ရွှေတူးဖော်ရေးလုပ်ငန်းများတွင် “ဆိုင်ယာနိုက်” ဓါတုဆေးရည်ကို တရားဝင်အသုံးပြုနိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုထားကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း (မန္တလေးတိုင်း) ဒုတိယအထွေထွေမန်နေဂျာ ဦးဦးကျော်က ပြောသည်။
“ဆိုင်ယာနိုက် သဘောသဘာဝကိုသိပြီး နည်းစနစ်မှန်မှန်နဲ့သုံးရင် အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။ တရားဝင် သုံးခွင့်ပေးလိုက်ရင် Control လုပ်လို့ ရတယ်။ စာရင်းဇယား အချက်အလက်တွေကိုလဲ စိစစ်လို့ရမယ်။ ဒါကြောင့် တရားဝင်သုံးဖို့အတွက် ရုံးချုပ်ထိ တင်ပြထားတယ်” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
၁၉၉၀ သတ္တုတွင်းဥပဒေအရ လူကိုသေစေနိုင်သော ပြင်းထန်အဆိပ်တမျိုးဖြစ်သည့် ဆိုင်ယာနိုက် ဓာတုဆေးရည်ကို အန္တရာယ်ဖြစ်စေနိုင်သော ဓာတုဆေးဝါးအဖြစ် သတ်မှတ်ထားပြီး အများပြည်သူ အလွယ်တကူ သုံးစွဲခွင့်မပြုဘဲ ရွှေတူးဖော်ရာတွင် ဆိုင်ယာနိုက် ဓာတုဆေးရည်အစား ပြဒါးဖြင့်သာ ရွှေဖမ်းယူခွင့် ပြုထားသည်။
ဆိုင်ယာနိုက်ဓာတုဆေးရည် အသုံးပြုပြီး ရွှေဖမ်းသည့်လုပ်ငန်းစဉ်မှာ အကြမ်းဖျင်းအားဖြင့် ၁၈ ပေ ပတ်လည်အကျယ်ရှိ ကန်အတွင်း၌ ဆိုင်ယာနိုက်ဓာတုဆေးရည်ကို ရွှေပါဝင်သည့်မြေစာများနှင့် ရောနှပ်ထားရပြီး ရွှေကိုပြန်လည်စစ်ထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုင်ယာနိုက်ဓာတုဆေးရည် မသုံးဘဲ ပြဒါးဖြင့်သာ ရွှေဖမ်းယူခြင်းသည် ရွှေရရှိနှုန်း အလွန်နည်းသဖြင့် ရွှေတူးဖော်ရေးလုပ်ကိုင်သူ အများစုက လုပ်ငန်းခွင်အတွင်း ဆိုင်ယာနိုက်ဓာတုဆေးရည်ကို တရားမဝင် အသုံးပြုနေကြကြောင်းနှင့် သုံးစွဲမှုများပြားနေသည့်အတွက် ထိန်းချုပ်ရခက်ခဲကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း သပိတ်ကျင်းမြို့နယ်မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက ပြောသည်။
ထို့အခြေအနေများကြောင့် ဆိုင်ယာနိုက်ဓာတုဆေးရည်ကို တရားဝင်အသုံးပြုခွင့်ရရှိရန် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း (မန္တလေးတိုင်း) က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ပြည်ထောင်စုအစိုးရအဆင့်ထိ ဆက်လက်တင်ပြရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ဆိုင်ယာနိုက် ဓာတုဆေးရည်ကို တရားဝင် အသုံးပြုခွင့်ရရှိပါက အမှတ်(၁) စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်ပမှဝယ်ယူပြီး ပြန်လည်ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြောဆိုထားကြောင်း ဦးခင်မောင်ဝင်းက ဆက်ပြောသည်။
ရွှေတူးဖော်ရေးလုပ်ငန်းတွင် နှစ် ၂၀ ကျော်ကြာ လုပ်ကိုင်လျက်ရှိသည့် အောင်သမာဓိရွှေဆိုင်မှ ဦးမော်က “ရွှေထွက်တဲ့ နေရာတွေမှာ ဒါတွေက မသုံးလို့မှ မရတာ။ ဆိုင်ယာနိုက်က တရားဝင် သုံးစွဲခွင့်မရှိသလို နိုင်ငံတော်ကလဲ ပိတ်ပင်ထားတော့ ခိုးသုံးကြတယ်လေ။ တချို့ဆို ဆေးအပြင်းအပျော့ကိုတောင် နှာခေါင်းနဲ့အနံ့ခံပြီး ချိန်ဆကြတဲ့အထိ ဆိုင်ယာနိုက်ကို ယဉ်ပါးနေကြတယ်” ဟု ပြောသည်။
အလားတူ သတ္တုတွင်းလုပ်ငန်းတွင် နှစ် ၃၀ ကျော် လုပ်ကိုင်ခဲ့သည့် သတ္တုတွင်း ကျွမ်းကျင်ပညာရှင် ဦးစိန်မြင့်က “ဆိုင်ယာနိုက်သုံးပြီး ရွှေထုတ်လုပ်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ ဓာတုဆေးတခုမို့ နေရာအနှံလျှောက်သုံးလို့ မရဘူး။ သီးသန့် ဧရိယာတခု သတ်မှတ်ပေးဖို့ လိုအပ်တယ်။ စွန့်ပစ်မြေစာတွေကို မစွန့်ပစ်ခင်မှာလည်း ကျန်းမာရေး၊ သဘာ၀ ပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင်တွေက သေချာစစ်ဆေးပြီး အန္တရာယ် မရှိတော့တဲ့အဆင့်ထိ လျှော့ချပြီးမှ စွန့်ပစ်ဖို့ လိုပါတယ်။ အဲဒီဧရိယာအတွင်းက သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကိုလည်း စောင့်ကြည့်အကဲခတ်မှုတွေ၊ စစ်ဆေးမှုတွေ အမြဲလုပ်နေဖို့ လိုအပ်ပါမယ်” ဟု အကြံပြု ပြောဆိုသည်။
ဆိုင်ယာနိုက်ဓာတုဆေးရည်ကို သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုသုံးစွဲခြင်း၊ ဆိုင်ယာနိုက် ပျော်ဝင်နေသည့် စွန့်ပစ်မြေစာများကို စည်းကမ်းမဲ့ စွန့်ပစ်မှုများလာပါက ၎င်းဧရိယာအတွင်းရှိ ရေများတွင် ဆိုင်ယာနိုက် အဆိပ်သင့်နေပြီး ထိုရေကို သောက်သုံးမိသည့် ကျွဲနွားတိရစ္ဆာန်များ သေဆုံးခြင်း၊ လူများတွင် အဆိပ်သင့်ရောဂါ ရရှိခြင်း စသည့် ဆိုးကျိုးများလည်း ရှိလာနိုင်ကြောင်း ဦးစိန်မြင့်က ဆိုသည်။
မြန်မာနိုင်ငံတွင် ရွှေတူးဖော်ရာ၌ သတ္တုတွင်းလုပ်ငန်း၏ ကြီးကြပ်မှုဖြင့် ဆိုင်ယာနိုက်ဓာတုဆေးရည် တရားဝင် အသုံးပြုခွင့်ရသည့် ရွှေတူးဖော်ရေး ကုမ္ပဏီ ၄ ခု ရှိပြီး၊ ထိုကုမ္ပဏီများမှာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ကျောက်ပုထိုးဒေသရှိ ထာဝရ ကုမ္ပဏီ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ရွှေမင်းပုံးဒေသရှိ အာရှကမ္ဘာမြေ ကုမ္ပဏီ၊ မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိရွှေတောမှ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ရွှေမိုးယံ ကုမ္ပဏီတို့ ဖြစ်ကြကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း (မန္တလေးတိုင်း ဒေသကြီး) ၏ မှတ်တမ်းများအရ သိရသည်။ မန္တလေးတိုင်းအတွင်းရှိ ရမည်းသင်း၊ သပိတ်ကျင်း၊ စဥ့်ကူး မြို့နယ်တို့သည် ရွှေထွက်ရှိမှု အများဆုံးဒေသများ ဖြစ်သည်။