စီးပွားရေး

မြန်မာ့ စီးပွားရေးတိုးတက်မှုနှုန်း တည်ငြိမ်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

Want create site? Find Free WordPress Themes and plugins.

၂ နှစ်အတွင်း မြန်မာအပါအဝင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် စီးပွားရေးတိုးတက်မှုနှုန်း တည်ငြိမ်နေမည်ဟု ခန့်မှန်း ထားကြောင်း ကမ္ဘာ့ဘဏ်၏ အစီအရင်ခံစာသစ်က ထုတ်ပြန်လိုက်သည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး အခြေအနေများကို လေ့လာသုံးသပ်ထားသည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ် ယနေ့ ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာတွင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ စီးပွားရေးတိုးတက်နှုန်း တုံ့ဆိုင်းနေခြင်း၊ ဖွံံ့ဖြိုးဆဲနိုင်ငံ အများအပြား၏ စီးပွားရေးတိုးတက်မှုနှုန်း ငြိမ်သက်နေခြင်းနှင့် ကမ္ဘာကုန်သွယ်မှု တိုးတက်မှုမရှိခြင်း စသည့် စိန်ခေါ်မှုများ ရှိနေသည့် ကမ္ဘာစီးပွားရေး နောက်ခံအနေအထားတွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးအလားအလာကို ဘက်စုံထောင့်စုံမှ လွှမ်းခြုံလေ့လာထားသည့် အစီရင်ခံစာ တခုဖြစ်သည်။

“ဖွံ့ဖြိုးဆဲ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွက် အလားအလာက အားကောင်းနေပါတယ်။ တိုးတက်မှုကို ဆက်လက် ထိန်းထားဖို့နဲ့ အဲဒီတိုးတက်မှုကို ဆင်းရဲချမ်းသာ မရွေး လူတိုင်း အားလုံး အကျိုးခံစားဖို့က ရေရှည်အတွက် စိန်ခေါ်မှုတခု ဖြစ်ပါတယ်”ဟု အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာက ပြောသည်။

အစီရင်ခံစာသစ်တွင် မြန်မာနိုင်ငံသည် ၂၀၁၆- ၂၀၁၇ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားသည်ဟု ဆိုနိုင် သော်လည်း စီးပွားရေး တိုးတက်မှုနှုန်းသည် ဆက်လက် အားကောင်းနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ လအတွင်းတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၀ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၁၆- ၂၀၁၇ ခုနှစ် ၁ နှစ်အတွင်းတွင် ငွေကြေးဖောင်းပွမှုနှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်းတွင် ထိန်းထားနိုင်ခဲ့သည်။

၂၀၁၆-၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ၏ စီပွားရေး တိုးတက်မှုနှုန်းသည် ၇ ဒသမ ၈ ရာခိုင်နှုန်းတွင် မြင့်မားနေမည်ဟု ကမ္ဘာဘဏ် က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံသည် ကာလတိုအတွင်း မက်ခရို စီးပွားရေး ခိုင်မာမှုနှင့် ပတ်သက်ပြီး စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ကမ္ဘာဘဏ်၏ အစီအရင်ခံစာ အသစ်တွင် ဖော်ပြထားသည်။

၎င်းဖိအားများကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရန် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို သတိရှိရှိဖြင့် ဆက်လက် ဆောင်ရွက် ခြင်း၊ ငွေကြေးလုပ်ငန်းဆောင်ရွက်မှုများခေတ်မီကောင်းမွန်စေရန်ဆောင်ရွက်ခြင်း၊ ငွေလဲလှယ်နှုန်း ပြောင်းလွယ်ပြင်လွယ် ရှိခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကြီးကြပ်ဆောင်ရွက်မှု အားကောင်းစေရန် စွမ်းဆောင်ရည် မြင့်တင်မှုတို့သည် အထောက် အကူ ပြုနိုင်မည် ဖြစ်ကြောင်း အစီရင်ခံသစ်တွင် ထောက်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ ၂၀၁၅ ခုနှစ်က ၄ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ မှန်မှန် မြင့်တက်မည်ဟု အစီရင်ခံစာက ဆိုထားသည်။

မလေးရှားနိုင်ငံတွင် ယခင်နှစ် ၅ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးတက်မှုနှုန်း လျှော့သွားမည် ဖြစ်သည်။ မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၅ ခုနှစ်က ၂ ဒသမ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၀ ဒသမ ၁ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းထားသည်။

ပါပူအာနယူးဂီနီနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယမန်နှစ်က ၆ ဒသမ ၈ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိမည်ဖြစ်သည်။ သို့သော် ယင်းအခြေအနေများနှင့်ဆန့်ကျင်ပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် စီးပွားရေးတိုးတက်မှုနှုန်း ဆက်လက်မြင့်မား နေမည်ဟု အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ယခုနှစ်တွင် ၆ ဒသမ ၇ ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဟု ဖော်ပြထားသည်။

“အလားအလာကောင်းတယ်ဆိုပေမယ့် ဒီဒေသရဲ့ တိုးတက်မှုနှုန်းမှာ အန္တရယ်အလားအလာတွေလည်း သိသိသာသာ ရှိနေတယ်။ ကမ္ဘာ့ငွေကြေးရေးကဏ္ဍ သိသိသာသာ ကျပ်တည်းသွားတာ၊ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း ထပ်ပြီးနှေးကွေး ကျဆင်းသွားတာ သို့မဟုတ် တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက မျှော်လင့်ထားတာထက် မြန်မြန်ကြီး နှေးကွေး သွားတာ စတာတွေက အရှေ့အာရှဒေသရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို စမ်းသပ်ပါလိမ့်မယ်”ဟု အရှေ့ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ကမ္ဘာ့ဘဏ်၏ စီးပွားရေးပညာရှင် အကြီးအကဲ ဆူးဒီဒရ် ရှက်တီက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading