စီးပွားရေး

ဒေါ်လာစျေး ၁၂၆၅ ကျပ်သို့ ရောက်ရှိပြီး ရွှေစျေး ၉ သိန်းနီးပါးရှိလာ

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းတွင် အမေရိကန် ဒေါ်လာစျေးများ တရိပ်ရိပ် မြင့်တက်လာနေပြီး ယခုအခါ ပြင်ပ ဒေါ်လာ ပေါက်စျေးနှုန်း သည် တဒေါ်လာ လျှင် ၁၂၆၅ ကျပ်အထိ ရောက်ရှိလာကြောင်း ငွေကြေးစျေးကွက် အတွင်း လုပ်ကိုင်နေသူများ က ပြောသည်။

“ဒေါ်လာစျေးကွက်က အဝေးစျေးလို့ခေါ်တဲ့ နယ်စပ်စျေးကလည်း မာတယ်၊ ဗဟိုဘဏ်ကလည်း တက်တယ်၊ အာရှမှာ လည်း ဒေါ်လာက မာလာတဲ့အတွက်၊ ဒေါ်လာငွေက ရှားလာတဲ့အတွက် ဒေါ်လာစျေးက အခုစျေးကွက်မှာ တဒေါ်လာ ကို ၁၂၆၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်။ ပို့ကုန်ရငွေ Earning စျေးဆိုရင် တဒေါ်လာ ၁၂၆၅ ကျပ်ဖြစ်နေ တယ်” ဟု ငွေကြေး စျေးကွက်ကျမ်းကျင်သူ တဦးက ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ဒေါ်လာပြင်ပပေါက်စျေးမှာ တဒေါ်လာလျှင် ၁၂၆၅ ကျပ် ရှိပြီး ပုဂ္ဂလိ က ဘဏ်များတွင် ဖြစ်ပေါ်နေသည့် စျေးနှုန်းမှာ တဒေါ်လာလျှင် ၁၂၄၅ ကျပ် ရှိသည်။

ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားမှာ တဒေါ် လာလျှင် ၁၂၃၅ ကျပ် ရှိနေသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြင်ပဒေါ်လာ ပေါက်စျေးမှာ တဒေါ်လာလျှင် ၁၂၅၅ ကျပ် ရှိခဲ့ပြီး ပုဂ္ဂလိက ဘဏ် များတွင် တဒေါ်လာလျှင် ၁၂၃၂ ကျပ်ရှိခဲ့သည်။ ဗဟိုဘဏ်၏ သတ်မှတ်နှုန်းမှာ တဒေါ်လာလျှင် ၁၂၃၂ ကျပ် ရှိခဲ့သည်။

ဒေါ်လာစျေး တက်ခြင်းနှင့် ပတ်သက်ပြီး ဗဟိုဘဏ် တာဝန်ရှိသူ တဦးက “ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းမှာက ပြင်ပစျေးကွက်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လိုက်သတ်မှတ်ရမယ် ဆိုတာ ပါတယ်။ ပြင်ပ စျေး ကွက်နဲ့ လိုက်လျှောညီထွေ လုပ်ရမယ်ဆိုပေမယ့် ပြင်ပစျေးကွက်က စျေးကစားတဲ့စျေးကွက် မဖြစ်ဖို့လိုတယ်။ ဒါကို ဗဟိုဘဏ်က စိစစ်စောင့်ကြည့် သင့်တယ်။ မဟုတ်ရင် စျေးကစားတဲ့ အတိုင်း လိုက်နေရင်တော့ ဗဟိုဘဏ် သတ်မှတ် နှုန်းက ၁၃၀၀ အထိလည်း ရောက်သွားနိုင်တယ်”ဟု ပြောသည်။

ဗဟိုဘဏ်၏ ဒေါ်လာစျေး သတ်မှတ်နှုန်းသည် စက်တင်ဘာ ၁ ရက်နေ့တွင် တဒေါ်လာလျှင် ၁၂၁၀ ရှိခဲ့ရာမှ တဖြည်း ဖြည်း မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်နေ့တွင် တဒေါ်လာ ၁၂၃၅ ကျပ် သတ်မှတ်လိုက်သဖြင့် တလ အတွင်း တဒေါ်လာ လျှင် ၂၅ ကျပ် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

စျေးကွက်အတွင်း ဒေါ်လာစျေးနှုန်းများ မြင့်တက်လာခြင်းသည် ခိုင်မာသည့် အကြောင်းပြချက်မရှိဘဲ စျေးကွက် မျှော်မှန်းချက်ဖြင့် လုပ်ကိုင်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဒေါ်လာစျေးတက်ရခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးလှမောင်က “ စျေးကွက် ကစားနေတဲ့ သဘောပါ။ ဆန်ရှင် လွှတ်တဲ့ သတင်း ထွက်ပြီးကတည်းက တက်နေတာ။ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေကလည်း တွေက စျေးကြီး လာတယ်ဆိုတဲ့ ဂယက်ကြောင့် ပြည်တွင်းကို တင်သွင်းမယ့်သူတွေက ဒေါ်လာလိုက်ဝယ်တော့ တက်တယ်” ဟု ပြော သည်။

ဦးလှမောင်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးဟောင်းလည်း ဖြစ် သည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုများလည်း လုပ်ဆောင်လာခြင်းကြောင့် မူးယစ်ဆေးဝါး ရောင်းရသည့် ၀င်ငွေလျော့ ကျခြင်း၊ ကျောက်စိမ်း ရောင်းရသည့် ၀င်ငွေများ လျော့ကျ သွားခြင်းများကြောင့် ပြည်တွင်းသို့ ဒေါ်လာ စီးဝင်သည့် နှုန်းများ လျှော့နည်းလာပြီး ဒေါ်လာစျေးကို မြင့်တက်လာစေသည့် အကြောင်းအရာ ဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။

“မူးယစ်ဆေးဝါးတွေကို အရမ်းဖမ်းလာတော့ မူးယစ်ဆေးဝါး ရောင်းတဲ့ ၀င်ငွေ လျော့နည်းသွားတယ်။ ကျောက်စိမ်း က လည်း တရုတ်က မဝယ်ဘူး။ ကျောက်စိမ်း ရောင်းမရတော့ ဒေါ်လာတွေ စျေးကွက်ကို အဝင်လျော့သွားတယ်။ အဲဒီ တော့ ဒေါ်လာကို ကုန်ပစ္စည်းတခု အနေနဲ့ကြည့်ရင် ရောင်းလိုအားနည်းပြီး ၀ယ်လိုအားက များလာတယ်။ ၀ယ်လိုအား က မလိုက်နိုင်တဲ့ အတွက် ဒေါ်လာစျေးက တက်တယ်”ဟုလည်း ဦးလှမောင်က ပြောဆိုသည်။

ထို့အပြင် ၎င်းက“ရွှေဝယ်ယူ စုဆောင်းတဲ့ သူတွေကလည်း ရွှေကို မဝယ်ဘဲ ဒေါ်လာ ၀ယ်လာတယ်။ စတော့ကလည်း စပေါ်ချိန်မှာ စျေးကွက်က ကောင်းနေပြီးမှ စျေးတွေက ထိုးကျလာတော့ စတော့မှာ ၀ယ်မယ့်သူတွေကလည်း ဒေါ်လာ ကို လှည့်လာကြတာလည်း ရှိတယ်”ဟု ဆက်ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ရွှေစျေးကွက် အခြေအနေမှာလည်း ကမ္ဘာရွှေစျေး တအောင်စလျှင် ၁၃၃၃ ဒေါ်လာ ရှိကြောင်း၊ ပြည်တွင်း အခေါက်ရွှေ တကျပ်သားလျှင် ၈ သိန်း ၉ သောင်း ၃ ထောင် ကျပ် ရှိကြောင်း၊ အရောင်းအဝယ် အခြေအနေမှာ ပြန်လည် ရောင်းချသူများနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

“ရွှေစျေးက ပြည်တွင်းဒေါ်လာစျေး တက်နေလို့ တက်တာပါ။ ကမ္ဘာ့ရွှေစျေးကလည်း အပြောင်းအလဲ သိပ်မရှိပါဘူး။ အမြင့်စျေးနှုန်းနဲ့ပဲ အလုပ်ဖြစ်နေတယ်”ဟုလည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading