ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးဘေး ၂ ကြိမ် သင့်ခဲ့သည့် မင်္ဂလာစျေးကို ၂၀၁၆ ခုနှစ် ပွင့်လင်းရာသီတွင် အသစ်ပြန်လည် တည်ဆောက်နိုင်ရေးအတွက် စီစဉ်နေကြောင်း သိရသည်။
မင်္ဂလာစျေးသစ် တည်ဆောက်မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က “ ဖြိုဖျက်ဖို့လုပ်ငန်းကို ပွင့်လင်းရာသီအထိ မစောင့်တော့ဘူး။ တင်ဒါခေါ်ပြီး အမြန်ဆုံးဖျက်မယ်။ ဖြိုဖျက်တာ ဘယ်လောက်ကြာမလဲ မသိဘူး။ ဖြိုဖျက်ပြီးတဲ့အချိန်က ပွင့်လင်းရာသီ ဖြစ်သွားမှာပဲဆိုတော့ ဆက်တိုက် ဆောက်ဖြစ်ပါလိမ့်မယ်” ဟု ဧရာဝတီကို ပြောသည်။
မင်္ဂလာစျေး အဆောက်အအုံဟောင်း ဖြိုဖျက်ရန်အတွက် အမြန်ဆုံး တင်ဒါခေါ်သွားမည်ဖြစ်ကြောင်းနှင့် ဖြိုဖျက်မှုပြီးသည်နှင့် ဆက်တိုက်အသစ် ပြန်လည်ဆောက်လုပ်ရန် စီစဉ်ထားရှိသည်ဟု ဒေါ်သန်းမြင့်အောင်က ဆိုသည်။
စက်တင်ဘာ ၅ ရက်က မင်္ဂလာစျေးသူစျေးသားများနှင့် စည်ပင်သာယာရေး ကော်မတီဝင်များ တွေ့ဆုံခဲ့ကြကြောင်းနှင့် စျေးသူစျေးသားများ၏ တောင်းဆိုချက်အတိုင်း စျေးသစ်အား အမြန်ဆုံးဆောက်လုပ်ပေးမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်က ရေးဆွဲထားသည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းပြပြောဆိုခဲ့သည်ဟု ၎င်းက ပြောသည်။
“ဒီဘက်ကလည်း Plan တွေ ဆွဲနေတယ်။ မင်္ဂလာစျေးသားစျေးသူတွေနဲ့ ကျမတို့ စက်တင်ဘာ ၅ ရက်က တွေ့ကြတယ်။ သူတို့ဘက်ကလည်း ဘယ်အချိန် အမြန်ဆုံးဆောက်မလဲ၊ ဘယ်အချိန်မှာ သူတို့စျေးပေါ် ပြန်ရောက်မလဲဆိုတာ မေးတယ်။ ကျမတို့ဘက်က အမြန်ဆုံးလုပ်ပေးဖို့ ပြောလိုက်တယ်” ဟု ၎င်းက ဆိုသည်။
မင်္ဂလာစျေးသစ်ကို အဆင်မြင့် တည်ဆောက်ရန် ရည်ရွည်ထားကြောင်းနှင့် လက်ရှိအချိန်၌ ရေးဆွဲထားသည့် ဒီဇိုင်းရှိသော်လည်း ပိုမိုကောင်းမွန်သည့်ဒီဇိုင်း ရေးဆွဲနေကြောင်းနှင့် မည်သည့်ဒီဇိုင်းဖြင့် ဆောက်လုပ်သည်ဖြစ်စေ အမြန်ဆုံးတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း ဒေါ်သန်းမြင့်အောင်က ဆိုသည်။
မင်္ဂလာစျေး မီးလောင်ခဲ့ပြီးနောက်ပိုင်း အချိန်ကာလ ၈ လ ကြာမြင့်နေပြီ ဖြစ်သော်လည်း စျေးသစ်ကို မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို မသိရသောကြောင့် မင်္ဂလာစျေးသူစျေးသားများက ၎င်းတို့၏ အခက်အခဲများကို တိုင်းဒေသကြီးအစိုးရ သိရှိစေရန် ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားသာ်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့မှုကြောင့် ဆန္ဒပြမှုကို ဖျက်သိမ်းခဲ့ကြောင်း မင်္ဂလာစျေးသူစျေးသားများက ပြောဆိုသည်။
မင်္ဂလာစျေး စတုတ္ထထပ်တွင် အလှကုန်ဆိုင်ဖွင့်လှစ်ခဲ့သူ မချိုဝတ်ရည်က “ဆန္ဒပြတယ်ဆိုတာ အစိုးရကို သိစေချင်တာ။ သိအောင် တွန်းအားပေးတာပါပဲ။ အရင်က အသစ်ပြန်ဆောက်မယ့် အပေါ်မှာ ၀ိ၀ါဒ ကွဲပြားမှုတွေ ရှိခဲ့ပေမယ့် အခုအစိုးရ ဆောက်ပေးတဲ့အတိုင်း ယူမယ်။ ဒါပေမယ့် မြန်မြန်လေးတော့ ဆောက်ပေးပါ” ဟု ပြောသည်။
မင်္ဂလာစျေးကို ၁၉၉၈ ခုနှစ် ဇူလိူင် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ခုနှစ် မေလတွင် ပထမအကြိမ် မီးဘေးသင့်ခဲ့သည်။ ထို့နောက်မီးလောင်ခဲ့သည့် အထပ်များကို ပြင်ဆင်ခဲ့ပြီး ပြန်လည်စျေးရောင်းချခွင့် ပြုခဲ့ရာမှ ၂၀၁၆ ယခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မင်္ဂလာစျေး ဒုတိယအကြိမ် မီးလောင်ကျွမ်းမှုတွင် ဆိုင်ခန်းပေါင်း ၁,၆၃၆ ခန်း၊ စုစုပေါင်းငွေကျပ် သိန်းပေါင်း ၃၆၀,၆၀၂ သိန်း ပျက်စီးဆုံးရှုံးခဲ့ပြီး လတ်တလောတွင် ဆိုင်ခန်းများကို စျေးဝန်းအတွင်း ယာယီဆိုင်ခန်းများအဖြစ် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပေးထားသည်။