စီးပွားရေး

စည်ပင်လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် တည်းခိုခန်းများ နိုင်ငံခြားသားဧည့်သည် လက်ခံပါက အရေးယူမည်

Want create site? Find Free WordPress Themes and plugins.

စည်ပင်လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် ဟိုတယ်နှင့် တည်းခိုခန်းများတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို တည်းခိုနေထိုင်ခွင့်ပြုပါက ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက “ ကျနော်တို့ ဝန်ကြီးဌာနကနေ ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေ ထုတ်ပြန်ထားတယ်။ ဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ ဟိုတယ်ကလွဲရင် တခြားဌာန တခုခုက ခွင့်ပြုထားတဲ့ တည်းခိုခန်းတွေ၊ လိုင်စင်မရှိတဲ့ တည်းခိုခန်းတွေအနေနဲ့ နိုင်ငံခြားသားတွေကို ခွင့်မပြုရဘူး သတ်မှတ်ထားတဲ့ သဘောပါ” ဟု ဧရာဝတီကို ပြောသည်။

စည်ပင်သာယာရေးလုပ်ငန်း ခွင့်ပြုလိုင်စင်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော တည်းခိုခန်းများ၌ နိုင်ငံခြားသား ခရီးသည်များ လာရောက်တည်းခိုခြင်းမှ တားဆီးနိုင်ရန် ထိုတည်းခိုရိပ်သာများ၏ အမည်ဆိုင်းဘုတ်ကြေညာများ၌ မြန်မာဘာသာဖြင့်သာ ဖော်ပြပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ယခုလအတွင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“နိုင်ငံခြားသားတွေကို တည်းခိုခွင့်ပြုပေးနိုင်တဲ့ ဟိုတယ်တွေ တည်းခိုခန်းတွေက အင်္ဂလိပ်စာလုံးနဲ့ ကြေညာပေးပါ။ တည်းခိုခွင့် မပြုနိုင်တဲ့ တည်းခိုခန်းတွေက မြန်မာလို့ ကြေညာပေးပါဆိုပြီး ညွှန်ကြားချက်ပေးထားတာ ဖြစ်တယ်” ဟု ဦးမြင့်ထွေးက ဆိုသည်။

ထိုသို့ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ နိုင်ငံခြားသားများကို တည်းခိုခွင့်ပြုမည်ဆိုပါက ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ် ၅ သောင်းကျပ် ဖြစ်စေ၊ သို့မဟုတ် ဒဏ် ၂ရပ်စလုံးကို ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေအရ ကျခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နိုင်ငံခြားသားဧည့်သည်များ လာရောက်တည်းခိုရာတွင် အဆင်ပြေနိုင်စေရန် ရည်ရွယ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ မြို့တော်စည်ပင်၊ နယ်စပ်စည်ပင်တို့ ပူးပေါင်း၍ အထက်ပါအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောဆိုသည်။

ထိုညွှန်ကြားချက်နှင့် ပတ်သက်ပြီး ပဲခူးတိုင်း ပြည်မြို့တွင် တည်းခိုခန်းဖွင့်လှစ် လုပ်ကိုင်သူတဦးက “နိုင်ငံခြားခရီးသွားတွေက ကျနော်တို့ဆီ ရောက်လာချိန်မှာ ခရီးပန်းနေကြပြီ။ နားချင်နေကြပြီ။ ဒီမှာတည်းလို့ မရဘူးလို့ ရှင်းပြလည်း မရဘူး။ နောက်ပြီး တချို့ဧည့်သည်က ပိုက်ဆံမကုန်အောင် အဆင်ပြေသလို တည်းချင်ကြတာ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်ပေါင်း ၁,၃၇၁ လုံး၊ အခန်းပေါင်း ၅၃,၀၀၀ ကျော် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ်အတွင်း (၂၀၁၆ – ၂၀၁၇) မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅.၅ သန်းခန့် လာရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခန့်မှန်းထားရာ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် လာရောက်ကြသည့် ခရီးသွားဧည့်သည် အရေအတွက်မှာ ယနေ့အချိန်အထိ ၂.၄ သန်း ကျော် ရှိနေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading