ဗဟိုဘဏ်ဆိုတာ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး အင်စတီကျူးရှင်း တခုဖြစ်သလို အစိုးရကို စီးပွားရေး၊ ငွေရေး ကြေးရေးနဲ့ ပတ်သက်ပြီး အကြံပေးရတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
ဒါအပြင် တိုင်းပြည်ရဲ့ငွေရေးကြေးရေးစနစ် တည်ငြိမ်ဖို့နဲ့ စီးပွားရေးတိုးတက်လာဖို့အတွက် ပံ့ပိုးပေးရတဲ့ အဖွဲ့အစည်းမျိုးဆို ရင်လည်း မမှားပါဘူး။ ဒါကြောင့် ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးလှပါတယ်။
ဗဟိုဘဏ်တွေဟာ သီးခြားရပ်နည်နိုင်တဲ့အဖွဲ့အစည်း ဖြစ်ဖို့လိုအပ်သလို မှန်ကန်တဲ့မူဝါဒတွေကို ချမှတ်နိုင်ဖို့နဲ့ ပွင့်လင်း မြင်သာမှုရှိဖို့လည်း အရေးကြီးပါတယ်။ ၁၉၆၂ ခုနှစ် မတိုင်ခင်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ ဒီလို ဂုဏ်ရည်တွေ ရှိခဲ့ပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ် ၁၄ ခု ရှိခဲ့ပြီးတော့ ပြည်တွင်းဘဏ် ၁၀ ခုရှိခဲ့ပါတယ်။ အရှေ့တောင် အာရှမှာ လည်း ဘဏ်လုပ်ငန်း စနစ်ပိုင်း အတိုးတက်ဆုံးနိုင်ငံ တနိုင်ငံလို့ ပြောနိုင်ပါတယ်။ ငွေပေးချေမှု စနစ်အား ကောင်းခဲ့သလို နယူးယောက်၊ လန်ဒန် စတဲ့ အပြည်ပြည်ဆိုင်ရာဘဏ်တွေ အားလုံးနဲ့လည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။
မြန်မာငွေကြေးဟာလည်း အဲဒီအချိန်က တော်တော်ခိုင်မာခဲ့တဲ့အတွက် တဒေါ်လာပေါက်ဈေးက လေးကျပ်နဲ့ ပြားခြောက် ဆယ်ဝန်းကျင်လောက်မှာပဲ ရှိခဲ့တယ်။
လက်ရှိ ဖြစ်နေတဲ့ ငွေလဲလှယ်နှုန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် အဆပေါင်းများစွာ ကွာဟနေပါတယ်။ လောလောဆယ်မှာ အမေ ရိကန် တဒေါ်လာက မြန်မာကျပ် ငွေ ၁၂၆၀ ပေါက်နေပါတယ်။ ဒေါ်လာဈေးကွက်ကို မထိန်းကွပ်နိုင်ခြင်းဟာ ဗဟိုဘဏ်ရဲ့ အားပျော့မှုကို ပြနေတာပဲလို့ ကောက်ချက်ချနိုင်ပါတယ်။
အာဏာရှင်လက်အောက်က ဗဟိုဘဏ်
၁၉၆၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဘဏ်တွေကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ပြည်သူပိုင်သိမ်းပြီး နောက်ပိုင်းမှာတော့ ဗဟို ဘဏ်ရဲ့အခန်းကဏ္ဍနဲ့ အလုပ်လုပ်နိုင်စွမ်းက တောက်လျှောက် ကျဆင်းခဲ့ပါတယ်။
အာဏာရှင်လက်ထက်မှာ ငွေစက္ကူရိုက်ထုတ်တဲ့ ကိစ္စတွေကို ကာကွယ်ရေးဝန်ကြီးဌာနကပဲ ထိန်းချုပ်ထားတာပါ။ ကျင့်သုံး လာခဲ့တဲ့ စနစ်က တနှစ်လိုအပ်တဲ့ ငွေစက္ကူ အချပ်ရေကို တွက်ချက်ပြီး ဝါဇီစက်ရုံကို သတင်းပို့ရတဲ့စနစ်ပါ။ ဒီအခြေအနေ ကိုကြည့်ရင် ဗဟိုဘဏ်မှာ လုပ်ပိုင်ခွင့် ဘယ်လောက်နည်းနေသလဲဆိုတာ သိနိုင်သလို ဗဟိုဘဏ်ရဲ့အထက်မှာ ဘယ်သူ တွေ ရှိနေသလဲဆိုတာလည်း မှန်းဆနိုင်ပါတယ်။
တက်လာတဲ့အာဏာရှင်အစိုးရတိုင်းက ဘဏ္ဍာရေးလိုငွေ ပြလာတိုင်း ငွေစက္ကူရိုက်ထုတ်တဲ့ နည်းနဲ့ပဲ ဖြေရှင်းခဲ့ကြပါတယ်။ ဒါကြောင့်လည်း အာဏာရှင်လက်အောက်က ဗဟိုဘဏ်ဟာ ပွင့်လင်းမြင်သာမှုမရှိသလို ငွေစက္ကူ ဘယ်လောက်ရိုက် ထုတ်တယ်ဆိုတာကိုလည်း ပြည်သူလူထုကို မချပြရဲခဲ့ပါဘူး။
မြန်မာနိုင်ငံဗဟိုဘဏ်မှာ နှစ်ပေါင်းများစွာ အပြန်အလှန်ထိန်းကျောင်းမှု (Check and Balance) စနစ် ပျက်ခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးသန်းလွင်က ထောက်ပြပါတယ်။ ဦးသန်းလွင်က ယခုုအချိန်မှာ ကမ္ဘောဇဘဏ်ရဲ့အကြီးတန်း အကြံပေးအဖြစ် ဆောင်ရွက်နေပါတယ်။
ဗဟိုဘဏ်ရဲ့ငွေကြေးမူဝါဒ(Money policy) က အရေးကြီးနေသလို ဘဏ္ဍာရေးမူဝါဒ (fiscal policy) ကလည်း အရေးကြီး ပါတယ်။ ဘဏ္ဍာရေးလိုငွေကို ဖြည့်ဆည်းတဲ့အခါမှာလည်း ဗဟိုဘဏ်က ဝင်ရောက်ဖြည့်ဆည်းတာ၊ တနည်းအားဖြင့် ငွေ စက္ကူရိုက်ထုတ်တာတွေဟာ အန္တရာယ်ကြီးတဲ့ ပြဿနာတွေကို ပေါ်ပေါက်လာစေပါတယ်။
အစိုးရသစ်နဲ့ ဗဟိုဘဏ်
၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာတဲ့အခါမှာ ဗဟိုဘဏ်ကို သီးခြားရပ်တည်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖို့နဲ့ ဘဏ်လုပ် ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ (Financial Sector Reform)လုပ်ဖို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ၂၀၁၃ခုနှစ်၊ ဇူလိုင်မှာ ဗဟိုဘဏ်ဥပဒေ (Central Bank of Myanmar Law ) ထွက်ပေါ်လာခဲ့တဲ့အတွက် ကောင်းမွန်တဲ့ အလှည့်အပြောင်းတခု ကို ဦးတည်လာပြီလားလို့မျှော်လင့်နေကြပါတယ်။
၂၀၁၆ ခုနှစ်ဧပြီလမှာ NLD ပါတီဟာ အာဏာရအစိုးရတရပ် ဖြစ်လာခဲ့ပါတယ်။ ဒီမိုကရေစီအစိုးရတွေရဲ့သဘောသဘာဝအရ ကောင်းမွန်တဲ့ အစိုးရတရပ် (Good Governance) ဖြစ်ဖို့ အရေးကြီးလာတဲ့အတွက် ဗဟိုဘဏ်ရဲ့လုပ်ဆောင်ချက် တွေဟာ ယခင်ကာလထက် ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာမလားလို့ ထပ်ဆင့် မျှော်လင့်ခဲ့ကြပါတယ်။
လက်ရှိအချိန်ထိ ဗဟိုဘဏ်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အများပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြလာတာမျိုး မ တွေ့ရသေးပါဘူး။ ဥပမာ ဗဟိုဘဏ်ဟာ အမှန်တကယ် သီးခြားရပ်တည်နိုင်တဲ့ အဖွဲ့အစည်းတကယ် ဖြစ်မဖြစ်ဆိုတာကို ဆွေးနွေးတာမျိုး မတွေ့ရသေးပါဘူး။
ဗဟိုဘဏ် သီးခြားရပ်တည်နိုင်မှု ဖြစ်မဖြစ်ဆိုတာ ပေါ်လစီချမှတ်တာလောက် အရေးမကြီးတဲ့အကြောင်း၊ ဗဟိုဘဏ်က ဘယ်လောက် လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ပါစေ၊ “ညံ့ဖျင်းတဲ့မူဝါဒတွေ နောက်ကိုပဲ လိုက်နေမယ်ဆိုရင် အဲဒါဟာ လွဲမှားတဲ့ အရာတခုသာ ဖြစ်တယ်”လို့ စီးပွားရေးပညာရှင် ရှောင်တာနဲလ် (SeanTurnell ) က သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ စိန်ခေါ်နေတဲ့ ပြဿနာတွေ အများကြီးရှိနေတယ်၊ ဒါတွေကိုလည်း အချိန်ယူပြီး ကုစားရမယ်၊ အစိုးရသစ် အနေနဲ့ ဒီပြဿနာတွေကို မဖုံးကွယ်တာဟာ ဝမ်းသာစရာကောင်းတယ်၊ ပြဿနာအများအပြားကို ဖြေရှင်းဖို့ အကြီးအကျယ် လုံးပမ်းအားထုတ်ရမယ်၊ ပေါ်လစီတွေကို ပြုပြင်ပြောင်းလဲဖိုု့လည်း စီမံချက်တွေ ရှိပုံရတယ်”လို့ရှောင်တာနဲလ်က ပြောပါတယ်။
ဒီပြောဆိုချက်တွေကို ထောက်ဆရင် အစိုးရသစ်အနေနဲ့ဗဟိုဘဏ်ကိုု ဖိဖိစီးစီး မကိုင်တွယ်နိုင်သေးဘူးလို့ကောက်ချက် ချရပါလိမ့်မယ်။ ဗဟိုဘဏ်နဲ့ပတ်သက်တဲ့ ဝေဖန်ချက်တချို့က ဗဟိုဘဏ်ရဲ့ လက်ရှိ ဥက္ကဌ ဦးကျော်ကျော်မောင်နဲ့ ပတ်သက်နေပါတယ်။
အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်မောင်ဟာ လက်တွေ့ဘဏ်လုပ်ငန်း (Pratical Banking)ကို ကျွမ်းကျင်ပေမယ့် အပြောင်းအလဲလုပ်ဖို့နှေးတဲ့ ရှေးရိုးစွဲတယောက် (conservative) လို့ ဝေဖန်ကြပါတယ်။ ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာလည်း ဘာမှ ဖြေကြားတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဦးကျော်ကျော်မောင်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လက ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ဥပဒေ ( Central Bank of Myanmar Law) အရ ဥက္ကဌနေရာမှာ ဆက်ရှိနေပါဦးမယ်။ ဥပဒေအရ ဥက္ကဌတယောက်ရဲ့သက်တမ်းက ၅ နှစ်ရှိပါတယ်။ အစိုးရသစ်က ဒီအနေအထားမှာ ဗဟိုဘဏ်ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါ။
ဗဟိုဘဏ်နဲ့ပွင့်လင်းမြင်သာမှု
ပြီးခဲ့တဲ့ အစိုးရလက်ထက်က နောက်ဆုံးဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ မှာ ဒေါ်လာဈေးတွေ ၁၃၀၀ကျပ် ဝန်းကျင်အထိ မြင့်တက်သွားတဲ့အခါ ဗဟိုဘဏ်မှာ အရန်ငွေကြေးတွေ မရှိတော့ဘူးဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လာခဲ့ပါ တယ်။ ဒီအချိန်ဟာ မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပါတယ်။
ဒီကောလာဟလတွေ အမှန်တရားနဲ့ ဘယ်လောက်နီးစပ်သလဲ ဆိုတာ မီဒီယာအပါအဝင် ဘယ်သူမှ အတိအကျ မသိခဲ့ပါ ဘူး။ ဗဟိုဘဏ်ကလည်း အလွန်နှုတ်ဆိတ်နေခဲ့ပါတယ်။
ဗဟိုဘဏ်ဥပဒေ (Central Bank of Myanmar Law ) ထဲမှာ ဗဟိုဘဏ်အနေနဲ့သူ့မှာ အရန်ငွေ (Reserve Money) ဘယ်လောက် ရှိသလဲဆိုတာ လူထုကို ချပြရမယ်ဆိုတဲ့အချက် ပါရှိပါတယ်။ ဒါကြောင့် ဥပဒေအရ ဆိုရင် ဗဟိုဘဏ်က ပါလီမန်ကို တနှစ် ၂ ကြိမ် အစီရင်ခံစာ ပို့ပေးရမှာဖြစ်ပြီး၊ သုံးလတကြိမ် သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးရပါမယ်။
၂၀၁၃ ခုနှစ်တုန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ အရန်ငွေ(Reserve Money) ဘယ်လောက် ရှိတယ်ဆိုတာ ထုတ်ပြန် ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဗဟိုဘဏ် ဒုတိယဥက္ကဌ က မြန်မာနိုင်ငံဗဟိုဘဏ်မှာ အရန်ရွှေ ခုနစ်တန်နဲ့ အရန် နိုင်ငံခြား ငွေ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၁၃ ဘီလျံ ရှိတယ်လို့ လွှတ်တော်မှာ သွားရောက် ထွက်ဆိုခဲ့ဖူးပါတယ်။
ဒါဟာ ဗဟိုဘဏ်ရဲ့နောက်ဆုံးထုတ်ပြန်ပြောဆိုချက်ပါပဲ။ အစိုးရသစ်လက်ထက်မှာ တကြိမ်မှ မထုတ်ပြန်သေးပါဘူး။ ဒါ ကြောင့် အစိုးရပြောင်းသွားပေမယ့် ဗဟိုဘဏ်အနေနဲ့ ပွင့်လင်းမြင်သာမှု မရှိသေးဘူးလို့အဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ယခုထိ ကြေညာထားတဲ့ မူဝါဒတွေကို ကြည့်ရင် အစိုးရသစ်ဟာ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်တွေမှာ သတိကြီးကြီးထားနေတဲ့ ပုံရတဲ့အကြောင်း၊ အလားတူပဲ ဘဏ္ဍာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ (reform) အတွက်လည်း စီမံချက်တွေ ရှိပုံရတဲ့ အကြောင်း ရှောင်တာနဲလ်ကတော့ ပြောပါတယ်။
သူ့ရဲ့“စီးပွားရေးပြုပြင်ပြောင်းလဲရေးက မာရသွန် တာဝေးပြေးပွဲ” ဆိုတဲ့ ဧရာဝတီ အွန်လိုင်းမဂ္ဂဇင်းက ဆောင်းပါးထဲမှာ တော့ “ ပြီးခဲ့တဲ့ အစိုးရဟာ ဘတ်ဂျက်လိုငွေပြမှု၊ ကုန်သွယ်ရေးလိုငွေပြမှုနဲ့ မယုံကြည်နိုင်လောက်အောင် နည်းပါးတဲ့ အရန် ငွေကြေးကိုသာ NLD အစိုးရအတွက် ထားခဲ့တယ်” လို့ ရေးသားထားပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ ဗဟိုဘဏ်
“တိုင်းပြည်တပြည်မှာ ငွေလဲလှယ်နှုန်း (exchange rate)ကို ဘယ်လို တည်ငြိမ်အောင်လုပ်မလဲ ဆိုတာ အရေးကြီးပါတယ်။ ငွေကြေးဖောင်းပွမှုက ဂဏန်းနှစ်လုံး (double digit) ဖြစ်နေတာကို တတ်နိုင်သလောက် လျှော့ချနိုင်ဖို့ (ဒါမှမဟုတ်) တည်ငြိမ်အောင် လုပ်နိုင်ဖို့လည်း လိုပါတယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးစံသိန်းက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ပြည်ပပို့ကုန် သိသိသာသာကျဆင်းပြီး သွင်းကုန်မြင့်တက်နေတဲ့ နိုင်ငံဖြစ်တာကြောင့် နှစ်စဉ်ဘတ်ဂျက်လို ငွေ( Budget deficit) တွေ ပြနေတာပါ။ ဒါကြောင့် ငွေကြေးဖောင်းပွမှုကလည်း ၁၂ ရာခိုင်နှုန်း အထက်ကို ရောက်နေပါ တယ်။ ဒါတွေဟာ အစိုးရဟောင်းက အစိုးရသစ်အတွက် ချန်ထားခဲ့တဲ့ ကြီးမားတဲ့ အရှုပ်အထွေးတွေလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်ဟာ သမိုင်းတစ်လျှောက် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးလို့ ပြောမယ်ဆိုရင် ပြောလို့ရတဲ့ ကာလတခုပါ။ ရွှေ ဈေးက စက်တင်ဘာလ ၂၇ ရက်နေ့မှာ တကျပ်သားကို ရှစ်သိန်းကိုးသောင်း (၈၉၀၀၀၀)အထိ မြင့်တက်လာပြီး ဒေါ်လာ ဈေးကလည်း ၁၂၆၅ ကျပ်လောက်အထိ တက်နေပါတယ်။
နိုင်ငံတကာမှာဆိုရင်တော့ ဒေါ်လာဈေးအတက်အကျဖြစ်ရင် ဗဟိုဘဏ်က ဝင်ထိန်းပေးပါတယ်။ မြန်မာနိုင်ငံမှာ အခုလို ဒေါ်လာဈေး၊ ရွှေဈေးတွေ တက်ပြီး မြန်မာငွေတန်ဖိုး ကျဆင်းနေတာကို ၈ ဒဿမ ၁၃ဘီလျံဆိုတဲ့ ငွေကြေးနဲ့ ရွှေခုနစ် တန်နဲ့ ဝင်ထိန်းလို့ မရနိုင်ဘူးလားလို့တချို့က ဝေဖန်ပါတယ်။
မြန်မာနိုင်ငံရဲ့ဒေါ်လာဈေးကွက်က တရားဝင် (formal) လမ်းကြောင်းထက် တရားမဝင် (Informal) လမ်းကြောင်း လည် ပတ်နေတဲ့ ပမာဏကြီးမားနေတဲ့အတွက် အလွန်ထိန်းချုပ်ရ ခက်ခဲပါတယ်လို့ ဦးစံသိန်းကတော့ သုံးသပ်ပါတယ်။
“ဒေါ်လာဈေးအတက်အကျကို ထိန်းချုပ်ဖို့ မလွယ်သေးဘူး။ ဗဟိုဘဏ်မှာရှိတဲ့ အရန်ငွေနဲ့ ဝင်ထိန်း (Intervene)ရင် အဲဒီ ပိုက်ဆံသာကုန်သွားမယ်။ အဲဒီဈေးကွက်ကို ထိန်းဖို့မလွယ်ဘူး။ ဝင်ထိန်းရင်လည်း ကိုယ်မနိုင်တဲ့ဝန်ကို ထမ်းတာပဲဖြစ်မယ်” လို့ ဦးစံသိန်းက ပြောပါတယ်။
လေ့လာသူတွေကတော့ ဗဟိုဘဏ်က ငွေစက္ကူရိုက်ထုတ်မယ့်အစား ငွေတိုက်စာချုပ်တွေ၊ ငွေတိုက်လက်မှတ်တွေကိုပဲ များများ ထုတ်ရောင်းသင့်တယ်၊ ဒါမှ ငွေကြေးဖောင်းပွမှုကို တားဆီးနိုင်မယ်လို့ သုံးသပ်နေကြတာလည်း ရှိပါတယ်။