စီးပွားရေး

ကမ္ဘာ့ဘဏ်အုပ်စု IFC က မြန်မာ့သြဘာကို ဒေါ်လာ ၁၀ သန်း ချေး

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့အစည်းတခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)က ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းဖြစ်သော မြန်မာ့သြဘာလုပ်ငန်းစုအား convertible ချေးငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပ့ံရန်  စက်တင်ဘာလ ၆ရက်နေ့က ရန်ကုန်မြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာ့သြဘာလုပ်ငန်းစု၏ အမှူဆောင်အရာရှိချုပ် ဖြစ်သော ဦးသတိုးဟိန်းက အဆိုပါချေးငွေကို စိုက်ပျိုးရေး လုပ်ငန်းများ တိုးချဲ့ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုလက်မှတ်ထိုးပွဲ အခမ်းအနားတွင် ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“ဒါက အတိုးနှုန်းနည်းတယ်။ ပြီးတော့ နောက်ပိုင်းမှာ ချေးငွေက ကမ္ဘာ့ဘဏ်ရဲ့ ရှယ်ယာတွေအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်”ဟု ဦးသတိုးဟိန်းက ပြောသည်။

အဆိုပါချေးငွေဖြင့် မြန်မာ့သြဘာလုပ်ငန်းစုသည် ရန်ကုန်မြို့မြောက်ဖက် ၃၀ ကီလိုမီတာအကွာတွင်ရှိသော သီးနှံပိုးမွှား ကာကွယ်ရေး ဆေးပစ္စည်းများ ထုတ်လုပ်မည့် စိုက်ပျိုးရေး သွင်းအားစုများ ထုတ်လုပ်ရေး မှော်ဘီစက်ရုံ တည်ဆောာက်ရာတွင် အသုံးပြုသွားမည် ဖြစ်သည်။

ယင်းမှာ မြန်မာနိုင်ငံ၌ ပထမဆုံး ခေတ်အမီဆုံး သီးနှံကာကွယ်ရေး ဆေးပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံ ဖြစ်ပြီး ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထားသော သဘာဝ ပတ်ဝန်းကျင် စံချိန်စံနှုန်းများနှင့် ကိုက်ညီကြောင်း မြန်မာ့သြဘာကဆိုသည်။

“မြန်မာ့သြဘာ လုပ်ငန်းစုကို ကျနော်တို့ရဲ့ ကူညီမှုက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ လိုအပ်နေတဲ့ စိုက်ပျိုး စီးပွားလုပ်ငန်းစဉ်တလျောက် အလုပ်အကိုင်များကိုလည်း ဖန်တီးစေပါလိမ့်မယ်။”ဟု IFC၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Vikram Kumarက အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောသည်။

“လယ်ယာစီးပွားရေးလုပ်ငန်းများမှာ ပံ့ပိုးကူညီခြင်းက IFC၏ မြန်မာနိုင်ငံနှင့် ပတ်သတ်သော ဦးစားပေးလုပ်ငန်းများပဲ ဖြစ်ပါတယ်။ ဒီလိုမှသာ ကျေးလတ်ဒေသဝင်ငွေတိုးတက်လာပြီး ဒီကဏ္ဍမှာလုပ်ကိုင်နေတဲ့ တိုင်းပြည်၏ လုပ်သားအင်အားစု ရ၀ရာခိုင်နှုန်းကို တိုးတက်စေမှာ ဖြစ်ပါတယ်။”ဟု ၎င်းကပြောသည်။

မြန်မာ့သြဘာ လုပ်ငန်းစုက စက်ရုံစီမံကိန်းသည် အလုပ်အကိုင် ၅၀၀ခန့် ဖန်တီးပေးနိုင်ပြီး  နိုင်ငံတဝှမ်းရှိ တောင်သူမိသားစု ၃သန်း၏ စိုက်ပျိုးရေး သွင်းအားစုလိုအပ်ချက်များအား ထုတ်လုပ်ပ့ံပေးနိုင်ရန် မျှော်လင့်ထားသည်။

ယခုတည်ထောင်မည့် စက်ရုံသည် သီးနှံကာကွယ်ရေး ဓါတုပစ္စည်းများ  ပြည်တွင်းလိုအပ်ချက်၏ ၅၀ရာခိုင်နှုန်းအထိ ဖြည့်စွမ်းပေးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

မကြာမီနှစ်များတွင် IFC အနေဖြင့် စိုက်ပျိုးစီးပွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများအား တိုးမြင့်ခဲ့သည်။ ဇွန်လကုန်တွင် ပြီးဆုံးသည့် ၎င်း၏၂၀၁၆ဘဏ္ဍရေးနှစ်အတွင်း IFCမှ စိုက်ပျိုးရေးကဏ္ဍအရပ်ရပ်တွင် ဒေါ်လာ ၃.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ ထုတ်လုပ်မှု အရှိန်မြင့်တင်ခြင်း ငွေပေါ်မြန်စေခြင်း၊ ပို့ဆောင်မှုနှင့် ဖြန့်ဖြူးမှုများ တိုးတက်စေခြင်း၊ မြေပိုင်ဆိုင်မှုနည်းသော တောင်သူများအား ချေးငွေထောက်ပ့ံခြင်း စသည်ဖြင့် စိုက်ခင်းမှသည် သီးနှံစျေးကွက်အထိ အပြန့်ကျယ်စွာ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ဇွန်လအထိ စိုက်ပျိုးစီးပွားရေး ကဏ္ဍအရပ်ရပ်တွင် IFC၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၆ ဘီလီယံရှိပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading