စီးပွားရေး

ကျိုက်ထီးရိုးရှိ ရိုးရိုးလေးဟိုတယ် လိုင်စင်သိမ်းခံရမှု KNU ကြားဝင်ညှိနှိုင်း

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်ရှိ ရိုးရိုးဟိုတယ် လုပ်ငန်းလိုင်စင် ပြန်လည် ရရှိရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) က ကြားဝင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရိုးရိုးလေး ကုမ္ပဏီအနေဖြင့် ဟိုတယ် ဆောက်လုပ်ရေးတွင် ဥပဒေမဲ့ပြုလုပ်ခြင်း၊ စည်းကမ်း ဖောက်ဖျက်ခြင်း မရှိခဲ့သည့်အတွက် လုပ်ငန်းလိုင်စင် ပြန်လည် ခွင့်ပြုပေးရန် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး လက်မှတ်ရေးထိုးကာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ သြဂုတ် ၃၀ ရက်တွင် စာပေးပို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလားရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ထွေးက “ဝန်ကြီးဌာနရဲ့ ဥပေဒ၊ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့လို့ လိုင်စင်ပြန်သိမ်းတာပါ၊ အခု KNU ရဲ့တောင်းဆိုချက်ကို လူကြီးတွေက ဆွေးနွေးဆုံးဖြတ်ကြမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရိုးရိုးလေး ဟိုတယ် အနေဖြင့် ဝန်ကြီးဌာနသို့ တင်ပြခြင်းမရှိဘဲ ဆောက်လုပ်ခဲ့သည့် အခန်းပို ၁၀၆ ခန်းအား ၁ လအတွင်း ဖျက်သိမ်းရန် ဇူလိုင် ၈ ရက်တွင် ညွှန်ကြားခဲ့သော်လည်း လိုက်နာမှုမရှိသည့် အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၁ ရက်တွင် လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

တရားဝင် လုပ်ငန်း လိုင်စင်တွင် ရိုးရိုးလေး ဟိုတယ်ကို အခန်း ၁၃၅ ခန်း ခွင့်ပြုပေးထားသော်လည်း ဟိုတယ်အနေဖြင့် ဝန်ကြီးဌာနသို့ တင်ပြခြင်း မရှိဘဲ ၁၀၆ ခန်းကို တိုးချဲ့ကာ ၂၄၁ ခန်း ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တိုးချဲ့ထားသည့် အခန်းများဖြစ်သည့် အဆောင်အမှတ် (၅) တွင် အမြင့် ၄၀ ပေနှင့် အဆောင်အမှတ် (၆) တွင် အမြင့် ပေ ၅၀ ရှိသော အန္တရာယ်ရှိနိုင်သည့် အထပ်မြင့် အဆောက်အဦးများ ဖြစ်နေကြောင်းလည်း ဝန်ကြီးဌာနက ဆိုသည်။

ရိုးရိုးလေးကုမ္ပဏီမှာ KNU တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်အတွင်း မီးစိုင်းတောင်ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်ပြီး တိုးချဲ့ခဲ့သည့် အခန်းပိုများ ဖျက်သိမ်းခြင်းကို လက်ခံသော်လည်း မူလလိုင်စင်ကိုပါ မနစ်နာစေလိုသည့်အတွက် KNU ထံသို့ အသနားခံတင်ပြ ခဲ့ကြောင်း KNU က ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ရိုးရိုးလေးကုမ္ပဏီသည် ကျိုက်ထီးရိုးစေတီတော် တောင်တော်တွင် ဟိုတယ်လုပ်ငန်းအပြင် ခရီးသွား မော်တော်ယာဉ်လိုင်း လုပ်ငန်းများပါ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading