စီးပွားရေး

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအပေါ် အမေရိကန် နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီးနောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ပြင်ဆင်သည့်အနေဖြင့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း”ကို ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ နိုင်ငံသားများကို အခွင့်အရေး ပိုပေးထားသည့်အပေါ် ပြင်ဆင် ပေး ရန် လွှတ်တော် ကိုယ်စားလှယ် တချို့က တောင်းဆိုခဲ့သော်လည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင် ချက် အတိုင်းသာ အတည်ပြုခဲ့သည်။

ဥပဒေအရ နိုင်ငံသားများ အခွင့်အရေးပိုရသည့် အချက် ၂ ချက်မှာ မြေငှားရမ်းမှုများအတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ သူများအား ပိုမိုကောင်းမွန်သော သတ်မှတ်ချက်များနှင့် အခွင့်အရေးများကို အစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်ခြင်းနှင့် နည်း ပညာ နှင့် အတတ်ပညာများကို အစိုးရက အကူအညီပေးနိုင်ခြင်းတို့ ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီဝင် ဦးကျော်စိုးလင်း က ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုတွေ လာပြီဆိုရင် ငွေကြေးချမ်းသာသူတွေ လာမယ်။ နည်းပညာ ကြွယ်ဝတဲ့သူတွေ လာ မယ်။ သူတို့ တွေက အဘက်ဘက်က အားသာနေတဲ့အချိန်မှာ ကျနော်တို့က မြန်မာနိုင်ငံသားတွေအတွက် အခွင့်အရေး နည်းနည်း ပိုယူထားတာ ရှိပါတယ်။ ဘယ်နိုင်ငံမှာမဆို ကိုယ့်နိုင်ငံသားတွေကို အခွင့်အရေး ပိုပေးတာကတော့ ရှိပါတယ်။ ဒါမှလည်း ညီမျှမှုရှိမှာ ဖြစ်ပါတယ်”ဟုလည်း ပြည်ကြီးတံခွန် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ပြော ဆိုသည်။

အခန်းပေါင်း ၂၃ ခန်းနှင့် ပုဒ်မ ၁၀၄ ခု ပါဝင်သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းခဲ့သည့် ယခု ဥပဒေ ကြမ်း အတွက် ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ချက် ၁၀၂ ချက်ကို ပြင်ဆင်ခဲ့ရာ ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် ၁၀၂ ချက်အပေါ်တွင် လွှတ်တော် ကိုယ်စားလှယ်များက ၁၂ ချက်ကို ထပ်မံပြင်ဆင်ရန် တင်ပြခဲ့ကြသည်။

ယခု ဥပဒေတွင် နိုင်ငံသားများကို အထူးအခွင့်အရေး ပေးထား၍ နိုင်ငံသား အမည်ခံ တရားမဝင် ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်း ဖြစ်နေသည့်အပေါ် ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း အရေးနိမ့်ခဲ့ကြောင်း ဖျာပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ်က ဧရာဝတီသို့ ပြောသည်။

“ဒီဥပဒေရဲ့ အားနည်းချက်ကတော့ နိုင်ငံသားတွေကို အထူးအခွင့်အရေးတွေ ပေးထားတာပဲ။ ဒီကိစ္စကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ကန်ထုတ်သလို ဖြစ်မယ်။ နိုင်ငံသားတွေကို အမည်ခံခိုင်းပြီး တရားမဝင် ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီး တော့ ဦးစားပေးမိတဲ့ အဖြစ်မျိုးရောက်မယ်”ဟုလည်း ဦးဝင်းထွဋ်က ပြောပြသည်။

ယခင် ဥပဒေအဟောင်း ၂ ခု ဖြစ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပေါင်းစည်း လိုက်ခြင်းကြောင့် ပိုမိုကောင်းလာသော်လည်း ပတ်ဝန်းကျင် နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံ များနှင့် နှိုင်းယှဉ်ပါက လိုအပ်ချက်များစွာ ရှိနေသေး၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သည့်အခါ ထိုနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် လိုသေးသည်ဟု ဦးဝင်းထွဋ်က ဆက်ပြောသည်။

အောင်မြေသာဇံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးကမူ ယခု ဥပဒေအသစ်ကို အကောင်းမြင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးမက်လုံုးများ ရှိနေသည်ဟု ပြောသည်။

“အခု လုပ်ငန်းကြီး တခုလုံးအတွက် အခွန်ဆောင်စရာ မလိုဘူး။ သူတင်ပို့မယ် ပမာဏအတွက်ပဲ အခွန်ဆောင်ရင်ရပြီ။ ဒါက တကယ့်ကို ကောင်းမွန်တဲ့ အခွင့်အလမ်းတခုပဲ။ ပိုကောင်းတဲ့အချက်က လုပ်ငန်းအခုမှ စပြီးဆောင်ရွက်တဲ့အခါ တည်ဆောက်ဆဲကာလနဲ့ ပြင်ဆင်ရေး ကာလတွေမှာ သွင်းတဲ့အစ္စည်းတွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့်တွေ အများကြီး ပေးထားတယ်”ဟု ဒေါက်တာ လှမိုးက ပြောပြသည်။

ယခင်က ဒေါ်လာ ၁ သန်းနှင့် အထက် ကုန်သွယ်လိုပါက ကန့်သတ်ချက်များစွာ ရှိပြီး အခွန်ကောက်ခံမှု အဆင့်ဆင့် ရှိခဲ့ ကြောင်း၊ အခွန် ပေးဆောင်နိုင်မှသာ ငွေကြေးလွဲပြောင်းခွင့် ရှိခဲ့ရာမှ ယခုအခါတွင်မူ လွတ်လပ်စွာ ကုန်သွယ်နိုင်ခြင်း၊ မြေငှားဂရမ်ကို နှစ် ၅၀ အထိ နှစ်ရှည် ခွင့်ပြုခြင်းနှင့် လုပ်ထုံးလုပ်နည်း စည်းကမ်းသတ်မှတ်ချက်များ ဖြေလျှော့ပေး လိုက် ခြင်း တို့ ရှိကြောင်းလည်း ဒေါက်တာ လှမိုးက ပြောသည်။

ထို့ကြောင့် စက်တင်ဘာ ၂၈ ရက်က ပြည်သူ့လွှတ်တော် အတည်ပြုလိုက်သည့် ဥပဒေကြမ်းကို လွှတ်တော် လုပ်ထုံး လုပ်နည်းများအရ အမျိုးသား လွှတ်တော်က ဆက်လက် ဆွေးနွေးမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၏ ဆွေးနွေးချက်ကို သဘောတူပါက ပြည်ထောင်စု လွှတ်တော်အဆင့်အထိ တက်လှမ်းရန် မလိုအပ်တော့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆို သည်။

“ဒီဥပဒေဟာ မြန်မာနိုင်ငံသားတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် သော်လည်းကောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အတွက် လည်းကောင်း သက်ဆိုင်နေလို့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဥပဒေတခု ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ဝင်လာလို့ရအောင် တခြားနိုင်ငံတွေထက် ဥပဒေအရ ဆွဲဆောင်မှုရှိအောင် မက်လုံးပေးထားတဲ့ ဥပဒေတရပ် ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဥပဒေကို အမြန် အတည်ပြုနိုင်ဖို့ လိုပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးကျော်စိုးလင်း က ပြောသည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံမှုများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်(MIC) ကသာ တိုက်ရိုက် တာဝန်ခံမည် ဖြစ်ပြီး နိုင်ငံတော် အတွက် ကြီးမားသည့် အခက်အခဲရှိနိုင်သည့် စီမံကိန်းကြီးများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် လွှတ်တော်၏ အတည်ပြုချက်ကို ရယူရဦးမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading