အမေရိကန် ပြည်ထောင်စုသည် မကြာမီ မြန်မာနိုင်ငံအား ကုန်သွယ်မှု အထူးအခွင့်အရေး စနစ် (Generalized System of Preferences – GSP) ပြန်လည်ခွင့်ပြုမည့် သမ္မတ အိုဘားမား၏ ကြေညာချက်အပြီးတွင် ရန်ကုန် စီပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့ဝင်များက ၎င်းတို့ စိတ်အားတက်ကြွမှုကို ဖော်ပြခဲ့ကြသည်။
မြန်မာနိုင်ငံ၏ မကြာသေးမီက ဒီမိုကရေစီ ဖော်ဆောင်မှု တိုးတက်မှုများကို အသိအမှတ် ပြုသောအားဖြင့် အရေးယူပိတ်ဆို့မှုများ ထပ်မံ ရုပ်သိမ်းသည့် အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူး အခွင့်အရေးများ ပြန်လည်ပေးအပ်မည် ဟု သမ္မတအိုဘားမားက ဗုဒ္ဓဟူးနေ့က အမေရိကန်ကွန်ကရက်သို့ အကြောင်းကြား ခဲ့သည်။
မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်ဒီစီသို့ သွားရောက်ပြီး သမ္မတ အိုဘားမားနှင့်တွေ့ဆုံကာ ကျန်ရှိနေသည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည့် ခရီးစဉ်အတွင်း ယင်းကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို မလိုက်နာခြင်းနှင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများကို စစ်တပ်က သွေးထွက်သံယို နှိမ်နှင်းခဲ့ခြင်းကို တုံ့ပြန်သော အားဖြင့် ၁၉၈၉ ခုနှစ်တွင် မြန်မာ အတွက် GSP စနစ်ကို ရုပ်သိမ်းခဲ့သည်။
အမေရိကန် သွင်းကုန်စံနှုန်းများနှင့် ကိုက်ညီရေးမှာ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း အပါအဝင် မြန်မာ့စီးပွားရေး၏ ဖွံ့ဖြိုးမှုနိမ့်ကျသော ကဏ္ဍများ အတွက် စိန်ခေါ်မှုတရပ် ဖြစ်သော်လည်း GSP ခံစားခွင့် ပြန်လည်ရရှိခြင်းသည် မြန်မာအစိုးရ၏ ရည်မှန်းချက် ကြီးမားသော လက်ရှိသက်တမ်းကုန်မည့် ၂၀၂၀ ခုနှစ်တွင် ပို့ကုန် ၃ ဆတိုးရေးကို အထောက်အကူပြုမည် ဟု စက်မှုလုပ်ငန်းသမားများက ယုံကြည်ကြသည်။
ကုန်သွယ်မှု အထူးအခွင့်အရေး GSP သည် မြန်မာမှ အမေရိကသို့ ကျောက်မျက်နှင့် ကျောက်စိမ်းတင်သွင်းမှုနှင့် မြန်မာသို့ လက်နက်တင်ပို့မှု ပိတ်ပင်ခြင်းတို့ကို သက်ရောက်မည် မဟုတ်ဘဲ ထိုပိတ်ပင်မှု ၂ ခု အတွက် ကွန်ကရက်၏ ပယ်ဖျက်မှု လိုအပ်သည်။
“ဒါဟာ ကျနော်တို့ အတွက် တကယ့်သတင်းကောင်းပဲ။ ပို့ကုန်သမားတွေ ပျော်ကုန်ကြတယ်။ အမေရိကန်ဆီက အထူးအခွင့်အရေး ရဖို့ ကျနော်တို့ မျှော်နေတာ ကြာပြီ” ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
အထည်ချုပ်၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများသည် GSP စနစ်ကြောင့် အထူးအကျိုးခံစားရမည့် အဓိက ပို့ကုန်လုပ်ငန်းများ ဖြစ်သည်ဟု သူက ပြောသည်။
“အထည်ချုပ် စက်ရုံတွေ အနေနဲ့ သူတို့ တင်ပို့တဲ့အခါ အမေရိကမှာ အခွန် မလိုတော့ဘူး။ ရေလုပ်ငန်းနဲ့ လယ်ယာထုတ်ကုန်တွေနဲ့ အတူ သူတို့တွေဟာ တခြားနိုင်ငံတွေနဲ့ ပိုကောင်းကောင်း ယှဉ်ပြိုင်လာနိုင်ပြီး ထိုင်းလို နိုင်ငံတွေကနေ တဆင့် တင်ပို့ဖို့ မလိုတော့ဘူး” ဟု သူဆက်ပြောသည်။
“အမေရိကန်ကုန်သွယ်မှု အထူးအခွင့်အရေးမှာ ကျွန်းသစ်နဲ့ ကျောက်စိမ်းလို တွင်းထွက်တွေ ပါနိုင်ရင် ကျနော်တို့နိုင်ငံ အတွက် ပိုတောင် အကျိုးရှိပါတယ်” ဟုလည်း သူက ဆိုသည်။
၎င်းတို့၏ ဝင်ငွေမှာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၁ ဒသမ ၆ ဘီလီယံသို့ တိုးတက်လာသည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောသည်။ ထိုအသင်းက ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အထည်ချုပ် စက်ရုံ ၁၅၀၀ ခန့်သည် အထည်ညှပ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးခြင်းကို ပိုမိုအာရုံစိုက်ပြီး လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားသည်။
လက်ရှိ အခြေအနေတွင် အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိနေသော ကဏ္ဍ ဖြစ်ပြီး GSP ကြောင့် အထူးအကျိုးခံစားရမည် ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အမေရိကန်အစိုးရက မီးစိမ်းပြသော်လည်း အမေရိကန် ပြည်တွင်းလုပ်ငန်း အဆင့်ဆင့်ကြောင့် GSP ၏ အကျိုးကျေးဇူးများကို ခံစားရရန် အချိန်အနည်းငယ် ကြာနိုင်ပြီး ထိုကာလအတွင်း မြန်မာတင်ပို့သူများသည် အရည်အသွေး ပြဿနာကို ဖြေရှင်းရမည်ဟု ဦးသန်းအောင်ကျော်က ဆိုသည်။
တင်ပို့သူများသည် အမေရိကန် သွင်းကုန်စံနှုန်းများနှင့် အကျွမ်းတဝင် ရှိရန်လိုသည် ဟုလည်း ၎င်းက ဆိုသည်။
“အရည်အသွေး ရည်မှန်ချက် ပြည့်ပြီးသားဖြစ်တဲ့ အထည်ချုပ်ကဏ္ဍ အတွက် မစိုးရိမ်ဘူး၊ ဒါပေမယ့် စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း မှာတော့ ထုတ်လုပ်သူတွေဟာ အရည်အသွေးကို ဂရုတစိုက် စစ်ဆေးဖို့ လိုတယ်” ဟု ဦးသန်းအောင်ကျော်က ပြောသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏမှာ နှစ်စဉ် တိုးတက်နေပြီး ဧပြီမှ သြဂုတ်လကုန် အတွင်းယခင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခုန်တက်လာသည်။ ထိုတိုးတက်မှု၏ အများစုမှာ အထည်ချုပ်လုပ်ငန်းကြောင့် ဖြစ်သည် ဟု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၏ အဆိုအရ သိရသည်။
GSP မှ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားနိုင်ရန် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများ၏ ပါဝင်မှုဖြင့် အရည်အသွေး ထိန်းချုပ်ရေးကို အားဖြည့်ရန် လိုကြောင်းသူက အလေးထား ပြောသည်။
၂၀၁၃ ခုနှစ်က ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဖြေလျှော့ခြင်း၏ အစိတ်အပိုင်းတရပ် အနေဖြင့် လက်နက်မှ လွဲ၍ အခြား ထုတ်ကုန်အားလုံးအပေါ် ကုန်သွယ်မှု အထူးအခွင့်အရေး ပြန်လည်ပေးခဲ့ပြီး ယင်းကြောင့် အထည်ချုပ်နှင့် ရေလုပ်ငန်းများကို အကျိုးပြုခဲ့သည်။