တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့ ရွှေလီမြစ်ကမ်းနဘေးတွင် တည်ဆောက် အကောင်အထည်ဖော်နေသော မူဆယ် ဗဟိုစီးပွား ရေးဇုန်ကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားကြောင်း စီမံကိန်း ဒါရိုက်တာ ဦးငွေစိုးက ပြောပြသည်။
၎င်းက “ကျနော်တို့ ၂၀၁၈ ခုနှစ်မှာအကုန် အပြီး လည်ပတ်နိုင်ဖု့ိ မှန်းထားပြီးသားပါ”ဟု ပြောသည်။
လက်ရှိတွင် စီမံကိန်းဧရိယာအတွင်း ကျောက်မျက်ပြခန်းနှင့် ဟိုတယ် စီမံကိန်းတို့ကို အပြီးသတ်ရန် လုပ်ဆောင်နေဆဲဖြစ် ပြီး အခန်း ၂၄ ခန်းပါ သုံးထပ်ခွဲ တိုက် ၈လုံးကိုလည်း ဆောက်လုပ်ပြီးစီး ရောင်းချနေပြီဖြစ်သည်ကို တွေ့ခဲ့ရသည်။
မူဆယ် ဗဟို စီးပွားရေးဇုန်ကို ရှမ်းပြည်နယ် အစိုးရနှင့် နယူး စတားလိုက် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြု့ချက်ကို ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည့် စီမံကိန်းလည်း ဖြစ်သည်။
ရှမ်းပြည်နယ် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တည်ဆောက် အကောင်အထည်ဖော်သည့် နယူး စတားလိုက် ကုမ္ပဏီ က ရင်းနှီးမတည်ငွေနှင့် လုပ်အားတန်ဖိုးစိုက်ကာ အစိုးရက မြေစိုက်ထုတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
မြေစိုက်ထုတ်သည့် အစိုးရအား မြေတန်ဖိုး၏ ၂၃ ရာခိုင်နှုန်းဖြစ်သည့် ကျပ် သိန်းပေါင်း ၁သိန်း ၉ သောင်းကျော်ကို ကုမ္ပဏီ ဘက်မှ ၂၀၁၉ ခုနှစ်အထိ ပေးသွင်းသွားရမည်ဟု သဘောတူထားပြီး လက်ရှိ ၂၀၁၆ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်း ပေးသွင်းပြီး ဖြစ်ကြောင်း စီမံကိန်းဒါရိုက်တာ ဦးငွေစိုးက ပြောသည်။
၎င်းက“ အခု ၇၀ ရာခိုင်နှုန်းပေးသွင်းပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ၂၀၁၉ အတွင်း ၁၀ ရာခိုင်နှုန်းစီ ခွဲသွင်း သွားဖို့ရှိပါတယ်”ဟု ပြောသည်။
စီမံကိန်း စုစုပေါင်းမြေဧကမှာ ၂၉၄ ဒသမ ၇၈၉ ဧက အထိ ကျယ်ဝန်းပြီး မြေ ၂၅၇ ဒသမ ၁၁ ဧကကို မြေယာနစ်နာကြေး များ သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
ကျန်ရှိသည့် မြေဧကများမှာ နစ်နာကြေးပေးရန် မလိုသည့် အစိုးရမြေများ ဖြစ်သည်ဟု ဦးငွေစိုးက ပြောသည်။
မူဆယ် ဗဟိုစီးပွားရေးဇုန်ကို ဇုန် ၆ ဇုန် ခွဲ၍ တည်ဆောက် အကောင်အထည် ဖော်လျက်ရှိပြီး ဇုန် ၁၊ ဇုန် ၂ နှင့် ဇုန် ၃ တို့ကို ရောင်းဝယ် ဖောက်ကားမှု ဧရိယာဇုန် Commercial Zone များ အဖြစ် ထားရှိသွားမည်ဖြစ်သည်ဟု ဆိုသည်။
ကျန်ဇုန်များ ကို လူနေအိမ်ရာ ဇုန်များအဖြစ် အကောင်အထည် ဖော်သွားမည် ဖြစ်သည်။
စီမံကိန်း အဆုံးသတ်အထိ လက်ရှိရေးဆွဲထားသော အစီအစဉ်အရဆိုလျှင် စုစုပေါင်းဧရိယာ အားလုံး၏ ၃၀ ရာခိုင်နှုန်း ကျော်ကို အများပြည်သူနှင့် ဆိုင်သော Public area အဖြစ် အခြေခံ အဆောက်အအုံများ ထားရှိသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် ဧရိယာများတွင်သာ Bulding area အဖြစ် အကောင်အထည်ဖော်သွားမည်ဟု သတ်မှတ်ထားကြောင်း သိရ သည်။