တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့တွင် နယူးစတားလိုက်ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသည့် နယ်စပ်ဂိတ်သစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း အဆိုပါကုမ္ပဏီက ပြောသည်။
ထိုနယ်စပ်ဂိတ်သစ်ကို ဆောက်လုပ်နေသည့် နယူးစတားလိုက်ကုမ္ပဏီ၏ မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းဒါရိုက်တာ ဦးငွေစိုးက “ ဂိတ်က ၂ နိုင်ငံ သဘောတူညီမယ်ဆိုရင် ဒီဘက်က ၉၀ ရာခိုင်နှုန်းလောက် ပြီးပြီ။ သူတို့ဘက်က စဆောက်ပြီဆိုတာနဲ့ ကျနော်တို့ဘက်က အချောသတ်လိုက်ရုံပဲ၊ သူတို့လည်း စပြီး မြေတိုင်းတာတွေ လုပ်နေပါပြီ။ အစိုးရအလုပ်တွေကို ကျနော်တို့က သွားခန့်မှန်းလို့ မရဘူး။ ဒါပေမယ့် အသွားအလာကို ကြည်ရတဲ့အခါမှာ ၂၀၁၆ အကုန်လောက် ဖွင့်နိုင်လိမ့်မယ် မျှော်လင့်ပါတယ်။ သူတို့ဘက်က တိုးတက်တဲ့ အလားအလားတွေလည်း မြင်နေပါတယ်” ဟု ပြောသည်။
ယခုဖွင့်လှစ်မည့် နယ်စပ်ဂိတ်သစ်မှာ မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းအတွင်း တည်ရှိပြီး တရုတ်နိုင်ငံဘက်မှ ကမ်းလှမ်းမှုဖြင့် နယူးစတားလိုက်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပေးနေခြင်းဖြစ်ကြောင်းနှင့် ထိုဂိတ်သစ်တွင် တရုတ်- မြန်မာနိုင်ငံသားများအပြင် အခြားနိုင်ငံသားများကိုပါ ဗီဇာဖြင့် နယ်စပ်ဖြတ်သန်း သွားလာခွင့်ပြုရာတွင် သီးသန့်ဆောင်ရွက်ပေးမည်ဟု သိရသည်။
ထိုနယ်စပ်ဂိတ်သစ်ဆောက်လုပ်ရန် တရုတ်၊ရွှေလီအစိုးရဘက်က ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်းနှင့် နယူးစတားလိုက် ကုမ္ပဏီဘက်က မြန်မာအစိုးရအဖွဲ့ဘက်သို့ ပြန်လည်တင်ပြခဲ့ရာ၌ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ကြောင်း ဦးငွေစိုးက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေရာတွင် တရုတ်နိုင်ငံဘက်မှ ကျူးကျော်နေထိုင်မှုများ ရှိနေသည့်အတွက် ဂိတ်မတည်ဆောက်ခင် ကျူးပြသနာများကို အရင်ဆုံး ရှင်းလင်းနောက်ဆုတ်ခိုင်းပြီးမှသာ ဂိတ်တည်ဆောက်မည့် အစီအစဉ် ဆက်လက်ဆောင်ရွက်ရန် အကြောင်းပြန်ခဲ့သည်ဟု ၎င်းက ပြောပြသည်။
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် နန်းတော်ဂိတ်၊ မန်းဝန်းဂိတ်နှင့် ဆင်ဖြူဂိတ်စသည့် တရားဝင် နယ်စပ်ဂိတ် ၃ ခု ရှိသည်။ ယခုတည်ဆောက်နေသည့် ဂိတ်သစ်ဖွင့်နိုင်မည်ဆိုပါက မူဆယ်မြို့တွင် တရားဝင်ဂိတ် စုစုပေါင်း ၄ ခု ရှိလာမည် ဖြစ်သည်။