ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှစ၍ အာရှတွင် အသေးစား တောင်သူလယ်သမားများအတွက် မြေယာပိုင်ဆိုင်ခွင့် သို့မဟုတ် ကာလရှည် ကြာစွာ အသုံးပြုခွင့်ကို ချထားပေးသည့် မြေယာလုပ်ပိုင်ခွင့် သက်တမ်းကို ထူထောင်ပေးနိုင်ခဲ့သည့် အောင်မြင် သော ဇာတ်လမ်း ၅ ခု ရှိပါသည်။ မြန်မာနိုင်ငံက ၆ ခုမြောက် ဖြစ်လာနိုင်ပါမည်လား။
ကမ္ဘာမြေပေါ်တွင် အဆင်းရဲဆုံး မိသားစု ၄ သန်းခန့် တိုက်ရိုက်အကျိုးရှိစေမည့်အပြင် လူဦးရေ သန်း ၅၀ ခန့်ရှိမည့် နိုင်ငံ တခုအတွက် အရေးပါသော ငြိမ်းချမ်းသည့် ဒီမိုကရေစီ ဖြစ်စဉ်နှင့် ကျယ်ပြန့်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည့် ရှားပါးသော အခွင့်အရေးတခုက တံခါး လာခေါက်နေပါသည်။
ပြီးခဲ့သည့် အပတ် မြန်မာ ဒီမိုကရေစီ အစိုးရသစ်၏ ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း ကြည်က အမေရိကန်နိုင်ငံသို့ တရားဝင် သွားရောက်ခဲ့ပါသည်။
အမေရိကန် သမ္မတအိုဘားမား၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် အချိန်က မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အစပိုင်းတွင်သာ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း အတိုက်အခံ အဖြစ်ရှိဆဲ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၌ ပြောကြားခဲ့သော အိုဘားမား၏ မိန့်ခွန်းတွင် အမေရိကန်သမ္မတဟောင်း ဖရန်ကလင် ရုစဗဲ့၏ အခြေခံ လွတ်လပ်ခွင့် ၄ မျိုးဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ အလိုဆန္ဒမှ လွတ်လပ်ခွင့် (အေးချမ်းသာယာသော ဘဝဖြင့် နေထိုင်နိုင်ခွင့်) နှင့် ကြောက်ရွံ့မှုမှ ကင်းလွတ်ခွင့် တို့ကို ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတအိုဘားမားက မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ ဦးတည်တိုးတက်ရေးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ယှဉ်တွဲ နိုုင်မည့် ပူးပေါင်း ဆောင်ရွက်မှုတခုကို အဆိုပြုခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုင်ဆိုင်ခွင့်များက အရေးပါကြောင်း အခိုင်အမာပြောကြားခဲ့သည်။
“သာမန်ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိမယ်ဆိုရင် သူတို့ရဲ့ မြေကို သူတို့ဆီကနေ ယူသွားလို့ မရပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေ အနေနဲ့ ဒီနိုင်ငံမှာရှိတဲ့ ပြည်သူတွေ သူတို့ နေထိုင်တဲ့၊ သူတို့ အလုပ်လုပ်တဲ့ မြေကို အမည်ပေါက် ပိုင်ဆိုင်ခွင့်လိုမျိုး အခြေခံပိုင်ဆိုင်ခွင့်တွေ ရရှိရေးကို သေချာဖို့ လိုပါတယ်။”
နောက်ထပ် ၂ နှစ်ကြာခဲ့ပြီး မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်လာရောက်ခဲ့သည့် အခါတွင်လည်း သမ္မတ အိုဘားမားက မြေ ယာကိစ္စကို ထပ်ပြောခဲ့ပြန်သည်။
“ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အားထားနေရတုန်းပဲ ရှိသေးတယ်။ မြေယာပြုပြင် ပြောင်းလဲရေး ကိစ္စနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ထုတ်လုပ်မှုကိုတိုးမြှင့်နိုင်ဖို့ က အရေးတကြီးနဲ့ ချက်ချင်းဖြေရှင်းရမယ့် ပြဿနာ ဖြစ်ပါတယ်။”
၁၉၄၅ ခုနှစ် တွင် စတင်ခဲ့သော အာရှ၏ မြေယာပြုပြင်ပြောင်းလဲရေးကြီး ၅ ခုက မြေပိုင်ဆိုင်မှု အခွင့်အရေးများ အာမခံခဲ့ပြီး ကျယ်ပြန့်သော စီးပွားရေးတိုးတက်မှုများ အောင်မြင်ရေးအတွက် အခြေခံများ ချမှတ်ပေးခဲ့သည်။ (ဒီမိုကရေစီ ဖြစ်ထွန်းရေးနှင့် ဆက်သွယ်မှု ပုံမှန်မဟုတ်ခဲ့သော်လည်း သေချာသည်မှာ အဆိုပါ မြေယာ ပြုပြင်ပြောင်းလဲရေးများသည် လုပ်ပိုင်ခွင့် အတိုင်းအတာ ပိုမိုကျယ်ပြန့်လာရန် အထောက်အကူပေးနိုင်ခဲ့သည်။) ယခုအခါ ဒီမိုကရေစီ နိုင်ငံများဖြစ်လာသည့် ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ် စသည်တို့နှင့် တရုတ်နှင့် ဗီယက်နမ် နိုင်ငံများဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံမှ ၂၁ ရာစု မြေယာအခွင့်အရေး ပြုပြင်ပြောင်းလဲရေးက ပေါ်ပေါက်ခဲ့ပြီးသော ပြုပြင်ပြောင်းလဲ ရေး ၅ ခုကို ပုံတူကူးရန် မလိုအပ်ပါ။ အဆိုပါ ပြုပြင်ပြောင်းလဲရေးများက လယ်အငှားလုပ်ရသည့် လယ်သမားများက ယခင် မြေပိုင်ရှင်ကြီးများ ပိုင်ဆိုင်ခဲ့သော လယ်မြေများကို ပိုင်ဆိုင်သူများ ဖြစ်လာအောင် ပြောင်းလဲရေးကို အဓိက ထားခဲ့သည်။
မြန်မာနိုင်ငံမှ မြေယာအခွင့်အရေး ပြုပြင်ပြောင်းလဲရေးများက ရှေ့တွင် အောင်မြင်ခဲ့ပြီးသော ပြုပြင်ပြောင်းလဲရေးများနှင့် တူညီမှုအချို့ ရှိလိမ့်မည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးက အဓိကအနေဖြင့် နိုင်ငံအတွင်းမှ မြေယာမဲ့ များနှင့် ကျေးလက်ဒေသမှ ဆင်းရဲနွမ်းပါးမှု ၂ ခုလုံးကို ဦးတည်သည့် အခြေခံအချက်များကို ထည့်သွင်းဖော်ဆောင်ဖွယ်ရာ ရှိနေသည်။ ၂၀ ရာစုက ပြုပြင်ပြောင်းလဲရေးများတွင် အရေးပါသည့် အချက်အချို့ ကျန်နေခဲ့သည်ကိုလည်း အသိ အမှတ်ပြုရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ရန် လိုအပ်သည့် အဓိက အခြေခံ အချက်များမှာ
– လက်ရှိတွင် အနည်းငယ်သာ ပိုင်ဆိုင်သူများ၏ မြေပိုင်ဆိုင်မှု သက်တမ်းကို ခိုင်မာအောင် ပြုလုပ်ပေးခြင်း
– သန်းနှင့် ချီသော မြေပိုင်ဆိုင်သူ အသစ်များ ပေါ်ပေါက်လာစေရန် ရနိုင်သည့် အများပိုင်မြေများကို ပြန် ခွဲေ၀ ချထားပေးခြင်း
– အမျိုးသမီးများ မြေပိုင်ဆိုင်ခွင့်ကို ပိုမို တိကျ ကျယ်ပြန့်လာစေရန် ဆောင်ရွက်ခြင်း
– မြေ လုံး၀ မရှိသူများအတွက် အသေးစား မြေကွက်ငယ်များ ဖန်တီးပေးခြင်း
– ထုံးတမ်း အစဉ်အလာအရ မြေပိုင်ဆိုင်ခွင့်များကို ခိုင်မာအောင် ပြုလုပ်ပေးခြင်း
– အိန္ဒိယ နိုင်ငံမှ Bhoodan လှုပ်ရှားမှုကဲ့သို့ မြေအများအပြား ပိုင်ဆိုင်သူများက စေတနာအလျှောက် ခွဲဝေလှူဒါန်းပေး ခြင်း တို့ ဖြစ်ပါသည်။
ပြီးခဲ့သည့် ၃ နှစ်ခွဲခန့် ကာလအတွင်း မြန်မာနိုင်ငံတွင် ကျနော်တို့ (USAID နှင့် Omidyar Network တို့၏ အကူအညီဖြင့်) ဆောင်ရွက်ခဲ့သည့် လုပ်ငန်းမှာ ထိပ်ပိုင်းခေါင်းဆောင်များ (NLD ခေါင်းဆောင်များသာ မဟုတ်ဘဲ ရာထူးမစွန့်မီ အမျိုးသား မြေအသုံးချရေး မူဝါဒကို အကောင်အထည်ဖော်ခဲ့သည့် ယခင် အစိုးရ ခေါင်းဆောင်များလည်း ပါဝင်ပါသည်) က ကျယ်ပြန့် ပြည့်စုံသော မြေအသုံးချမှု ပြုပြင်ပြောင်းလဲရေးတခု လိုအပ်နေကြောင်း နားလည်လာရန် စည်းရုံးခြင်း ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် အမေရိကန်ခရီးစဉ်တွင် တွေ့ဆုံခဲ့သည့် နိုင်ငံခေါင်းဆောင်များနှင့် အခြားသူများက အာရှ၏ ၆ ခုမြောက် မြေယာပြုပြင်ပြောင်းလဲရေးကို ကူညီ အားပေးရန် အခွင့်အရေးကို အမိအရ ယူကြလိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။
(Roy Prosterman သည် ဆင်းရဲနွမ်းပါးသူများ မြေပိုင်ဆိုင်ခွင့် ရရှိစေရေးအတွက် နှစ်ပေါင်း ၅၀ ခန့် ဆောင်ရွက်ပေးခဲ့ သော အကျိုးမမြတ် မယူသည့် အဖွဲ့အစည်းတခု ဖြစ်သည့် Landesa ကို တည်ထောင်သူ နှင့် ဥက္ကဌဟောင်း ဖြစ်ပါသည်။ ဝါရှင်တန် တက္ကသိုလ် ဥပဒေကျောင်းမှ အငြိမ်းစား ပါမောက္ခတဦးလည်း ဖြစ်ပါသည်။THOMSON REUTERS FOUNDATION တွင် ဖော်ပြထားသော ၎င်း၏ Myanmar: The Next Great Land Tenure Reform Story? ကို ဘာသာပြန်ဆိုသည်။))