ပြီးခဲ့သောအပတ် ဗုဒ္ဓဟူးနေ့ ညနေက မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍ ပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ခြင်းကြောင့် ပုဂံဒေသရှိ သမိုင်းဝင် ရှေးဟောင်း စေတီပုထိုး အဆူ ၂၀၀ နီးပါး ပျက်စီးခဲ့သော်လည်း ကမ္ဘာလှည့်ခရီးသည်များ၏ စိတ်ဝင်စားမှု လျှော့ကျသွားစေခြင်း မရှိပေ။
ငလျင်နောက်ပိုင်း ပုဂံခရီးစဉ်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမှုများ တက်လာကြောင်း၊ အစိုးရက ပုဂံ၏ အချို့သော အရေးပါသည့် နေရာများကို အပျက်အစီးများကြောင့် ဝင်ခွင့်ကန့်သတ်ထားသဖြင့် ခရီးစဉ် အများအပြား ဖျက်သိမ်းရလိမ့်မည် ဟု စိုးရိမ်နေကြသည့်တိုင် လက်တွေ့တွင် ထိုသို့သော အခြေအနေနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း မြန်မာ ခရီးသွား လုပ်ငန်းများက ပြောသည်။
အဆိုပါ ငလျင်သည် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီ ၄ မိနစ်တွင် ချောက်မြို့အနောက်ဘက် ၂၅ ကီလိုမီတာ၊ မြေအောက်အနက် ၈၄ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး၊ ငလျင်ရိုက်ခတ်မှုကို မြန်မာတနိုင်ငံလုံးနှင့် အိမ်နီးချင်း နိုင်ငံများကပါ ခံစားသိကြရသည်။ ပုဂံရှိ ရှေးဟောင်းသုတေသန ဌာနက သမိုင်းဝင် စူဠာမဏိ၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ မြစေတီ၊ ရွှေဆံတော်၊ လောကနန္ဒာ၊ ဓမ္မရာဇက နှင့် အာနန္ဒာအုတ်ကျောင်းမှ နံရံဆေးရေးပန်းချီများ အပါအဝင် ဘုရားစေတီ ၁၈၇ ဆူ ပျက်စီးသည် ဟု ပြောသည်။
“ငလျင်လှုပ်ပြီးတော့ ကျနော်တို့ ပုဂံ ရှေးဟောင်းဘုရားတွေနဲ့ ပတ်သက်ပြီး ခရီးသွားလုပ်ငန်း ထိခိုက်မှာကိုလည်း စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် အ့ံသြစရာကောင်းတာက ကမ္ဘာလှည့်ခရီးသည်တွေက ပုဂံခရီးစဉ် စုံစမ်းတာတွေ အများကြီး ရနေတယ်” ဟု မြန်မာခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ဒုဥက္ကဌ ဦးအောင်မြတ်ကျော်က ပြောသည်။
“ကမ္ဘာလှည့်ခရီးသည် တော်တော်များများက အပျက်အစီး ဖြစ်တဲ့ နေရာတွေကို အရမ်းစိတ်ဝင်စား နေတော့ ကျနော်တို့ မကြာခင် စေတနာ့ဝန်ထမ်း ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မှာပါ” ဟု သူက ပြောသည််။
ပုဂံဒေသရှိ စေတီပုထိုးများသည် ပုဂံဘုရင်များ မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသအများစုကို အုပ်ချုပ်စဉ် ၉ ရာစုနှင့် ၁၃ ရာစု ကာလအတွင်း တည်ထားသော စေတီများ ဖြစ်ကြပြီး အရေအတွက်အားဖြင့် ထောင်ပေါင်းများစွာ ရှိကာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ရာ နေရာအဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည်များ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ပုဂံသို့ သွားရောက်လည်ပတ်ကြသည် ဟု ခရီးသွားလုပ်ငန်း လေ့လာသူများက ပြောသည်။
Nature Dream ခရီးသွားလုပ်ငန်းကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ပုဂံဒေသ ခရီးသွားလိုသော စုံစမ်းမေးမြန်းမှု အများ အပြား လက်ခံရရှိခဲ့ကြောင်း ပြောသည်။
“ငလျင်ပြီးသွားတော့ ခရီးသွားလုပ်ငန်း အတွက် ကျမ စိတ်မပူဘူး။ အခုဆိုရင်ပုဂံကို ပိုပြီးတောင် စိတ်စားမှု မြင့်တက်လာ တယ်။ ခရီးစဉ် ကြိုတင်မှာကြားတာကို ဖျက်သိမ်းရတာ မရှိဘူး” ဟု သူမက ပြောသည်။
ပုဂံ၏ ကျော်ကြားသော အချို့နေရာများသို့ ဝင်ရောက်ခွင့် ကန်သတ်ချက်များ ရှိသဖြင့် ခရီးသွားလုပ်ငန်း အေဂျင်စီများက ပုဂံ ခရီးစဉ်ကို ပြောင်းလဲ စီစဉ်ပေးခဲ့ရတယ် လို့ သူမက ဆိုပါတယ်။
“ပျက်စီးသွားတဲ့ စေတီပုထိုးတွေရဲ့ ၀င်းထဲကို ကျမတို့ ဝင်လို့မရဘူး။ ဒါပေမယ့် အပြင်ကနေ ဓာတ်ပုံရိုက်လို့ ရတယ်၊ ပြီးတော့ တခြားရှုခင်းကြည့်ဖို့ အစီအစဉ်တွေနဲ့ အခွင့်အလမ်းတော့ ရှိတယ်” ဟ ုသူမက ပြောသည်။
ငလျင် လှုပ်ခတ်ပြီးနောက် ကြာသပတေးနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ အရာရှိများ အနေဖြင့် ပျက်စီးသွားသော စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးကို အလျှင်စလို မလုပ်ကြရန်နှင့် ယူနက်စကိုမှ နည်းပညာ အကြံဉာဏ်တောင်းခံရန် သတိပေးခဲ့သည်။ ယူနက်စကိုမှ အဖွဲ့တဖွဲ့လည်း လတ်တလောတွင် အပျက်အစီး စစ်တမ်းကောက်နေပြီး အပျက်အစီးများကို အချိန်မတိုင်မီ ရှင်းလင်းနေခြင်း အပေါ် စိုးရိမ်ကြောင်း ထိုအဖွဲ့က ပြောသည်။
ပျက်စီးသွာသော ပုဂံ၏ ကျော်ကြားလှသည့် ဘုရားပုထိုးများ ပြုပြင်ရေးမှာ အစိုးရ၏ ထိပ်တန်း ဦးစားပေး ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး ဦးအောင်ကိုက ပြောသည်ဟု နိုင်ငံပိုင် သတင်းစာက သောကြာနေ့က ကိုးကားဖော်ပြသည်။
“ငလျင်ကြောင့်ပျက်စီသွားတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြင်ဆင်ခွင့်ရတာ ကြီးမားတဲ့ ကုသိုလ်ကြောင်းရင်းခံပဲ” ဟု ထိုဝန်ကြီးက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုကို ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆၈ သန်း ရှိပြီး ၂၀၁၆ ခုနှစ် အတွက် ၅ ဒသမ ၅ သန်း လာရောက်မည်ဟု မျှော်မှန်းထားသည်။ သို့သော် ယင်း ကိန်းဂဏန်းများသည် နိုင်ငံတကာစံနှုန်းနှင့် မကိုက်ညီဘဲ ပြည်ပမှ လာရောက်သူတိုင်းနှင့် နယ်စပ်မှ ကုန်းလမ်းဖြင့် လာပြီး တညတာ တည်းခိုနေထိုင်သူများကိုလည်း ကမ္ဘာလှည့်ခရီးသည် အဖြစ် ထည့်သွင်း ရေတွက်ထားသည်။