ပြီးခဲ့တပတ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုးဘားမားတို့ တွေ့ဆုံခဲ့ ပြီးနောက် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပေးမယ့်ကိစ္စနှင့် မြန်မာနိုင်ငံမှ ပို့ကုန်များ အခွန်ကင်းလွတ်ခွင့်( Generalized System of Preference GSP )ကို နိုဝင်ဘာလမှစတင်ပြီး ပြန်လည်ခံစားခွင့်ပြုခဲ့သည်။
၎င်းကိစ္စများ ထွက်ပေါ်လာပြီးနောက် မြန်မာ့စီးပွားရေး အခြေအနေ၊ စျေးကွက်ပြင်ဆင်မှု၊ အစိုးရပိုင်း ပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး စီးပွားရေးဆိုင်ရာ ဆောင်းပါးရှင်လည်းဖြစ် စီးပွားရေးလုပ်ငန်းရှင်တဦးလည်း ဖြစ်သူ ဦးလှမောင်နှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ။ အမေရိကန်အစိုးရဘက်က နှစ်ပေါင်းများစွာ ပိတ်ဆို့ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုကို အခုအစိုးရ လက်ထက်မှာ ရုပ် သိမ်းပေးဖို့ ပြောဆိုတာနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင်တဦးအနေနဲ့ ဘယ်လို မြင်ပါလဲ။
ဖြေ ။ ။ အမေရိကန်ဆန်ရှင်က ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပြီးနောက်ပိုင်း စစ်အစိုးရတက်လာချိန် ဒီမိုကရေစီသမားတွေ ကို အကြီးအကျယ် ဖိနိုပ်ချုပ်ချယ်ခဲ့လို့ မြန်မာနိုင်ငံက ဒီမိုကရေစီ စံနှုန်းနဲ့ရော လူအခွင့်အရေး စံနှုန်းနဲ့ရော ဥပဒေတွေနဲ့ပါ ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် လုပ်ခဲ့တဲ့အတွက် ဒီလို လုပ်တဲ့နိုင်ငံမျိုးကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုမျိုး ရှိတယ်။ ကု လသမဂ္ဂကို တင်ဖို့ကြိုးစားခဲ့ပေမယ့် တရုတ်ပြည်က မြန်မာပြည်ဘက်က ရပ်တည်တဲ့အတွက် အမေရိကန်တဦးတည်း က နေပြီးတော့ ဒီမိုကရေစီအရေး၊ လူအခွင့်အရေး၊ လူသားချင်းစာနာထောက်ထားရေးတွေနဲ့ ဆန်ရှင်ကို လုပ်ခဲ့တာ။
၂၀၀၃ ခုနှစ်ကျတော့ ဒီပဲယင်းကိစ္စက ကမ္ဘာကျော်ခဲ့တဲ့အတွက် အမေရိကန်က (The Burma Freedom and Democracy Act ) ဥပဒေနဲ့ကို ပြဌာန်းလုပ်ကိုင်ရတဲ့ အခြေအနေ ရောက်ခဲ့တယ်။ ၂၀၀၈မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း ကမ္ဘာပေါ် မှာ အရှည်ဆုံးနဲ့ ပုဒ်မအများဆုံး ဥပဒေဖြစ်တော့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်တဲ့အတွက် အမေရိကန်က ဥပဒေကို တခါထပ် ပြီး ဆန်ရှင်လုပ်ခဲ့တယ်။
ဆန်ရှင်ဆိုတာ by Law ထုတ်တာကြောင့် ပယ်ရှားဖို့က ခက်တယ်။ လောလောဆယ် လျှော့ပေါ့တာ၊ ဆိုင်းငံ့တာပဲ လုပ်နိုင် သေးတဲ့ အခြေအနေရှိတယ်။ အခုနောက်ဆုံး အားလုံးကို ပယ်ဖျက်လိုက်မယ့် အဆင့်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက် သွားပေမယ့် သမ္မတအိုးဘားကလည်း သူ့နောက်ဆုံး သက်တမ်းဖြစ်တဲ့အတွက် ဒါကို ပေးသွားချင်တယ်။ ဒါပေမယ့် လွှတ် တော်နှစ်ရပ်ကို တင်ပြရမယ်။ ခဏ အချိန်ယူနေတဲ့ သဘောပါ။ အများပြည်သူ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပါတီခေါင်း ဆောင်တွေ တက်လာတဲ့အတွက် လျှော့ပေါ့ဖို့ထက် ပယ်ဖျက်မယ့် အစီအစဉ် ဖြစ်လာတာပါ။
မေး ။ ။ အရေးယူ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်မယ်ဆိုရင် မြန်မာစီးပွားရေး တဆက်တည်း တိုးတက်လာဖို့က ဘယ်လို လုပ်ငန်းမျိုးကို စတင်ရမလဲ။
ဖြေ ။ ။ မြန်မာစီးပွားရေး တကယ်တိုးတက်ဖို့ အရေးကြီးတာက စီးပွားရေးအရ ကမ္ဘာနံပါတ် ၁ ရောက်နေတဲ့ နိုင်ငံနဲ့ ပူး ပေါင်းလုပ်ကိုင်နိုင်ရင် စီးပွားရေးက တိုးတက်လာမယ်။ မြန်မာနိုင်ငံလို အခုမှ စီးပွားရေး ဖွံံ့ဖြိုးရေး တိုးတက်အောင် ချိန်ဆ ပြီး လုပ်နေရတဲ့နိုင်ငံက ၀န်ဆောင်မှုတို့ ကုန်ထုတ်လုပ်မှုက စတင်ရတယ်။ ပြီးတော့မှ ကုန်သွယ်မှုကို နောက်ဆုံးက လုပ် ကိုင်ရတယ်။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ကိုင်ရ ခက်ခဲခဲ့တယ်လို့ ရှိခဲ့တယ်။ ယခင်က မြန်မာမှာ စီးပွားရေး လုပ်ကိုင်ရင် Under Table လို့ခေါ်တဲ့ အပေးအယူတွေ လုပ်ခဲ့တယ်။ အမေရိကန်က ကိုင် တွယ်နေတဲ့ စီးပွားရေး အခြေခံမှုနဲ့ မကိုက်ဘူး။ နောက်တခုက နိုင်ငံတကာ စီပွားရေးစံနှုန်းနဲ့ မကိုက်တဲ့အတွက် အခု ကိုက် ညီအောင် သေချာလုပ်ပြီးတော့မှ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ဒီကိုလာဖို့ အားပေးမယ်။
မြန်မာကို ၀င်နေတာ KFC ကြက်ကြော်၊ CoCa CoLa ဆိုတာ ကမ္ဘာကျော်ကြီးတွေက အစားသောက်တွေ လာပေမယ့် မြန် မာနိုင်ငံရဲ့ဝယ်နိုင်တဲ့စွမ်းအား လိုတယ်။ ၀င်ငွေကောင်းဖို့အတွက် ပြည်ပပို့ကုန်တွေကို မြှင့်တင်မယ်။ နိုင်ငံတကာကို ပို့နိုင်မှ ၀င်ငွေရပြီး စီးပွားရေး တိုးတက်မယ်။ ပို့ကုန်မြှင့်တင်ဖို့အတွက် ထုတ်ကုန်တွေကို မြှင့်တင်ရမယ်။ ကုန်ထုတ်လုပ်ငန်းတွေကို ဖိတ်ခေါ်ရမယ်။ ပြောရရင် အထည် ချုပ်လုပ်ငန်းတွေ။ မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်း အရေအတွက်က တကယ် နည်းပါသေးတယ်။
အမေရိကန်နဲ့ လျှပ်စစ်စွမ်းအား၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းတွေမှာ ကူညီပံ့ပိုးပေးနိုင်တဲ့ ကော်ပိုရေးကြီးတွေနဲ့ ဆက်သွယ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ရမှ ဖြစ်မယ်။ ဒီဘက်က ဆွဲဆောင်တတ်ဖို့ လိုတယ်။
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ပေါင်းပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းဆို တာလည်း ထွက်နေပြီ။ ဥပဒေကို ကြည့်ရင် နည်းနည်း ရှည်လွန်းတာတွေရှိတာကို ပြန်ချုံ့ပြီးတော့ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းကျမှ ပါရမှာကို ဥပဒေထဲကို ထည့်ဖို့မလိုဘူး။ သူတို့ ရင်းနှီးမြှုပ်နှံချင်လာအောင် ဖန်တီးနိုင်ရင် တိုင်းပြည်အတွက် အကျိုးချည်းပဲ။ အရင်းအနှီး၊ နည်းပညာ၊ သဘာဝစွမ်းအားကို အသုံးပြုခွင့်ရမယ်။ အလုပ်အကိုင်ရမယ်။ တိုးတက်လာမယ်။
မေး ။ ။ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပေးမယ့်ကိစ္စက အရင်က အာဏာရှိသူတွေနဲ့ ပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရခဲ့တဲ့ လူတစုအတွက် အခွင့်အရေးဖြစ်လာမယ့် အနေအထား ရှိလာနိုင်မလား။
ဖြေ ။ ။ ဆန်ရှင်လွှတ်လိုက်ရင် အမေရိကန်စျေးကွက်ကြီးထဲကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေအားလုံး ၀င်ရောက်လုပ်ကိုင်နိုင် ပြီ။ အရင်က အဲဒီဆန်ရှင်ပိတ်ထားလို့ အစိုးရနဲ့ လက်ဝါးချင်း ပေါင်းရိုက်ပြီး လုပ်နေတဲ့ အပေါင်းအပါ စီးပွားရေးသမား ခရိုနီ တွေပဲ လုပ်ခဲ့တယ်။ အဲဒီတော့ အမေရိကန်က သူတို့ကို အမည်ပျက်စာရင်းကြေညာလိုက်တယ်။ ပထမတုန်းက ၂၀၀ ကျော်လောက်ရှိတယ် အခုဆို တဖြည်းဖြည်း လျှော့ခဲ့တယ်။
အရင်တုန်းကတော့ တိုင်းပြည်ခေါင်းဆောင်တွေနဲ့ လက်ဝါးချင်းရိုက် နောက်ကွယ်ကနေ ကြိုးကိုင်ပြီးတော့ လုပ်ခဲ့တာ။ အခု အဲဒီလူတွေက လက်ငုတ်လုပ်ငန်းကြီး အကြီးတွေရှိနေတော့ အရင်းရှင်ကြီးတွေ ဖြစ်လာတယ်။ အခု အရင်းရှင် ဆိုတာက ယနေ့ မြန်မာနိုင်ငံက အကောင်ထည်ဖော်နေတဲ့ စီးပွားရေးလုပ်ငန်းဆိုတာနဲ့ အလွန်ကို ကိုက်ညီတယ်လို့ သုံးသပ်တယ်။ ဒါကြောင့် အရင်းရှင်ကို ပြစ်ပယ်လို့ မရဘူး။ အခုက အရင်းရှင်ခေတ်ဆိုတော့ အရင်းရှင်နဲ့ ပေါင်းရမယ်။ အရင်ခေတ်က အ ရင်းရှင်တွေလိုတော့ မဟုတ်တော့ဘူး။ အခုက အလုပ်သမားဥပဒေတွေ လိုက်နာပြီး လုပ်ရမယ့် အရင်းရှင်။ နောက် အလုပ် သမားကနေပြီးတော့လည်း အရင်းရှင်ဖြစ်လာနိုင်မယ်။
ဒါကြောင့် အရင်ခေတ်က ခရိုနီကို အခု ခရိုနီလို့ မမြင်နဲ့တော့ အရင်းရှင် ဖြစ်သွားပြီ။ အရင်းရှင်ဆိုတာ အရင်းရှင်စီးပွားရေး တရပ်မှာ လိုအပ်တယ်။ အဲဒီအရင်းရှင်ကနေ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအများကြီး ဖြစ်ထွန်းလာလိမ့် မယ်။ ဒါကြောင့် အရင်ကလို အမြင်က ခေတ်နောက်ကျသွားပြီလို့ ပြောလို့ရပါတယ်။
မေး ။ ။ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းစွာနဲ့ ၀င်ရောက်ဖို့ အလားအလာတွေ ရှိလာတဲ့အတွက် အစိုးရပိုင်းကလည်း ဘာ တွေ ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်မလဲ။
ဖြေ ။ ။ လက်ရှိ အစိုးရက စီးပွားရေးမူဝါဒ ၁၂ ချက် ချမှတ်ပြီးပြီ။ ရည်ရွယ်ချက်၊ ရည်မှန်းချက်နဲ့ ကောင်းပါတယ်။ တချို့က နားမလည်ဘူး၊ မူဝါဒက ကျဉ်းတယ်လို့ပြောတယ်။ သူတို့က မူဝါဒရယ် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းဆိုတာကို အကုန်ရောထွေးနေတယ်။
မူဝါဒဆိုက အရှည်ကြီးချရတာ မဟုတ်ဘူး။ လိုရင်းတိုရှင်း ဖြစ်ရမယ်။ အခု ထုတ်လိုက်တာ ကောင်းပါတယ်။ မူဝါဒနဲ့အညီ လက်တွေ့ အကောင်အထည်ဖော်ဖို့က လက်ရှိ အစိုးရက အကုန်ချုပ်ကိုင်ပြီး သူဆီပဲ တင်ရမယ်လို့တော့ မလုပ်ရဘူး။ အဲဒီ လို လုပ်ရင် အကုန်ကြန့်ကြာ နှောင့်နှေးသွားလိမ့်မယ်။ တိုင်းဒေသကြီးဝန်ကြီးတွေကို လုပ်ပိုင်ခွင့် ပေးရမယ်။ တာဝန်ယူမှု တာဝန်ခံမှုတော့ရှိရမယ်။
မေး ။ ။ အစိုးသစ်လက်ထက်မှာ စီးပွားရေးတိုးတက်မှု အခြေအနေကို ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ အစိုးရသစ် တက်လာတာ ရက်ပေါင်း ၁၀၀ ကျော်သွားပြီ။ ရက် ၁၀၀ အတွင်းမှာတော့ စီးပွားရေး အင်မတန် နှေး ပါတယ်။ နောက်လာမယ့် ဒုတိယ သုံးလပတ်မှာ အမေရိကန်နဲ့ ပေါင်းခွင့်ရရင် အများကြီး သာလာပါလိမ့်မယ်။