ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာလည်း ဒီအပြောင်းအလဲတွေကို ဆက်လက်လုပ်ဆောင်နေဆဲပါပဲ။
နိုင်ငံရေးမှာ အတိုင်းအတာတခုအထိ တိုးတက်လာတယ်လို့ ပြောလို့ရပေမယ့် စီးပွားရေးကဏ္ဍမှာတော့ မြင်သာတဲ့ ပြောင်းလဲတိုးတက်မှုတွေ မတွေ့ရသေးပါဘူး။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ပိုပြီး ခက်ခဲနက်နဲသလိုလည်း ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ တန်းတူညီမျှအခွင့်အရေးမရှိတာက နိုင်ငံရေးနယ်ပယ်တခုတည်း မဟုတ်ပါဘူး။ အစဉ်အဆက် စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါ အာဏာရှိသူ၊ အစိုးရနဲ့ နီးစပ်တဲ့သူ၊ သတင်းအချက်အလက်ကို ဦးအောင်ရရှိတဲ့ လက်တဆုပ်စာ လူတန်းစားကပဲ ချယ်လှယ်လုပ်ကိုင်ခွင့်ရနေခဲ့တာပါ။
လက်ရှိအချိန် မြန်မာ့စီးပွားရေးကို ဘယ်သူတွေ ဦးဆောင်မောင်းနှင်မလဲ။ ၀ိသမစီးပွားရေးသမားတွေကို ဘယ်လို လမ်းကြောင်းပေါ် ဆွဲတင်မလဲ။ အစိုးရမှာ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ မူဝါဒရှိပြီလားဆိုတာ စဉ်းစားစရာပါ။
ပညာရှင်တွေကတော့ မြန်မာနိုင်ငံရဲ့ပြဿနာဟာ လွဲမှားတဲ့ စီမံခန့်ခွဲမှု ( Mismanagement ) လို့ မြင်ကြပါတယ်။ Public Procurement law မရှိသေးတဲ့အတွက် တင်ဒါကိစ္စတွေကို မစည်းကြပ်နိုင်တာ၊ အခွန်စနစ်ရဲ့အားနည်းချက်တွေကြောင့် အခွန်ကို စနစ်တကျ မကောက်ခံနိုင်တာ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဥပဒေ ကိုယ်တိုင်က အရေးယူလို့မရအောင် လုပ်ထားတာ၊ ပြည်သူလူထုရဲ့ သတင်း အချက်အလက် သိပိုင်ခွင့် Right to knowနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်ဆွဲမထားတာ၊ ယှဉ်ပြိုင်မှု ဥပဒေ( Competition Law ) ရှိပေမယ့် အသက်မဝင်တာတွေဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အချိန်မှာ ကြီးမားတဲ့ အတားအဆီးတွေလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
အကျပ်အတည်းနဲ ့အင်စတီကျူးရှင်း
နိုင်ငံတနိုင်ငံမှာ အကျပ်အတည်း (Crisis)တွေ ဖြစ်တယ်ဆိုရင် ဖြစ်အောင်ဖန်တီးတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ဥပမာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ပဲလုပ်နေပါစေ။ စနစ်( System)နဲ့ ပုံစံကျဖွဲ့စည်းမှု (Structure) မရှိတဲ့အခါမျိုးမှာ အကျပ်အတည်း ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့အခါမျိုးမှာ ဘယ်စနစ်သွားချင်သလဲ ဆိုတာ ရှင်းလင်းဖို ့လိုုအပ်သလို ဒီစနစ်နဲ့ လိုက်လျောညီထွေတဲ့ ပုံစံကျဖွဲ့စည်းမှုလည်း ရှိဖို့ လိုပါတယ်။ ဒီနေရာမှာ အထောက်အကူပြု အစုအဖွဲ ့ဖြစ်တဲ့ အင်စတီကျူးရှင်း(Institution) တွေက အရေးပါလာပါတယ်။
ဒီ အင်စတီကျူးရှင်းတွေက စီးပွားရေးနယ်ပယ်မှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို ထိန်းပေးတဲ့ စနစ်များဖြစ်တယ်။ ဒါ ကြောင့့် ပြုပြင်ပြောင်းလဲမှုနဲ ့အင်စတီကျူးရှင်းက အပြန်အလှန်ဆက်စပ်နေပါတယ်။
“ပြုပြင်ပြောင်းလဲမှုကို လုပ်တယ်ဆိုတာ အင်စတီကျူးရှင်းတွေ အားကောင်းအောင်လုပ်တာပဲ ဖြစ်တယ်”လို ့ မက်ခရို စီး ပွားရေးပညာရှင် ဒေါက်တာမျိုးညွန် ့က ဆိုပါတယ်။
လက်ရှိအနေအထားမှာ အင်စတီကျူးရှင်းတွေ အားနည်းနေပါတယ်။ အစိုးရသစ်က ဒါကို အာရုံစိုက်ပြီး မလုပ်နိုင်သေးပါ ဘူး။ (လုုပ်ဖို့ ပြင်နေတာတွေတော့ တွေ့ရပါတယ်)။ ဒီလိုအနေအထားမှာ ယခင်အစိုးရ လက်ထက်များက ကြီးစိုးနေခဲ့တဲ့ လက်သင့်ရာ စားတော်ခေါ်တဲ့ စနစ်မျိုး( Patron-client Relationship)ပဲ ဆက်လက်ရှင်သန်နေသလို ဖြစ်နေပါတယ်။
ဒါက နီးစပ်ရာကို အခွင့်အရေးပေးပြီး၊ အခွင့်အရေးရသူကလည်း အဲဒါကိုု တဆင့်လက်ဝေခံရောင်းစားနေတဲ့ ပုံစံမျိုးပါ။ ဒါက လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးကို တားဆီးနေတဲ့ အချက်တချက်ပါပဲ။
“ကျနော် တာဂျက်ကစ္စတန်မှာနေတုန်းက စျေးကွက်မှာ ဦးပိုင်လုပ်ငန်းမျိုး( Holding) တွေက ၈၀ ရာနှုန်းလောက် လက်ဝါး ကြီးအုပ်ထားတာတွေ့ရတယ်။ စျေးကွက်စီးပွားရေးမှာက ယှဉ်ပြိုင်သူ ပလေယာ (Player) တွေ များများရှိဖုုိ့ လိုုတယ်။ Patron-client Relationship အရ ရလာတဲ့ အခွင့်အရေးတွေကို တဆင့်လက်ဝေခံ ရောင်းစားနေရင် ထုတ်လုပ်မှု တက် လာမှာ မဟုတ်ဘူး။ ဒါမျိုးလုပ်နေရင် တချိန်ချိန်မှာ အကျပ်အတည်း ဆိုက်မှာပဲ”လို ့ ဒေါက်တာမျိုးညွန် ့က ပြောပါတယ်။
လက်ရှိ စီးပွားရေးအခြေအနေ
မြန်မာနို်င်ငံတော် ဗဟိုဘဏ် ၀က်ဘ်ဆိုက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရ ဒဿမ ၃ ရာခိုင်နှုန်းလို့ ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ် အစပိုင်းလောက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၈ ဒဿမ ၂ ၀န်းကျင် မှန်းခဲ့ကြပေမယ့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် တကယ်တမ်းမှာ ရ ဒဿမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ခန့်် မှန်းတာထက် ကျဆင်းဖို့ အလားအလာရှိနေပါတယ်။
ဗဟိုဘဏ် ၀က်ဘ်ဆိုက်မှာပဲ ငွေကြေးဖောင်းပွမှုကို ၁၂ ဒဿမ ၁၂ ရာခိုင်နှုန်းလို့ ဖော်ပြထားပါတယ်။ ရွှေစျေးကလည်း စက်တင်ဘာလ ရ ရက်နေ့မှာ တကျပ်သား ၈၇၂၅၀၀ ကျပ် ( အခေါက်ရွေ) အထိ စံချိန်တင် မြင့်တက်သွားပြီးတော့ အ မေရိကန် တဒေါ်လာပေါက်စျေးကလည်း ၁၂၂၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာပါတယ်။ ဒီလိုရွေစျေးနဲ့ ဒေါ်လာစျေးတွေ မြင့်တက်နေတာ ငွေကြေးဖောင်းပွမှု မြင့်တက်နေတာကို ဖော်ပြနေတာပါပဲ။
မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကို ကြည့်ရင်လည်း ကျဆင်းနေတာ တွေ့ရပါတယ်။ ရရှိထားတဲ့ ကိန်းဂဏန်းတွေ အရဆိုရင် တော့ ၂၀၁၆ ဧပြီလကနေ စက်တင်ဘာလ ၂ ရက်နေ့အထိ ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၂၆၈ဘီလျံ ဖြစ် နေတဲ့အတွက် မနှစ်ကထက် ကုန်သွယ်မှုပမာဏ ၂၂၉ သန်း လျော့နည်းနေပါတယ်။
ရင်းနှီးမြှုပ်နှံမှုမှာလည်း ပြောပလောက်အောင် ၀င်ရောက်လာခဲ့ခြင်း မရှိသေးပါဘူး။ အစိုးရသစ်လက်ထက်မှာ သြဂုတ်လ ၁၉ ရက်နေ့ အထိ ၀င်လာတဲ့ ပမာဏက ၁ ဒဿမ ၁၆၆ဘီလျံလောက်သာ ရှိနေပါသေးတယ်။
စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကတော့ မြန်မာ့စီးပွားရေးတုံ့ဆိုင်းနေတယ် ဆိုတာမှန်တဲ့ အကြောင်း၊ ကုန်သွယ် ရေးကျဆင်းနေတာလည်း မှန်တဲ့အကြောင်း၊ ငွေကြေးဖောင်းပွမှု တက်တာလည်း မှန်တဲ့အကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွေထင် သလောက် ၀င်မလာတာလည်း မှန်တဲ့အကြောင်း ပြောပြီး ဒီဖြစ်စဉ်တွေအတွက် အကြောင်းရင်းနှစ်ရပ်ကို ထောက်ပြပါတယ်။
“ရင်းနှီးမြှုပ်နှံမှုတွေ မျှော်မှန်းထားသလောက် တက်မလာတာနဲ့ ပတ်သက်ပြီး နှစ်ချက် ရှ်ိတယ်။ တချက်ကတော့ MIC ကို ပြန်လည်ဖွဲ့စည်းနေတာရယ်၊ နောက်တချက်ကတော့ MIC ရဲ့မူဝါဒတချို့ ပြောင်းလဲလိုက်တာရယ်ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် စွမ်းအင်တို့ အရင်းအမြစ်တို့မှာ ရင်းနှီးမြှုပ်နှံမှု ကျသွားတဲ့အတွက် အခုလို လျော့နည်းသွားတာဖြစ်နိုင်ပါတယ်” လို့ ထောက်ပြပါတယ်။
ရင်ကြားစေ့စီးပွားရေးမူဝါဒနဲ့ ခရိုနီ
ပြီးခဲ့တဲ့ဇူလိုင်လ၂၉ ရက်နေ့မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အချက် ၁၂ ချက်ပါတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒသစ် တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအထဲမှာ “ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်သော ဖယ်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကြီးဖြစ် တည်လာစေရေးကို အထောက်အပံ့ ဖြစ်စေသော မူဝါဒအဖြစ် ကျင့်သုံး ရန်” ဆိုတဲ့ အချက်တချက် ပါ၀င်ပါတယ်။
မူဝါဒထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ ရင်ကြားစေ့စီးပွားရေးကို ဘယ်လိုလုပ်ဆောင်မလဲ။ ခရိုနီနဲ့ ရင်ကြားစေ့မှာလား၊ ဒါဟာ စီးပွားရေးလုပ်ငန်းတွေကို တရားမျှတမှု မရှိစွာ ချုပ်ကိုင်ထားတဲ့သူတွေကို မထိဘူးဆိုတဲ့ သဘောလား၊ ပဋိပက္ခတွေ ဖြစ်ပွားစေတဲ့ စီးပွားရေးလုပ်ငန်း (Conflict Business )တွေနဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
ရင်ကြားစေ့ရေးကို ကြိုးပမ်းနေတဲ့အချိန်မှာ ခရိုနီတွေရဲ့စီးပွားရေးကို ဘယ်လိုထိန်းချုပ်နိုင်မလဲ ဆိုတာက ပြဿနာကြီး တခုလို ဖြစ်နေပါတယ်။
လတ်တလော ကာလမှာတော့ အထူးအခွင့်ရေးရခဲ့တဲ့ လူတွေ ဆက်ရှိနေဦးမှာဖြစ်တဲ့အကြောင်း၊ တပြေးညီ ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်း(level Playing Field) မရှိသမျှ စီးပွားရေးပတ်ဝန်းကျင်မှာ ခရိုနီတွေ ကြီးစိုးနေဦးမှာဖြစ်တဲ့ အကြောင်း၊ ဒါ ကြောင့် တပြေးညီ ယှဉ်ပြိုင်နိုင်ခွင့်ရှိတဲ့ စီးပွားရေးဖြစ်ဖို့ အရေးကြီးကြောင်း၊ ယှဉ်ပြိုင်မှု ဥပဒေကို အသက်ဝင်အောင် လုပ် ပေးဖို့လည်းလိုကြောင်း သုံးသပ်မှုတွေလည်းရှိနေပါတယ်။
“တပြေးညီ ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်းတွေ များလာပြီဆိုရင် ခရိုနီကတော့ တဖြည်းဖြည်း လျော့နည်းသွားလိမ့်မယ်။ ဒါ ပေမယ့် အခုတော့ အရင်က အရှိန်နဲ့ ဆက်ရှိနေဦးမယ်”လို့ ဒေါက်တာအောင်ကိုကို( စီးပွားရေးပေါ်လစီ)က ပြောပါတယ်။
လက်ရှိအနေအထားက ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ဒီမိုကရေစီအခြေခံအုတ်မြစ်တွေကိုု ခိုင်မာအောင်ချမှတ်ဖို ့ အရေးကြီးနေပါတယ်။ ဒါက နိုင်ငံရေးအတွက်သာ အရေးကြီးတာ မဟုတ်ဘဲ စီးပွားရေး ပြုပြင်ပြောင်းလဲနိုင်ဖို ့အတွက် လည်း အရေးကြီးနေပါတယ်။
ဒီလို ဒီမိုကရေစီအခြေခံအုတ်မြစ်တွေထဲမှာ တန်းတူညီမျှရှိရေးဟာ စီးပွားရေးအတွက်လည်း အထူးအရေးပါတဲ့အကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
တကယ်တော့ ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်း( Rules of Game )တွေ မျှမျှတတရှိမှ စျေးကွက်စီးပွားရေး ပီပြင်လာမှာ ဖြစ်သ လို ယှဉ်ပြိုင်သူ ပလေယာ (Player ) တွေကလည်း စည်းမျဉ်းနဲအညီ ယှဉ်ပြိုင်သူ (Rule based ) တွေ ဖြစ်လာမှာ ဖြစ်ပါ တယ်။
စည်းမျဉ်းတွေကို ချိုးဖောက်ရင် အားလုံးပျက်သွားမှာပါ။ ဒါဟာ နိုင်ငံရေးမှာသာ မဟုတ်ပါဘူး။ စီးပွားရေးမှာလည်း ဒီအတိုင်းဖြစ်နေတာဖြစ်လို့ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အကျပ်အတည်းတွေ အများအပြားရှိနေဦးမှာဖြစ်တယ်လို့ သုံးသပ်မိပါတယ်။