ဆယ့်ငါးပေပတ်လည်ခန့်ရှိသည့် အခန်းကျဉ်းလေးထဲတွင် သူနာပြုဆရာမ ၂ယောက်နှင့် ဆရာဝန်တယောက် တို့ အလုပ်ကိုယ်စီ ရှုပ်နေကြသည်။ သူနာပြုဆရာမ တယောက်က စာရင်းများ မှတ်ပေးနေပြီး အခြားတယောက်နှင့် ဆရာ ၀န်က အခန်းထဲသို့ ၀င်လာသည့်သူများကို ဆေးတိုက်နေကြသည်။
ဆေးသောက်ရန် ၀င်လာသောသူများတွင် နွမ်းညစ်နေသည့် အဝတ်အစားများကို ၀တ်ဆင်၍ ချွေးသံရွှဲရွှဲ ရောက်လာသူများ ရှိသလို အဝတ်အစား သန့်သန့်ပြန့်ပြန့်နှင့် ရောက်လာသူများလည်းရှိသည်။ အရွယ်အားဖြင့် ကြည့်မည်ဆိုလျှင် အသက်၂၀ ကျော်အရွယ် လူငယ်များမှအစ အသက် ၅၀ ကျော်၊ ၆၀ ကျော်အရွယ်များထိ ပါ၀င်သည်။
ဆရာဝန်က သူတို့တယောက်ချင်းအလိုက် လိုအပ်သည့် ဆေးရည်ပမာဏကို တခါသုံး ခွက်ကလေးထဲသို့ ဖြည့်ပေးလိုက်ပြီ ဆိုသည်နှင့် အခန်းတွင်းရှိ water cooler မှ ရေနှင့် ရောကာ တကျိုက်တည်း သောက်ချလိုက်တတ်ကြသည်။ ထို့နောက်ထို သူများ အခန်းတွင်းမှ အလှိျုလျှို ပြန်ထွက်သွားကြသည်။
အဆိုပါ အလျှိုလျှို ထွက်သွားကြသည့်သူများမှာ ဘိန်းစွဲခြင်းကို ဖြတ်ရန် ဘိန်းအစားထိုးဆေးတမျိုးဖြစ်သော မက်သဒုန်း Methadone ဆေးရည်ကို လာရောက်သောက်သုံးနေသူများသာ ဖြစ်သည်။
ထိုနေရာက မြန်မာပြည်မြောက်ပိုင်း တရုတ်-မြန်မာ ၂ နိုင်ငံ နယ်စပ်မြို့လေးဖြစ်သော မူဆယ်မြို့ ဆေးရုံဝင်းအတွင်းက ချောင်ကျလှသည့်နေရာတွင် ရှိနေသည့် ဘိန်းအစားထိုးကုသဌာန အခန်းလေး ဖြစ်သည်။
“ဥပုသ်ကျောင်းသွားတာထက် ဒီဆေးလေးသောက်တာက အဆင်ပြေတယ် ဆရာမရယ်လို့ ပြောပြီး ခါးကိုင်းကိုင်းနဲ့လာ သောက်တဲ့ လူကြီးပိုင်းတွေထိတောင် ပါတယ်။ သူလည်း ၂နှစ် လောက် ဆေးသောက်သွားတယ်။ အခုတော့ ဆုံးသွားပါ ပြီ” ဟု ဘိန်းအစားထိုးကုသဌာနတွင် တာဝန်ယူဆေးတိုက်ပေးနေသည့် ဆရာဝန် ဒေါ်ပြည့်ပြည့်ဖြိုးက ပြောသည်။
၂၀၁၀ ခုနှစ်မှ စဖွင့်ခဲ့သည့် ဘိန်းအစားထိုးကုသဌာန မူဆယ်စင်တာတွင် ဆေးလာရောက် သောက်သုံးခဲ့သည့် အရေအ တွက်မှာ ၈၅၅ ယောက်သာ ရှိပြီး အပြင်တွင် အမှန်တကယ် ပျံ့နှံ့သုံးစွဲနေသည့် လူထုနှင့်ယှဉ်လျှင် များစွာ နည်းပါးနေသည် ဟု ဆရာမက ဆက်လက်ပြောသည်။
လက်ရှိတွင် မက်သဒုန်းဆေး လာရောက်သောက်သုံးနေသည့် အရေအတွက်မှာ ထိုထက်ပင်နည်း သွားပြီး စုစုပေါင်း ၂၈၀ ဦးသာ ရှိတော့သည်။
မက်သဒုန်းဆေးသောက်သုံးနေသည့်သူများတွင် ဒေသခံများအပြင် နယ်စပ်မြို့မူဆယ်သို့ အလုပ်လာရောက် လုပ်ကိုင်ကြ သည့် မြန်မာနိုင်ငံဒေသအသီးသီးက ရွှေ့ပြောင်းလုပ်သားများလည်း ပါ၀င်ရာ ဆေးသောက်သုံးရင်းနှင့် နေရပ်ပြန်သွားသူ များ၊ တရုတ်နိုင်ငံဘက်သို့ အလုပ်သွားလုပ်သူများရှိသည့်အတွက် ယခုကဲ့သို့ လျော့နည်းလာခြင်းဖြစ်သည်ဟု ဆိုသည်။
“အယောက် ၈၅၀ မှာ၂၈၀ကိုပဲ စောင့်ရှောက်ဆေးပေးနိုင်တော့တယ်။ ကျန်တဲ့သူတွေက သေသွားတာလည်း ရှိတယ်။ များ သောအားဖြင့် HIV နဲ့ပေါ့။ အချို့လည်း ရွှေ့ပြောင်းလုပ်သားတွေဆိုတော့ ပြန်သွားကြတာလည်း ရှိတယ်” ဟု ဒေါ်ပြည့် ပြည့်ဖြိုးက ဆိုသည်။
မူးယစ်ဆေးသုံးစွဲမှု၏ နောက်ဆက်တွဲနှင့်အတူ ပါလာသည့် ဆိုးဝါးသည့်ရောဂါတခုမှာ ခုခံအားကျဆင်းသည့်ရောဂါ HIV ပိုး ကူးစက်ခြင်း ဖြစ်သည်။ လက်ရှိ ဆေးသောက်သုံးနေသူဦးရေ ၂၈၀ တွင် ၈၄ ယောက်က HIV ပိုး ကူးစက်ခံထားရပြီး အခြေ အနေဖြစ်သည်။
ဘိန်းစွဲခြင်းကို ဖြတ်ရန် မက်သဒုန်းလာရောက် သောက်သုံးနေသည့် အထဲတွင် မူဆယ်မြို့ဒေသခံ အသက် ၅၀ ကျော် အ ရွယ် ဦးခိုင်ထွန်း(အမည်လွှဲ) တယောက်လည်း ပါသည်။ ဦးခိုင်ထွန်းတယောက် ဘိန်းစွဲခဲ့သည်မှာ ၁၅ နှစ် ကျော်ရှိပြီ ဖြစ်ပြီး ယခုကာလထိ မက်သဒုန်းကို ၁ နှစ်ကျော် စွဲစွဲမြဲမြဲ သောက်သုံးပြီး ဆေးဖြတ်ဖို့ ကြိုးစားနေသူလည်း ဖြစ်သည်။
မူးယစ်ဆေးပေါသလို လောင်ကစားလည်း ပေါသည့် မူဆယ်မြို့တွင် ကားကြီးမောင်းသည့်အလုပ်ကို လုပ်သော ဦးခိုင်ထွန်း က သူ့ဇနီး လောင်းကစားလုပ်ခြင်းကြောင့် အိမ်ထောင်ရေးအဆင်မပြေသဖြင့် မူးယစ်ဆေးကို စတင်သုံးစွဲဖြစ်သည်ဟု ဆို သည်။ အခုတော့ အရွယ်ရောက်လာပြီဖြစ်သည့် သားနှင့်သမီးမျက်နှာကို ကြည့်ချိန်တန်ပြီဆိုသော အတွေးနှင့် ၁၅ နှစ် ကျော် စွဲလမ်းခဲ့သည့် ဘိန်းကို မရရအောင်ဖြတ်ဖို့ ဆုံးဖြတ်ထားသည်ဟု သူက ဆိုသည်။
“ယောက်ျားကလည်း မူးယစ်ဆေးသုံး၊ မိန်းမကလည်း လောင်းကစားလုပ်။ နောက်ပိုင်း မိသားစုနဲ့ ပတ်သက်ပြီး ကလေး တွေ မျက်နှာငယ်တာပေါ့။ ကိုယ့်အဖေကလည်း ဘိန်းသမား ဖိုးသမား၊ ကိုယ့်အမေကလည်း ဒီလိုလောင်ကစား ဆော့နေ တယ်ဆိုတော့ ကလေးက အားငယ်တာပေါ့လေ။ ဒါနဲ့ အမျိုးသမီးလည်း လောင်းကစားမလုပ်ဖို့ပေါ့။ တယောက်နဲ့ တ ယောက် ညှိကြတာပေါ့။ မင်း ဒါမလုပ်ဘူးဆို ငါလည်း ဒါမလုပ်ဘူး၊ ငါဖြတ်မယ် လုံးဝဆိုပြီး ဖြတ်ဖြစ်တာပါ” ဟု ပြောသည်။
ဦးခိုင်ထွန်း မူးယစ်စွဲလမ်းမှုအပေါ် နောင်တရချိန်တွင် လောင်းကစားလုပ်သော မိန်းမနှင့် မူးယစ်ဆေးစွဲခဲ့သော သူ၏အကျိုး ဆက်များကြောင့် မူဆယ်မြို့လယ်ကောင်က သူတို့၏ပိုင်ဆိုင်မှု ခြံနှင့်တိုက်တို့ကို လက်လွှတ်ခဲ့ရပြီးလည်း ဖြစ်သည်။
တရုတ်နယ်စပ်ဒေသက တရားဥပဒေ စိုးမိုးမှု မရှိသည့် နေရာများနှင့် လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိသည့် ဒေ သဖြစ်ရာ မူးယစ်ဆေးသုံးစွဲမှုနှင့် ရောင်းဝယ်မှုတို့ကလည်း လျော့နည်းမသွားဘဲ ပိုမိုများပြားလာလျက်ရှိသည်။
၂၀၁၄ ခုနှစ်အတွင်းက မူဆယ်ခရိုင်နယ်စပ်တွင် မူးယစ်ဆေး ဖမ်းဆီးရရှိမှုမှာ ၁၅၅ မှု သာရှိခဲ့ရာမှာ ၂၀၁၅ ခုနှစ်တွင် ၄၄၃ မှု ထိရှိလာခဲ့သည်။ ယခု ၂၀၁၆ ခုနှစ် ဇူလိုင်လကုန်အထိ အမှု ၂၀၀ ကျော် ဖမ်းဆီးရမိထားပြီး ဖမ်းဆီးရမှုထဲတွင် ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားအမှုက အများဆုံးဟု မူဆယ်ခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး တပ်ဖွဲ့စုက ထုတ်ပြန်ထား သည်။
“သုံးစွဲတဲ့သူလည်း ပိုများလာတယ်။ ဖမ်းဆီးရမှုလည်း များလာတယ်။ သုံးစွဲတဲ့သူကကျ ဒီဘက်ကို လာရှူတယ်ဆိုပါတော့။ နယ်စပ်လမ်းကြောင်းတလျှောက်ဆိုတော့ ဟိုဘက်မှာ မောင်းလိုက်ရင် ဒီဘက်ကူးတယ်။ ဒီဘက်မောင်းလိုက်ရင် ဟိုဘက် ကူးတယ်ပေါ့။ ဒီအခြေအနေလေးတွေတော့ ရှိတယ်” ဟု မူဆယ်ခရိုင် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတပ်ဖွဲ့စု ရဲမှူး ဦး တီခေါင်လွန်းက ပြောသည်။
နယ်စပ်ဒေသတွင် မူးယစ်ရောင်းဝယ်မှုများများလာသည်မှာ တရုတ်နိုင်ငံဘက်သို့ ထွက်သည့် လမ်းကြောင်းများရှိခြင်း၊ နိုင်ငံ တကာသို့ သွားသည့် လမ်းကြောင်များ ရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ရဲမှူးက ဆိုပြီး မူဆယ်နယ်စပ်သို့် ၀င်ရောက်သည့် မူး ယစ်ဆေးချက်လုပ်သော ဓာတုဗေဒပစ္စည်းများမှာ တရုတ်နိုင်ငံမှ အဓိက ၀င်ရောက်သည်ဟု သိရသည်။
နယ်စပ်တလျှောက် မူးယစ်ဆေးရောင်းဝယ်မှုနှင့် သုံးစွဲမှုက မြင့်တက်သထက် မြင့်တက်လာနေပြီ ဖြစ်၏။ သို့သော် ထိန်း သိမ်းနိုင်မှုအပိုင်းဘက်က ကြည့်မည်ဆိုလျှင်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ ပေါသောဒေသ၊ တရားဥပဒေစိုးမိုးမှု နည်းပါးသော ဒေသဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များဘက်တွင် အခက်အခဲပေါင်းစုံနှင့်ပင်ဖြစ်သည်။
လက်လှမ်းမီသလောက် ၀န်းကျင်နှင့် ကားလမ်းတလျှောက် အချို့နေရာများလောက်သာ စစ်ဆေးနိုင်သည်ဟု ရဲမှူးက ဆို သည်။ စစ်ဆေးမှုများ သွားရောက်ပြုလုပ်စဉ် ကျဆုံးခဲ့ရသည့် ရဲဘော်များလည်း နှစ်စဉ်ရှိနေသည်ဟု သိရသည်။
“မူးယစ်ဆေးဝါးသမားတွေက လက်နက်ကိုင် အဖွဲ့အစည်းတခုခုမှာ နာမည်ခံပြီး ၀င်နေတာတို့ သူတို့လို အယောင်ဆောင် တာတို့ ဒါမျိိုးတွေလည်း အများကြီးရှိတယ်” ဟု ရဲမှူးက ပြောပြသည်။
မူးယစ်ဆေးသုံးစွဲသူများ တစတစ များပြားလာနေသည့် နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးနှင့် ထိန်းသိမ်းနိုင်ရေး အပိုင်းက စစ်ဆေးဖမ်းဆီးမှုများ လုပ်ရင်း နိုင်သလောက် ထိန်းနေကြသကဲ့သို့ မက်သဒုန်း တိုက်ကျွေးနေသော ဘိန်းအစား ထိုးကုသဌာနလေးများကလည်း တနိုင်ငံလုံးတွင် ဖြန့်၍ လုပ်ဆောင်နေကြသည်။ ယခုဆိုလျှင် တနိုင်ငံလုံး အတိုင်းအတာ နှင့်ဆိုလျှင် စင်တာ ၃၆ ခုအထိ ဖွင့်လှစ်ထားကြောင်းသိရသည်။
မက်သဒုန်းကို သောက်ရင်း ဘိန်းစွဲမှုကို ဖြတ်ဖို့ အားယူနေကြပြီး ပိုမိုကောင်းမွန်သည့် ဘဝတခုဖြင့် အနာဂတ်ကို သွားရန် ပြင်ဆင်နေကြသည့် မူးယစ်နွံကျွံခဲ့သူများ အများအပြားရှိနေကြသည်။
ဦးခိုင်ထွန်းကတော့ မက်သဒုန်းသောက်ပြီး ဆေးခန်းက အပြန်တွင် သူ့အနာဂတ်ကို ယုံကြည်မှုအပြည့်နှင့် အခုလို ပြော သွားခဲ့သည်။
“နောက် ၁ နှစ်လောက်ဆိုရင် ဒီမက်သဒုန်းလည်း နားလို့ရတဲ့ အဆင့်ရောက်သွားပြီဆိုရင်တော့ မိသားစု သိုက်သိုက်ဝိုင်း ၀ုိင်းနဲ့ စည်းစည်းလုံးလုံး နေသွားမှာ။ ရှေ့လျှှောက် ဒါဆက်မလုပ်ဖို့ဘဲ အဓိက ဆုံးဖြတ်ထားတယ်။ ဒါ မလုပ်ဘူးဆို အဆင် ကို ပြေတယ်။ ဒီမူဆယ်မြို့မှာ ဘယ်လိုပဲ ရှာစားစား၊ ဘာပဲ လုပ်စားစား အဆင်ပြေတယ်။ အလားအလာတွေ များပါတယ်” ဟု ပြောသွားသည်။