စီးပွားရေး

အငြင်းပွားဖွယ် ရခိုင်အရေး နှင့် ကိုဖီအာနန်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က ရခိုင်ပြည်နယ် ပဋိပက္ခများအား ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကောင်းဆုံး ဖြေရှင်းပေးနိုင်မည့် အကြံပြုချက်များကို လည်း ပေးသွားမည်ဟု ရခိုင်ပြည်နယ် ခရီးစဉ်၌ ပြောဆိုသည်။

ကိုဖီအာနန်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် မကြာသေးခင်က ခန့်အပ်ခြင်းခံထား ရသူ ဖြစ်သည်။

စစ်တွေ မြို့သို့ စက်တင်ဘာလ ၆ ရက်နေ့တွင် ကိုဖီအာနန် ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသဆိုင်ရာ လူမှုအဖွဲ့ အစည်းများ နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုကော်မရှင်၌ မစ္စတာ ကိုဖီအာနန် အပါအဝင် နိုင်ငံခြားသား တချို့ ပါ၀င်နေသည်ဟုဆိုကာ ကန့်ကွက် ဆန္ဒ ပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ကော်မရှင်အပေါ် ဒေသခံများ၏ အမြင်မကြည်လင်မှုနှင့်ပတ်သက်၍ ထိုကော်မရှင်သည် နိုင်ငံခြားသားများ ပါ၀င်သော် လည်း နိုင်ငံခြား ကော်မရှင်တခု မဟုတ်ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း ရခိုင်ပြည်သူ များ ၏ ဆန္ဒ သဘောထားများ အား နားထောင်ခြင်း၊ ရခိုင်ဒေသ၌ ဖြစ်ပွားနေသည့် ပြဿနာ၏ အကြောင်းရင်းများကို ရှာဖွေ၍ ဖြေရှင်းနိုင်မည့် နည်း လမ်း များကို အကြံပေးခြင်းများသာ လုပ်ဆောင်မည်ဖြစ်ကြောင်း ကိုဖီအာနန် က ပြောဆို သည်ဟု ကော်မရှင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးအေးလွင် က ပြောပြသည်။

၎င်းက “ဒီကော်မရှင်ဟာ ဆုံးဖြတ်ပေးမယ့် အဖွဲ့ မဟုတ်ပါဘူး၊ လေ့လာ တွေ့ရှိချက်တွေကို အစိုးရဆီ အကြံပြု တင်ပြ မယ်၊ အစိုးရကပဲ ဆုံးဖြတ် အကောင်အထည် ဖော်ဆောင်ရမှာပါ”ဟုလည်း ပြောသည်။

မစ္စတာ ကိုဖီအာနန်သည် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ နှင့်လည်း တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား နေ သည့် ပဋိပက္ခ၏ အဓိက အကြောင်းရင်းကို မေးမြန်းခဲ့သည်ဟု ဆိုသည်။

ကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့သည် စက်တင်ဘာ ရ ရက်နေ့ နံနက်ပိုင်းကလည်း ရခုုိင်ပြည်နယ် စစ်တွေမြို့ရှိ အောင်မင်္ဂလာ ရပ်ကွက် နှင့် သက်ကယ်ပြင် ဘင်္ဂါလီ ဒုက္ခသည်စခန်း သို့ သွားရောက်ကာ ဒုုက္ခသည်များနှင့် တွေ့ဆုုံ ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ အဓိက ဖြစ်ပွားနေရခြင်းသည် လူဝင်မှု ကြီးကြပ်ရေး ပြဿနာဖြစ်ကြောင်း၊ ထိုပြဿနာအား ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ဖြေရှင်းလျှင် ရနိုင်သော်လည်း အစိုးရ အဆက်ဆက်က အကောင်အထည် ဖော်ဆောင်ခြင်း မရှိသည့် အတွက် ယခုကဲ့သို့ ဖြေရှင်းရ ခက်ခဲသည့် ပြဿနာအဆင့်သို့ ရောက်ရှိသွားရခြင်း ဖြစ်သည်ဟု ပြည်နယ် လွှတ်တော် ဥက္ကဌ က ရှင်းပြခဲ့ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင် က ပြောသည်။

ဦးကျော်လွင် က “မစ္စတာကိုဖီအာနန် ပြောတာကတော့ သူတို့လေ့လာ တွေ့ရှိချက်တွေကို နိုင်ငံတကာကို ဖွင့်ချပြဖို့ မဟုတ်ဘူး၊ မြန်မာ အစိုးရကသာ ဖွဲ့စည်းပေးထားတဲ့အတွက် အစိုးရဆီကိုပဲ အစီရင်ခံတင်ပြရမယ်ဆိုတာ ပြောပါတယ်၊ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အကြံဉာဏ်တွေ ပေးသွားမယ်လို့လည်း ပြောသွားတယ်”ဟုလည်း ပြောဆိုသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက် ရေရှည်ဖွ့ံဖြိုးရေး ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ကောင်းမွန် မှု ဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးနှင့်လူ့အခွင့်အရေးကို လေးစားခြင်း စသည်တို့ကို အပြန်အလှန် ချိတ်ဆက်၍ လုပ်ဆောင်ရန် အရေးပါကြောင်းလည်း ကိုဖီအာနန် က ပြောဆိုခဲ့သည်။

မစ္စတာ ကိုဖီအာနန်က“ဒေသဖွံ့ဖြိုးမှု မရှိရင် ရေရှည်လုံခြုံဖို့ မဖြစ်နိုင်သလို လုံခြုံရေး မကောင်းရင်လည်း ဖွံ့ဖြိုးမှုဆိုတာ ဖြစ် မလာနိုင်ပါဘူး”ဟု ပြောသည်။

ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေး၊ လူမှုဘဝ ကောင်းမွန်လာရေးတို့ အတွက်လည်း အတတ် နိုင်ဆုံး အကြံများပေးသွားမည်ဟု ပြောဆိုခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ပူးပေါင်းပါ၀င်လာစေရန် ကြိုးပမ်း သွားမည်ဟု ကိုဖီအာနန် က ပြောဆိုခဲ့သည်။

ထို့အတူ တရားမျှတရေးနှင့် တန်းတူညီမျှရေးတို့ကို လေးစားတန်ဖိုးထားရန်အတွက် နည်းလမ်းများ ရှာဖွေရန် လိုအပ် မည် ဖြစ်ပြီး ရခိုင်ပြည်သူများ အနေဖြင့် မိမိတို့၏ အနာဂတ်ကို မိမိတို့ ကိုယ်တိုင် ဖန်တီး တည်ဆေက်ရန် လိုအပ်မည် ဟုလည်း တိုက်တွန်းသွားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ်မှ လူမှုအဖွဲ့တချို့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

တွေ့ဆုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် စစ်ဆွေမြို့မိမြို့ဖ အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ဦးသန်းထွန်းက ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သော်လည်း ပါ၀င်ဆွေးနွေးခွင့် မရခဲ့ကြောင်း၊ ထိုကော်မရှင် အနေဖြင့်လည်း ရခိုင်ပြည်တွင်းရေး ပြဿ နာ အား အပြည့်အဝ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၌ မစ္စတာ ကိုဖီအာနန်နှင့် နိုင်ငံခြားသားတချို့ ပါ၀င်နေခြင်းကြောင့် ယင်းကော်မရှင်အား ပြန်လည် သုံးသပ်သင့်ကြောင်း လွှတ်တော်၌ အဆိုတင်သွင်းပြီး ကိုယ်စားလှယ် ၃၄ ဦးက စင်တင်ဘာလ ၆ ရက် နေ့က ဆွးနွေးခဲ့ကြသည်။
ထိုအဆိုအား ကန့်ကွက် ဆွေးနွေးသူများပြားသည့် အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲများသည့် အတွက် အဆို ရှုံးနိမ့်ခဲ့သည်။

ကော်မရှင်၌ နိုင်ငံခြားသား ၃ ဦး ပါ၀င်နေ၍ မိမိတို့ ပြည်တွင်းရေးအား နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာရောက် သဖြင့် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့် ဖွဲ့စည်းရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ပေါက်တော မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဦးအောင်ကျော်ဇံ၏ အဆိုနှင့်ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးက နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဌာနအနေဖြင့် ကော်မရှင် ဖွဲ့စည်းကြောင်း ကြေညာချက်သာ ထုတ်ပြန်ပြီး လွှတ်တော်နှင့် အစိုးရထံ တင်ပြခြင်းမရှိ၍ ဥပဒေ၏ ဘောင်ကို ကျော်လွန်နေကြောင်း၊ အလားတူ ဒီမိုကရေစီ အစိုးရအနေဖြင့်လည်း တနိုင်ငံလုံးနှင့် သက်ဆိုင် သည့် အကြောင်းအရာများကို ပြည်သူများထံ ရှင်းလင်း အသိပေးသင့်ကြောင်း ဆွေးနွေးခဲ့သည်။

မစ္စတာ ကိုဖီအာနန်အား ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခြင်းသည် မိမိနိုင်ငံ အရေးအား ကမ္ဘာ့အရေး အဖြစ်သို့ ရောက်လာစေနိုင်ကြောင်း၊ ထို့အတူ လူ့အခွင့်အရေး ရှေ့တန်းတင်ပြီး ဘင်္ဂါလီ (Boat People) များအား နိုင်ငံသား အဖြစ် လက်မခံနိုင်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးက ဆိုသည်။

ထို့အတူ ရခိုင်အမျိုးသားပါတီ (ANP) မှ ကိုယ်စားလှယ်များကလည်း ရခိုင်အရေး ဖြေရှင်းရာတွင် နိုင်ငံခြားသားများ အား ပါ၀င် ဦးဆောင်စေခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာကို ထိပါးရာ ရောက်သည့်အတွက် ပြည်တွင်းက တတ်သိ ပညာရှင် များဖြင့်သာ ဖွဲ့စည်းသင့်ကြောင်း ထောက်ခံ ဆွေးနွေးကြခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ်များက မစ္စတာ ကိုဖီအာနန်သည် နိုင်ငံတကာက လေးစားရ သည့် ပုဂ္ဂိုလ်ဖြစ်၍ ထောက်ခံကြောင်း၊ ယခင်က မဖြေရှင်းနိုင်ခဲ့သည့် ရခိုင်ပြည်တွင်း ကိစ္စအား ယခုကော်မရှင်က ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည် ဆွေးနွေးသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ရခိုင်ပြည်နယ် အရေးကိစ္စသည် အားလုံးအတွက် အရေးကြီးဆုံး ကိစ္စရပ်တခုဖြစ်သည့်အတွက် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ၀ိုင်းဝန်းဖြေရှင်း အဖြေထုတ်ရမည် ဖြစ်ကြောင်း၊ ထို့အတူ မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင် အဖွဲ့ဝင်များ ကလည်း အဖြေရှာသည့် နေရာ၌ နည်းလမ်းများစွာ ရှာဖွေ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကော်မရှင် အဖွဲ့ဝင် များ နှင့် တွေ့ဆုံပွဲ၌ ပြောဆိုထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၌ မစ္စတာ ကိုဖီအာနန် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦးဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ရုံးက သြဂုတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ယင်း ကော်မရှင်တွင် ပါဝင်သော နိုင်ငံခြားသား ၃ ဦးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ၊ ကိုဖီအာနန် ၏ အကြံပေးဟောင်း လက်ဘနွန်မှ ပညာရှင် ဂါဆန်းဆလာမေး (Ghassan Salamé) နှင့် UNAIDS မှ အကြံပေးဟောင်း နှင့် နယ်သာလန် သံတမန်ဟောင်း လတ်တီးရှား ဗန်ဒင် အက်ဆမ် (Laetitia van den Assum) တို့ဖြစ်သည်။

ကျန် ၆ ဦးမှာ ဦးဝင်းမရ – မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒေါက်တာ သာလှရွှေ – မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ၊ ဦးအေးလွင် – မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ဘာသာရေး အဖွဲ့၊ ဒေါက်တာ မြသီတာ – မြန်မာနိုင်ငံ ဆေးသိပ္ပံ အကယ်ဒမီ ၊ ဦးခင်မောင်လေး – မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်၊ ဒေါ်စောခင်တင့် – ရခိုင် စာပေနှင့် ယဉ်ကျေးမှု အသင်း(ရန်ကုန်) ၊ ရခိုင် အမျိုးသမီး အသင်း တို့ ဖြစ်သည်။

ကော်မရှင်၏ လုပ်ဆောင်ချက်များ၊ ရှေ့ဆက် လုပ်ဆောင်မှုများ အတွက် အများပြည်သူနှင့် ဆက်သွယ်နိုင်ရန် ရန်ကုန် မြို့ ၌ ရုံးခန်းတခု ထားရှိမည် ဖြစ်ပြီး ပြောခွင့်ရ ပုဂ္ဂိုလ်ပါ ထားရှိ ပေးသွားမည်ဟု ကော်မရှင် အဖွဲ့ဝင်များ က ပြော သည်။

ကော်မရှင်၏ သက်တမ်းသည် တနှစ်သက်တမ်း ဖြစ်ပြီး ယင်းကာလ အတွင်း လေ့လာတွေ့ရှိချက်များအား နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးသို့ အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။  ။

Did you find apk for android? You can find new Free Android Games and apps.
Loading