လျှပ်စစ်ဓာတ်အား ငတ်မွတ်နေသာ မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် ကြိုးစားသောအခါ စွမ်းအင် အတွက် စွမ်းအင်ထုတ်လုပ်မှု ကဏ္ဍမျိုးစုံတွင် ပတ်ဝန်းကျင် ထိခိုက်စေသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို လျှော့ပြီး ရေအားလျှပ်စစ် ထုတ်လုပ်မှု အချိုးအစားကို မြှင့်တင်ကာ ရေရှည်စွမ်းအင် ဗျူဟာကို ပြန်လည် ပြုပြင်နိုင်ရန် ဦးတည်နေသည်။
ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရသော ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ်သည် အာရှ၏ ဆဌမမြောက် အဆင်းရဲဆုံး မြန်မာနိုင်ငံတွင် အလုပ်အကိုင် ဖန်တီးရေးကို ထိပ်တန်းဦးစားပေးများ အနက် တခုအဖြစ် သတ်မှတ်ထားသည်။ သို့သော် နိုင်ငံလူဦးရေ၏ ထက်ဝက်မှာ လျှပ်စစ်ဓာတ်အား မသုုံးစွဲနိုင်ဘဲ အဓိကမြို့ကြီးများတွင် မကြာခဏ မီးပြတ်တောက်မှုနှင့် ကြံုတွေ့ နေရသဖြင့် ရင်းနှီးမြှုပ်နှံသူ ရှာဖွေရေးမှာ ခက်ခဲနေသည်။ ပတ်ဝန်းကျင် ထိခိုက်မှု စိုးရိမ်မှုများကြောင့်လည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများသို့ ပြန်သွားရေးမှာ ပို၍ပင် ခက်ခဲနေပြန်သည်။
မြန်မာနိုင်ငံ၏ ကနဦးစီမံချက်မှာ စွမ်းအင်ကဏ္ဍတွင် ကျောက်မီးသွေး ပါဝင်မှုကို လက်ရှိ ၃ ရာခိုင်နှုန်းမှ ရှေ့လာမည့် ဆယ်စုနှစ် ကုန်တွင် သုံးပုံ တပုံအထိ မြှင့်တင်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်မှုကို လက်ရှိ ၆၃ မှ ၃၈ ရာခိုင်နှုန်းသို့ လျှော့ချရန် ဖြစ်သည် ဟု မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အရာရှိ တဦးက Reuters သတင်းဌာနသို့ ပြသသော စီမံချက်အရ သိရသည်။
သို့သော် အများစုမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် စိတ်မပါကြသဖြင့် စီစဉ်ထားသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည် မဖော်နို်င်တော့ဟု ထိုဝန်ကြီးဌာန ရေအားနှင့် ပြည့်မြဲ စွမ်းအင်စီမံကိန်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက ပြောသည်။
၂၀၃၀-၃၁ ခုနှစ် စွမ်းအင်ထုတ်လုပ်မှု ကဏ္ဍတွင် ရေအားလျှပ်စစ်၏ ပါဝင်မှုကို ၅၀ မှ ၅၅ ရာခိုင်နှုန်းအထိ ခန့်မှန်းပြီး “စီမံချက်သစ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်မှုက အများစုဖြစ်မယ်လို့ မျှော်လင့်ရတယ်” ဟု သူက ပြောသည်။ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုက ကျောက်မီးသွေးသုံးစွဲမှု လျော့ကျစေပြီး တချို့တဝက်ကို ဖြည်းဆည်းနိုင်မည် ဟုလည်း ၎င်းက ဆက်ပြောသည်။
စွမ်းအင်၊ စက်မှုနှင့် သတ္တုတွင်းအပါအဝင် အဓိက ဝန်ကြီးဌာန ၉ ခုတို့သည် ယခုလကုန်တွင် မဟာစီမံချက်မူကြမ်းတခု အပြီး ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ စွမ်းအင်ဗျူဟာကို ညှိနှိုင်းရန် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီးဖြစ်ကာ ယခင်အစိုးရက အတည်ပြုထားသော ရေအားလျှပ်စစ်စီမံကိန်း ၄၉ ကိုလည်း သုံးသပ်စဉ်းစားမှုများ ပြုလုပ်နေသည် ဟု သိရသည်။
၂၀၁၁ ခုနှစ်က အဆုံးသတ်ခဲ့သော ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေး အပြီး မကြံုစဖူး ပြန်လည််ရှင်သန်လာသော စီးပွားရေးကို အကောင်းဆုံး အသုံးချရန် စွမ်းရည်ကို တွန်းအားပေးရန်နှင့် ကမ္ဘာ့ဖွံ့ဖြိုးမှု အမြန်ဆုံးများ အနက် တခု ဖြစ်သော စီးပွားရေး တိုးတက်မှု ၈ ရာခိုင်နှုန်းတွင် ထိန်းထားရန် ကြိုးစားနေစဉ် မြန်မာနိုင်ငံသည် ထိုစီမံကိန်းများကို မည်မျှ မြန်မြန်ပြီးစီးနိုင်မည်၊ မည်မျှ ထပ်မံအကောင်အထည် ဖော်ရန်လိုမည်နှင့် ဘဏ္ဍာငွေ မည်သို့ရရှိမည်ကို သုံးသပ်နေသည်။
“ဒီစီမံကိန်းတွေကို ဦးစားပေးသင့်တယ် ဆိုတာကို အစိုးရသစ်က သဘောပေါက်တယ်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) လို အလားအလာ ရှိတဲ့ ငွေချေးလုပ်ငန်းတွေနဲ့ ဆွေးနွေးဖို့ ကျနော်တို့ကို သူ (ဒေါ်အောင်ဆန်းစုကြည်) က ခွင့်ပြုထားတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် ဦးစီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ဂျပန်နှင့် အမေရိကန်တို့ ဦးဆောင်သော အာရှဘဏ်ကို ရည်ညွှန်းပြောကြားသည်။
၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံရှိ ဆည်နှင့် ဓာတ်အားပေးစက်ရုံ အများအပြားကို တရုတ်က ငွေကြေးပ့ံပိုးပေးခဲ့ပြီး ထိုမှစ၍ အနောက်နိုင်ငံများသည် ၎င်းတို့၏ သြဇာမြန်မာနိုင်ငံတွင် ကြီးထွားရေး အတွက် မြန်မာရှိ လျှပ်စစ်ဓာတ်အား စီမံကိန်းများကို ငွေကြေးထောက်ပ့ံရန် စိတ်ဝင်စားမှု ပြသလာကြသော်လည်း ကျွမ်းကျင်သူများကမူ တရုတ်မှ ရှောင်ကွင်းရေးသည် လွယ်မည်မဟုတ်ဟု ပြောကြသည်။
ပြန်လည် သုံးသပ်နေသော စီမံကိန်းများ အနက် ၃၁ ခုခန့်မှာ တရုတ် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး တရုတ်ကုမ္ပဏီ ၁၁ ခု ပါဝင်ပတ်သက်သည်။ ထိုစာရင်းတွင် ဘေဂျင်းအခြေစိုက် လုပ်ငန်းစုဖြစ်သော Hanergy Holding Group Ltd နှင့် အငြင်းပွားနေသော ဒေါ်လာ ၃.၆ ဘီလီယမ် မြစ်ဆုံစီမံကိန်း၏ နောက်ကွယ်မှ တရုတ်အစိုးရပိုင် CPI Yunnan International Power Investment Co တို့ကဲ့သို့သော အမည်များပါဝင်သည်။
၂၀၁၁ ခုနှစ်က မြစ်ဆုံစီမံကိန်း ဖျက်သိမ်းခြင်းသည် နှစ်နိုင်ငံကြား စိတ်အနှောင့်အယှက် ဖြစ်စရာဖြစ်နေသည်။ ပတ်ဝန်းကျင်ဆို်င်ရာ ပြဿနာများကို ကိုးကား၍ ဆိုင်းင့ံခဲ့ခြင်း ဖြစ်သော်လည်း ထိုဆုံးဖြတ်ချက်မှာ တရုတ်နှင့် ခပ်ခွာခွာနေရန် အားထုတ်မှု ဖြစ်သည်ဟုလည်း မြင်ကြသည်။ ထိုစီမံကိန်း မရေရာမှုကြောင့် နောက်ပိုင်း တရုတ် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များ ရပ်ဆိုင်းသွားသည်။
မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန် တရုတ်ဘက်က တလျှောက်လုံး ပြောကြားနေပြီး နှစ်နိုင်ငံ နယ်စပ်တွင် လှုပ်ရှားနေသော လူမျိုးစုလက်နက်ကိုင် အများအပြား အပါအဝင် လူမျိုးစု လက်နက်ကိုင်များနှင့် ဆွေးနွေးပွဲများတွင် ဒေါ်အောင်တန်းစုကြည်သည် တရုတ်၏ အကူအညီ လိုသောကြောင့် မြစ်ဆုံစီမံကိန်း အတွက် အဖြေရှာရန် အရေးကြီးနေသည်။ ထိုအဖြေသည် တရုတ်ထံမှ ဘဏ္ဍာငွေ ရရှိရေးကိုလည်း လမ်းပွင့်သွားစေနိုင်သည်။
“ကျနော့ အမြင်မှာတော့ မြစ်ဆုံကိစ္စကြောင့် ဒီစီမံကိန်း တည်ဆောက်သူတွေဟာ တရုတ်ဘဏ်တွေကနေ ချေးငွေ မရနိုင်ဘူး” ဟု စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၏ အဆိုပါအရာရှိက ပြောသည်။
ထိုစာရင်းမှ စီမံကိန်း ၅ ခုကို မြန်မာဘဏ္ဍာငွေ ခွဲဝေမှုမှ ငွေကြေးပ့ံပိုးမည် ဖြစ်သော်လည်း ပ့ံပိုးရန် လုံလောက်သော ဘဏ္ဍာငွေ မရှိသဖြင့် နှောင့်နှေးနေရသည်ဟု ထိုအရာရှိက ပြောသည်။ အခြားစီမံကိန်း ရ ခုကို ပြည်တွင်း လုပ်ငန်းများက တည်ဆောက်နေပြီး ကျန်စီမံကိန်းများ အားလုံးကို ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုသည်။
ရပ်ဆိုင်းကာလ ရှည်ကြာသော ရေအားလျှပ်စစ်စီမံကိန်း တချို့အတွက် မြန်မာနိုင်ငံက တင်ဒါသစ်များ ခေါ်ယူနိုင်ပြီး နိုင်ငံတကာ ငွေချေးအဖွဲ့အစည်းများမှ ချေးငွေရရန် ကြိုးစားနိုင်သည်ဟု ထိုအရာရှိကပင် ပြောကာ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် အပါအဝင် အများအပြားက မြန်မာရှိ လျှပ်စစ်နှင့် စွမ်းအင်စီမံကိန်းများကို ပ့ံပိုးရန် စိတ်ဝင်စားနေကြသည်ဟုလည်း ဆက်ပြောသည်။
ပုဂ္ဂလိက ကဏ္ဍနှင့် ပတ်သက်သော ကမ္ဘာ့ဘဏ်၏ လုပ်ငန်းခွဲ ဖြစ်သည့် နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း (International Finance Corporation – IFC) သည် သဘာဝပတ်ဝန်းကျင် ပြဿနာများကြောင့် ကျောက်မီးသွေး စီမံကိ်န်းများကို ငွေကြေးပ့ံပိုးရန် စိတ်ဝင်စားခြင်း မရှိဟု ယင်း ကော်ပိုရေးရှင်း၏ Vikram Kumar က ပြောသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံ၏ ဓာတ်အားသုံးစွဲမှုမှာ ကမ္ဘာ့အနိမ့်ဆုံးတွင် ပါဝင်နေပြီး ၂၀၁၃ ခုနှစ်က တဦးချင်း ဓာတ်အားသုံးစွဲမှုမှာ ပျမ်းမျှ တနာရီ ၁၆၄ ကီလိုဝပ်သာ ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရသည်။ မြန်မာနိုင်ငံသည် ဆူဒန်၊ တိုဂိုတို့နှင့် အကြမ်းဖျင်းအားဖြင့် တူညီပြီး ကမ္ဘာ့ဓာတ်အား သုံုးစွဲမှုအနည်းဆုံး အဆင့် ၁၁ တွင် ရှိသည်။
“ကျနော်တို့ ပြည်ပရင်းနှီးမြှုပ်နှံမှု လိုတယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ရင်ဆိုင်နေရတဲ့ အကြောင်းရင်းခံတွေ၊ စွန့်စားရတာတွေ၊ အရောင်းအဝယ်ပိုင်း စိန်ခေါ်မှုတွေ အများကြီး ရှိတယ်။ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)၊ ကမ္ဘာ့ဘဏ်နဲ့ ADB တို့က ဒီစိန်ခေါ်မှုတွေကို ဘယ်လို အသုံးချ ကျော်လွှားမလဲလို့ အစိုးရကို မေးကြတယ်” ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောသည်။
“ဒါပေမယ့် အစိုးရက အသစ်စက်စက် ဖြစ်နေပြီး လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးရေးကို အမြင့်ဆုံးအထိ မြှင့်တင်ဖို့ အချိန်ယူ ရလိမ့်မယ်” ဟု သူပြောသည်။
( Reuters သတင်းထောက် Shwe Yee Saw Myint နှင့် Antoni Slodkowski တို့၏ Hungry for power, Myanmar bets on hydro in new energy plan ကို ဘာသာပြန်ဆိုသည်)