စီးပွားရေး

ကုန်သည်ကြီးများအသင်း ဥက္ကဌ နှင့် ကော်မတီဝင်သစ်များ ရွေးကောက်

မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးအဖွဲ့အစည်းဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI)က ဥက္ကဌ နှင့် ကော်မတီအဖွဲ့ဝင်သစ်များကို ပြီးခဲ့သည့် သီတင်းပတ်က ရွေးချယ်တင်မြောက်ခဲ့သည်။

စက်တင်ဘာလ ၁၇ ရက်နေ့ည မဲခွဲဆုံးဖြတ်ရာတွင် UMFCCI အသင်းချုပ်၏ ဥက္ကဌအဖြစ် ဦးဇော်မင်းဝင်းအား ရွေးချယ်တင်မြောက်ခဲ့သည်။ ဦးဇော်မင်းဝင်းသည် လက်ရှိ သက်တမ်းမကုန်သေးသည့် UMFCCI ဒု ဥက္ကဌတဦးဖြစ်ပြီး မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဌနှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဌ လည်းဖြစ်သည်။ UMFCCI၏ လက်ရှိဥက္ကဌမှာ Dagon International Co. Ltd ဥက္ကဌနှင့် သီလဝါ အထူးစီးပွားရေးဇုန် ကုမ္ပဏီ ဥက္ကဌ ဖြစ်သူ ဦးဝင်းအောင် ဖြစ်သည်။

အဆိုပါ စနေနေ့တွင် UMFCCI အဖွဲ့ဝင်များက ဥက္ကဌ၊ ဒုဥက္ကဌ (၇)ဦးနှင့် အခြားရာထူးများအပါအဝင် အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်ခဲ့ကြရာ ဦးသိန်းဟန်၊ ဒေါက်တာမောင်မောင်လေး Ni Lay Naing Co. Ltd၊ ဦးသောင်းတင် KMD Group of Companies ၊ ဦးလှမောင်ရွှေ Shwe Family ၊ ဒေါက်တာမျိုးသက်၊ ဦးဝေဖြိုး Yatha Cho Co Ltd နှင့် ဦးရဲမင်းအောင် Ayeyar Hinthar Holdings Co. Ltd ဖြစ်ပြီး ၎င်းတို့မှာ စီးပွားရေး နယ်ပယ် ကဏ္ဍအသီးသီးတွင် ဦးဆောင်လျက်ရှိသူများ ဖြစ်သည်။

အထွေထွေ အတွင်းရေးမှူးအဖြစ် Myanmar Liquefied Petroleum Gas Group Company ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကြည်စိုးရွေးချယ်ခံရပြီး တွဲဖက်အထွေထွေအတွင်းရေးမှူးများမှာ ဦးအေးဝင်း၊ ဦးအောင်ခင်မြင့်၊ ဒေါက်တာအောင်သိန်း၊ ဦးသတိုးဟိန်း၊ ဦးကျော်ဒေဝ၊ ဦးမျိုးသန့်နှင့် ဒေါ်ခိုင်ခိုင်နွယ်တို့ ဖြစ်ကြကြောင်း UMFCCI၏ ထုတ်ပြန်ချက်တွင် ပါရှိထားသည်။

အသင်းချုပ် သင်းဖွဲ့စည်းမျဉ်းများ၏ အားနည်းချက်များ ပြန်လည်ပြင်ဆင်၍ မိမိတို့၏ ညီနောင်အသင်းများကိုပါ အားကောင်းရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အသင်းချုပ် ဥက္ကဌ အဖြစ် တာဝန်ယူစဉ်ကာလအတွင်း မိမိ၏ အကျိုးစီးပွားကို မကြည့်ဘဲ အသင်းချုပ်ကြီးကို အားကောင်းသော စီမံခန့်ခွဲမှု ဖြစ်လာစေရန် ကြိုးပမ်းဖို့ လိုအပ်မည်ဖြစ်ကြောင်း ထို UMFCCI၏ ထုတ်ပြန်ချက်တွင် ဦးဇော်မင်းဝင်းက ပြောကြားထားသည်။

အသင်းချုပ်အနေဖြင့် အစိုးရသစ်နှင့် ရင်းနှီးစွာ ထိတွေ့လုပ်ကိုင်နိုင်ရန် လိုအပ်ပြီး မီဒီယာကဏ္ဍ၊ ပြည်သူများနှင့် ထိတွေ့ရသော လုပ်ငန်းများတွင် ပိုမိုထိတွေ့ဆက်ဆံရန် လိုအပ်နေသကဲ့သို့ ညီနောင်အသင်းများကိုလည်း ယခုထက်ပို၍ အထောက်အကူပြုရန် ကြိုးစားသွားရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဦးဇော်မင်းဝင်းကပြောသည်။

ရွေးချယ်တင်မြောက်လိုက်သော အမှုဆောင်အဖွဲ့သစ်တွင် ကျယ်ပြန့်သော စီးပွားရေး နယ်ပယ်မှ အမျိုးသမီး အဖွဲ့ဝင်များနှင့် ငယ်ရွယ်သော အဖွဲ့ဝင်ပါ၀င်မှုနည်းသောကြောင့် စောဒက တက်မှုအချို့ ရှိခဲ့သည်။

“အဖွဲ့ဝင်အသစ်တွေက လူဟောင်းတွေပဲ မဖြစ်သင့်ပါဘူး။ ငယ်ရွယ်တဲ့ စီးပွားရေးသမားတွေ ပိုပြီး ပါ၀င်သင့်ပါတယ်။ အဖွဲ့ဝင်အသစ်တွေ ပြောင်းလဲပြီးတော့ အလုပ်တွေ အများကြီး ပိုမို ဆောင်ရွက်သင့်ပါတယ်”ဟု အမည်မဖော်ပြလိုသော စီးပွားရေးသမားတဦးက ပြောသည်။

“လက်ရှိ ဥက္ကဌ ဦးဝင်းအောင်က သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကို ဆောင်ရွက်နေတာ အဲဒီတော့ သူနဲ့ သူအဖွဲ့က သူတို့အကျိုးစီးပွားအတွက် အခွင့်အလမ်းတွေ ဖန်တီးတယ်လို့စွပ်စွဲခံခဲ့ရတယ်။ အခုချိန်ကတော့ အဲဒီလိုတွေ မရှိသင့်တော့ပါဘူး။”ဟု ၎င်းကပြောသည်။

ဒုဥက္ကဌ အဖြစ် ရွေးချယ်ခံရသော ဦးလှမောင်ရွှေက အသင်းချုပ်၏ အဖွဲ့ဝင်များမှာ အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်တင်မြောက်ရာတွင် ပါ၀င်မဲပေးရန် စာရင်းသွင်းရသည်ဖြစ်ရာ အချို့အဖွဲ့ဝင်များက အချိန်မီ စာရင်းမသွင်းနိုင်ခဲ့သောကြောင့် ကော်မတီ အသစ်တွင် ငယ်ရွယ်သူများနှင့် ထင်ရှားသော စီးပွားရေးသမားများ မပါ၀င်နိုင်ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“ဒီနှစ် အမှုဆောင်သစ်ရွေးချယ်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့လူ စုစုပေါင်း ၁၉၅ဦး ရှိပါတယ်။ ဒါပေမဲ့ အသင်းချုပ်ရဲ့ အဖွဲ့ဝင်အကုန်လုံး မဲမပေးလိုက်ရတဲ့အတွက် မကျေနပ်မှုတချို့တော့ ရှိကောင်း ရှိနိုင်ပါတယ်။” ဟု ဦးလှမောင်ရွှေက ပြောသည်။

“ဒါပေမဲ့ အခုလက်ရှိ ဒုဥက္ကဌဖြစ်ကြတဲ့ ဦးရဲမင်းအောင်၊ ဦးဝေဖြိုးလိုမျိုး ငယ်ရွယ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါ၀င်ပါတယ်”ဟု ဦးလှမောင်ရွှေကပြောသည်။

အကယ်၍ UMFCCI အမှုဆောင်အဖွဲ့သစ်မှာ အသင်းချုပ်ကို ပြန်လည် ပြုပြင်ရန်နှင့် မြန်မာနိုင်ငံ စီးပွားရေး နယ်ပယ်အတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးရန် ပျက်ကွက်ခဲ့လျင် ယင်းအမှုဆောင်အဖွဲ့သစ်မှာ ဝေဖန်ခံရလိမ့်မည်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

“အမှုဆောင်သစ်တွေအနေနဲ့ အစိုးရရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေကနေတဆင့် ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ကျနော်တို့က စီးပွားရေး နယ်ပယ်နဲ့ အစိုးရကြားမှာ စေ့စပ်ညှိနှိုင်းသူတွေအနေနဲ့ ဆောင်ရွက်သွားဖို့ လိုပါတယ်။”ဟု ဦးလှမောင်ရွှေကပြောသည်။

“အခု ရွေးချယ်တင်မြောက်လိုက်တဲ့ ဦးဇော်မင်းဝင်းက ဦးဝင်းအောင်လို အကြီးစား စီးပွားရေးလုပ်ငန်းတွေ မရှိပါဘူး။ အဲဒါကြောင့် အသင်းချုပ်၏ စည်းမျဉ်းတွေက ပြောင်းလဲလာပါလိမ့်မယ်။”ဟု ဦးလှမောင်ရွှေကပြောသည်။

အလုပ်အမှုဆောင်အဖွဲ့ဝင်များက ရွေးကောက်ခံရသော အဖွဲ့ဝင်သစ်များအား မည်သည့်အချိန်တွင် တာဝန်လွဲပြောင်းပေးမည်နှင့် စပ်လျဉ်း၍ သတင်းမရရှိသေးပါ။

UMFCCI သည် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကို ကောင်းမွန်စေရန် ထိန်းသိမ်းပေးသော အဖွဲ့အစည်း ဖြစ်သည်။ UMFCCI ကို ၁၉၉၁ခုနှစ်တွင် ဗမာကုန်သည်ကြီးများ အသင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၃၀၀၀၀ ခန့် ရှိသည်။

Loading