင်း ဦးမျိုးမင်းက ပြောသည်။
ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁,၁၀၇သန်းကျော်တွင် သကြား၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနှင့် ဆန်တို့သည် အများဆုံးတင်ပို့နေသည့် ကုန်စည်အမျိုးအမည်များ ဖြစ်ကြပြီး သကြားတင်ပို့မှုမှ ဒေါ်လာ ၄၅၂ သန်းကျော်၊ သဘာဝဓါတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၃၈၈ သန်းကျော်၊ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ၅၃ သန်း ကျော်နှင့် ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅ သန်း ရရှိထားသည်။
အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်များဖြစ်သော သဘာဝဓာတ်ငွေ့နှင့် ဆန်တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ် ကာလတူ တန်ဖိုးထက် လျော့ကျနေကြောင်းနှင့် ကျောက်စိမ်းနှင့် သကြားတင်ပို့မှုတန်ဖိုးသည် ယခင်နှစ် အလားတူကာလ ထက် တိုးမြင့်တင်ပို့ရရှိကြောင်း သိရသည်။
တရုတ်ဘက်မှ မြန်မာနိုင်ငံသို့ အများဆုံးတင်သွင်းသည့် ကုန်စည်များမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ် အသစ်များ၊ ဓာတ်မြေသြဇာနှင့် ဆိုလာပြားများ ဖြစ်ကြောင်း ဦးမျိုးမင်းက ဆိုသည်။
မြန်မာနိုင်ငံ၏နှစ်အလိုက် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုးတွင် တရုတ်နိုင်ငံသည် နှစ်စဉ်အများဆုံး ဖြစ်ခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍနှစ် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံကျော်တွင် တရုတ်နိုင်ငံ တနိုင်ငံတည်းနှင့် ၁၀ ဘီလီယံကျော် ကုန်သွယ်မှု ပြု့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေး ၀န်ကြီးဌာန မှတ်တမ်းများအရ သိရသည်။
ထိုကုန်သွယ်မှုပမာဏသည် အာဆီယံနိုင်ငံများ အားလုံးနှင့် မြန်မာနိုင်ငံ ကုန်သွယ်မှု တန်ဖိုးထက်များသည့် ပမာဏဖြစ်သည်။