စီးပွားရေး

မြန်မာ့ကုန်ထုတ်လုပ်မှု ကျဆင်းနေကြောင်း PMI ညွှန်းကိန်းက ပြသ

Want create site? Find Free WordPress Themes and plugins.

လန်ဒန်အခြေစိုက် သတင်းအချက်အလက်နှင့် လေ့လာဆန်းစစ်မှု ကုမ္ပဏီတခုဖြစ်သည့် IHS Markit မှ စတင် ထုတ် ပြန်ခဲ့သော မြန်မာနိုင်ငံအတွက် “၀ယ်ယူရေး မန်နေဂျာများ ညွှန်းကိန်း” (Purchasing Managers’ Index – PMI) က ၀ယ်လိုအား ကျဆင်းခြင်း၊ ငွေတန်ဘိုး ကျဆင်းခြင်း၊ ထုတ်လုပ်မှု သေးငယ်လာခြင်းများ ရှိနေသည်ဟု ဖော်ပြထားသည်။

PMI သည် ကမ္ဘာပေါ်တွင် စောင့်ကြည့်ခံရမှု အများဆုံး ညွှန်းကိန်းထဲမှ တခုဖြစ်သည်။ ပုဂ္ဂလိကပိုင် စီးပွားရေး၏ အရေးပါသော ကဏ္ဍများမှ ကုန်ထုတ်လုပ်မှု၊ အမှာ အသစ်များရရှိမှု၊ အလုပ်အကိုင် ခန့်ထားမှုနှင့် ကုန်စျေးနှုန်း စသည့် ကိန်းရှင်များကို အခြေခံ၍ လေ့လာတွက်ချက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက် PMI က ယခုနှစ် ဇူလိုင်လအတွင်းတွင် ၄၉.၂ ရှိခဲ့ ရာမှ သြဂုတ်လ ရောက်သည့်အခါ ၄၇.၂ သို့ ကျဆင်းသွားပြီး ၃ လဆက်၍ ကျဆင်းလာခြင်း ဖြစ်သည်။ အချက်အလက် ကောက်ယူမှုများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်ကောက်ယူခဲ့သော်လည်း ယခုမှ ပထမဆုံး အကြိမ် ထုတ်ပြန်ခြင်း ဖြစ်သည်။

စစ်တမ်းကောက်ယူ တွေ့ရှိချက်အရ ကုမ္ပဏီများ ၀န်ထမ်းအရေအတွက် လျှော့ချခဲ့ခြင်းက ၀ယ်လိုအား ကျဆင်းလာခြင်းကို ရောင်ပြန်ဟပ်နေပြီး ကျပ် ငွေတန်ဘိုး ကျဆင်းခြင်းကလည်း သွင်းကုန်အတွက် ကုန်ကျစရိတ်ကို တိုးမြင့်လာစေခဲ့သည်။

IHS Markit မှ Alex Gill က “မြန်မာနိုင်ငံ ကုန်ထုတ်လုပ်ငန်း ကဏ္ဍရဲ့ အခြေအနေ ဆိုးရွားမှုက သြဂုတ်လ အတွင်းမှာ ပြင်းထန်လာခဲ့ပါတယ်။ ထွက်ကုန်၊ အမှာနဲ့ ၀ယ်ယူမှုတွေ အားလုံးက စံချိန်တင် နှုန်းထားနဲ့ ကျဆင်းနေတဲ့အတွက် ၀န်ထမ်း အရေအတွက် လျှော့ချဖို့ ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံး ရရှိခဲ့တဲ့ အချက်အလက်တွေအရ ဆိုးရွားတဲ့ အခြေအနေတွေအပေါ် အဓိက သက်ရောက်စေခဲ့တာကတော့ လာနီညာ ရာသီဥတုနဲ့ လတ်တလော ရေလွှမ်းမိုးမှုတွေ ဖြစ်ပါတယ်” ဟုပြောသည်။

သို့သော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်နိုင်ငံက ကုန်သွယ်ရေးနှင့် အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ပယ်ဖျက်ပေးခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင် စားမှု တိုးလာနေဆဲ ဖြစ်သည်ဟု သိရသည်။

ဒေသတွင်း ဖွံ့ဖြိုးလာနေသော လူလတ်တန်းစားများ၏ ဝယ်ယူသုံးစွဲနိုင်မှုနှင့် လုပ်ခလစာ သက်သာသည့် အလုပ်သမား စျေးကွက်ကို ရယူနိုင်ရန် အရှေ့ တောင်အာရှ အတွင်းသို့ ဝင်ရောက်ရေး စီးပွားရေးလုပ်ငန်းကြီးများက တွန်းအားရှိနေကြာင်းလည်း ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။

IHS Markit က ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတွင်လည်း စစ်တမ်း အသစ်တခု စတင်ကောက်ယူနေသည်။ အာဆီယံအတွင်းမှ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာ နိုင်ငံတို့ ပါ၀င်သော အုပ်စုတခုအတွက်လည်း ကုန်ပစ္စည်းထုတ်လုပ်ရေး ကဏ္ဍတွင် PMI ထုတ်ပေးမည် ဖြစ်သည်။

မြန်မာ့စီးပွားရေး၏ အကြီးဆုံး တွန်းအားများမှာ ကျောက်စိမ်းထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းဟု ဆိုသည်။ သို့သော် ဆောင်ရွက်ရန် များစွာ ကျန်နေသေးသည်။

အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု အများအပြား ကျန်နေဆဲ ဖြစ်သလို နိုင်ငံခြားငွေ ရရှိရေး အဓိက အရင်းအမြစ် တခု ဖြစ်သည့် ကျောက်စိမ်းလုပ်ငန်းကလည်း အကျင့်ပျက်ခြစားမှုများဖြင့် ရှုပ်ထွေးနေသည်။ အင်္ဂလန်နိုင်ငံ အခြေ စိုက် Global Witness ၏ ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံသာတွင် နှစ်စဉ် ကျောက်စိမ်း ထုတ်လုပ်မှုက ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုများပြားဖွယ်ရှိပြီး အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ တန်ကြေးရှိနိုင်သည်ဟု ဖော်ပြထားသည်။ အများစုမှာ စျေးကောင်းရသည့် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ မှောင်ခို တင်ပို့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ပြုလုပ်သည့် ကျောက်မျက်ရတနာ ပြပွဲနှင့် ဆက်စပ်နေသော အမေရိကန် ဒေါ်လာ သန်း ၁၀၀  ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုတခု ဇွန်လအတွင်းက ပြုလုပ်ခဲ့သည်။

မတ်လအတွင်း စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန် စတော့ အိပ်ချိန်းကို စာရင်းသွင်းသည့် ကုမ္ပဏီ အနေဖြင့် First Myanmar Investment Co (FMI) တခုသာ ရှိခဲ့သည်။ နောက်ပိုင်းတွင် စာရင်းသွင်းလာသည့် အခြား ကုမ္ပဏီ ၂ ခုမှာ Myanmar Thilawa SEZ Holdings နှင့် ယခင်လက စာရင်းသွင်းခဲ့သော Myanmar Citizens Bank တို့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading