Work.com.mm ဝက်ဘ်ဆိုဒ်က လစဉ် အလုပ်အကိုင်ရှာဖွေရေး စစ်တမ်းကို ထုတ်ပြန်ပေးလျက်ရှိရာ အရောင်းမြှင့်တင်ရေး ဝန်ထမ်း လိုအပ်ချက်မှာ ၅ လဆက်တိုက် မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။
ဒီလို လိုအပ်ချက် မြင့်မားနေရခြင်း အကြောင်းရင်းကတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာခြင်းကနေ ဈေးကွက် တိုးတက် ပြောင်းလဲလာခြင်းက အဓိက ဖြစ်ပါတယ်။ အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး၊ ဈေးကွက်အတွင်း အလုပ်ရှာဖွေမှုနဲ့ လုပ်ငန်းရှင်များက ခေါ်ယူမှု အများဆုံး အလုပ်အကိုင်တွေဟာ စာရင်းကိုင်၊ ဈေးကွက်မြှင့်တင်ရေး (Marketing)၊ အိုင်တီနဲ့ နည်းပညာ၊ အင်ဂျင်နီယာ ရာထူးများ ဖြစ်ကြောင်း သိရပါတယ်။
ဆက်သွယ်ရေး ဝန်ဆောင်မှုနဲ့ အင်တာနက် သုံးစွဲမှုတွေ တိုးတက်လာတာနဲ့အမျှ အလုပ်အကိုင် ရှာဖွေမှုတွေလည်း တိုးတက် ပြောင်းလဲလာပါတယ်။ အွန်လိုင်း အလုပ်အကိုင်ရှာဖွေမှုနဲ့ ဝန်ဆောင်မှုပေးတဲ့ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုဒ်တွေကို အလုပ်အကိုင် ရှာဖွေသူများသာမက ကုမ္ပဏီများကပါ အလုပ်အကိုင်ခေါ်ယူမှုတွေအတွက် အရှိန်အဟုန်မြင့် သုံးစွဲလာကြပါတယ်။
လွန်ခဲ့တဲ့ ဧပြီလက စတင်ပြီးတော့ အလုပ်ရှာဖွေသူတွေဟာ စာရင်းကိုင်နဲ့ အိုင်တီ အလုပ်တွေကို အများဆုံး လျှောက်ထားလျက်ရှိကြောင်း သိရပါတယ်။
လစဉ်ထုတ်ပြန်လျက်ရှိတဲ့ စစ်တမ်းများအရ စာရင်းကိုင်၊ အိုင်တီ ပိုင်းဆိုင်ရာ အလုပ်များနှင့် လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာ အလုပ်အကိုင်များဟာ အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုဒ်ပေါ်မှာ သြဂုတ်လအတွက် အများဆုံး ရှာဖွေကြတဲ့ အလုပ်အကိုင်များအဖြစ် ရပ်တည်နေပါတယ်။
သြဂုတ်လအတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ ဝန်ထမ်းခေါ်ယူမှုများ မြင့်တက်နေပြီး ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတဲ့ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ငပလီတို့မှာလည်း အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ပေးအပ်နေတဲ့ ဒေသတွေအဖြစ် ပါဝင်နေပါတယ်။
အလုပ်အကိုင် ရှာဖွေလျှောက်ထားမှု အချိုးအစားအရ ဇွန်လမှ သြဂုတ်လအတွင်း အမျိုးသမီးဦးရေ အချိုးမှာ ၅၃ ရာခိုင်နှုန်း၊ အမျိုးသားဦးရေ အချိုးမှာ ၄၇ ရာခိုင်နှုန်း ဖြစ်ကြောင်း work.com.mm ရဲ့ လစဉ်အလုပ်အကိုင် ရှာဖွေမှုစစ်တမ်း ကောက်ယူချက်များအရ သိရှိပါတယ်။
“ဒီစစ်တမ်းကို အလုပ်ရှာဖွေသူများနဲ့ ဘွဲ့ကြို၊ ဘွဲ့ရပြီးစ လူငယ်များအတွက် ပြည်တွင်း အလုပ်အကိုင် ဈေးကွက် အခြေအနေများအပေါ် သုံးသပ်လေ့လာပြီး မိမိ၏ ပညာရေးနောက်ခံ၊ ခေတ်စနစ်နှင့် ကိုက်ညီတဲ့ အသက်မွေး ဝမ်းကျောင်းများကို ရွေးချယ် လျှောက်ထားနိုင်စေရန် ရည်ရွယ်၍ လစဉ်ထုတ်ပြန် ပေးနေခြင်း ဖြစ်ပါတယ်” လို့ work.com.mm မှ ပြန်ကြားရေးနဲ့ လူမှုဆက်ဆံရေး မန်နေဂျာ မကေခိုင်က ပြောပါတယ်။