ဦးသိမ်းဝေ၏ First Myanmar Investment (FMI)၊ Serge Pun & Associates နှင့် ဦးဇော်ဇော်၏ Max Myanmar တို့သည် မြန်မာနိုင်ငံတွင် ပွင့်လင်း မြင်သာမှု အရှိဆုံး ကုမ္ပဏီများ ဖြစ်သည်ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB)၏ တတိယမြောက် စစ်တမ်းက ဆိုသည်။
ယင်းအစီရင်ခံစာသည် ကုမ္ပဏီပေါင်း ၁၀၀ ကို စစ်တမ်းကောက်ယူထားခြင်းဖြစ်ပါသည်။ အမှတ်ပေးသည့် စနစ်မှာ ကုမ္ပဏီများ၏ တရားဝင်ထုတ်ပြန်သည့် သတင်း အချက်အလက်များကို အခြေခံထားသည်။ စစ်တမ်းတွင် မေးခွန်း ၃၅ ခုပါ၀င်ပြီး ပြီးခဲ့သည့် ၆ လ အတွင်း ကုမ္ပဏီများ၏ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်း မြင်သာမှု နှင့် လူ့အခွင့်အရေး၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေးစားလိုက်နာမှုများကိုတိုင်းတာ ခြင်းဖြစ်ပါသည်။
MCRB ၏ အဆိုအရ ၎င်းတို့ စစ်တမ်းကောက်ယူခဲ့သည့် ကုမ္ပဏီ ၁၀၀ အနက် ၃၄ ခုမှာ ကိုယ်ပိုင်ဝက်ဘ်ဆိုက်မရှိကြောင်း၊ ရှိသည့် ကုမ္ပဏီ ၄၅ ခုတွင်လည်း ကောင်းမွန်စွာ တည်ဆောက်ထားသည့် ၀က်ဆိုက်များမဟုတ်ပေ။ စီးပွားရေး စီမံအုပ်ချုပ် မှုပိုင်း ဆိုင်ရာ အချက်အလက် အနည်းငယ်သာဖော်ပြထားပြီး သို့မဟုတ် လုံးဝထုတ်ပြန်ပေးထားခြင်း မရှိသော ဝဘ်ဆိုဒ်များဖြစ်နေသည်။
MCRB ၏ ဒါရိုက်တာ Vickey Bowman က ကုမ္ပဏီကြီးများကိုယ်တိုင်က ပွင့်လင်းမြင်သာမှုရှိကြောင်း အချက်အလက်များအား ထုတ်ဖော်ပေးထားခြင်းသည် ဉာဏ်အမျှော်အမြင်ရှိသည့် စီးပွားရေးဖြစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့က ဧရာဝတီသို့ အီးမေးလ်မှ တဆင့်ပြောသည်။
မြန်မာနိုင်ငံမှ အဓိက စီးပွားရေးလုပ်ငန်းကြီး အားလုံးသည် ယင်းလေ့လာမှုကို ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိခဲ့ရသည်ကို ဦးချစ်ခိုင်၊ ဦးဌေးမြင့် နှင့် ဦးခင်ရွှေ တို့ ပိုင်ဆိုင်သည့် ကုမ္ပဏီများကို ရည်ညွှန်းပြောဆိုခဲ့သည်။
ယုဇနကုမ္ပဏီက ယခုစစ်တမ်းအဆင့်တွင် နောက်ဆုံးမှ ရေလျှင် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ဧဒင် အုပ်စုက အောက်ခြေမှ စတင်ရေတွက်လျှင် ၁၁ ခုမြောက်ဖြစ်သည်။ ဇေကမ္ဘာက ၀က်ဘ်ဆိုက် လုံးဝမရှိသည့် ကုမ္ပဏီများထဲတွင် ပါ၀င်နေသည်။
MCRB ၏ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည့် အချိန်နှင့် အိုဘားမား၏ အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့မှုများ ပယ်ချက် ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုသာဖြစ်သည်ဟု Vickey Bowman ကဆိုသည်။ အစီရင်ခံစာ ထုတ်ပြန်သည့် ရက်မှာ သုတေသန အတွက် ရရှိသည့် ၆လ အချိန်စာရင်းအရဆုံးဖြတ် ရခြင်း ဖြစ်သည်ဟု လည်း ရှင်းပြသည်။
“ဒါပေမယ့် ဆက်စပ်နေတဲ့ အကြောင်းအရာတခုတော့ ရှိိပါတယ်။ အခုဆိုရင် အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက် ပေးတော့မှာဆိုတော့ (ကုမ္ပဏီ) တခုနဲ့တခု ကွဲပြားခြားနားမှု ဖြစ်ပေါ်စေမယ့် အရေးပါတဲ့ အချက်ကတော့ ကောင်းမွန်တဲ့ စီးပွားရေး စီမံအုပ်ချုပ်မှု နဲ့ ပွင့်လင်းမြင်သာမှု ဖြစ်ပါတယ်” ဟု သူကထပ်ပြောသည်။
ဦးဌေးမြင့်နှင့် ဦးခင်ရွှေတို့သည် အမေရိကန် နိုင်ငံ၏ အထူးကန့်သတ်ခံရသည့် နိုင်ငံသားစာရင်းတွင် ပါ၀င်သူများ ဖြစ်ကြပြီး ဦးချစ်ခိုင်ကိုလည်း ယင်းစာရင်းတွင် ထည့်သွင်းရန် ထောက်ခံထားသည့် အထဲတွင်ပါ၀င်ခဲ့သည်။
Max Myanmar ကို ဦးဆောင်နေသော ဦးဇော်ဇော် လည်း အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ပါ၀င်သော်လည်း FMI နှင့် Serge Pun & Associates တို့၏ အမှုဆောင်ချုပ် Mr. Serge Pun ပါ၀င်ခြင်း မရှိပါ။
စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် FMI ၏ ကျေညာချက်တစောင်တွင် Mr.Serge Pun က MCRB ၏ အစီရင်ခံစာဖြစ်သည့် မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှု အရှိဆုံး ကုမ္ပဏီစာရင်းတွင် နံပါတ်တစ်အဖြစ် အရွေးခံရခြင်းကို ဂုဏ်ယူကြောင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
Max Myanmar ကလည်း ယခုကဲ့သို့ ထိပ်တန်းဆုတနေရာရရှိခဲ့ခြင်းမှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆောင်ရွက်မှုများ၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြံုမှုဆိုင်ရာ တိုးတက်ကောင်းမွန်ရေးဆောင်ရွက်ချက်များ နှင့် သိမ်းဆည်းမြေများ ပြန်လည်ပေးအပ်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု စက်တင်ဘာလ ၁၈ ရက်နေ့က ကျေညာချက် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း MaxMyanmar သည် ယခင်က မြေသိမ်းယူခြင်း ကဲ့သို့သော အငြင်းပွားဖွယ်ရာ အမျိုးမျိုးတွင်ပါ၀င် ပတ် သက်မှုများ ရှိခဲ့သည်။ Max ကုမ္ပဏီသည် မွန်ပြည်နယ်တွင် ရာဘာစိုက်ပျိုးရေး လုပ်ငန်းအတွက် မြေသိမ်းယူရာတွင် မျှတသည့် လျှော်ကြေး မပေးခဲ့ဟု စွပ်စွဲမှုများ ရှိသည့် သတင်းကို မေလအတွင်းတွင် ဧရာဝတီသတင်းဌာနက ဖော်ပြဖူးပါသည်။ MCRB ကလည်း အဆိုပါ အကြောင်းကို ၎င်းတို့၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။