တရုတ်နိုင်ငံက ဦးဆောင်တည်ထောင်ထားသော အာရှ အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံရေး ဘဏ် (Asian Infrastructure Investment Bank -AIIB) သည် အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)၊ ကမ္ဘာ့ဘဏ်တို့နှင့် ဖက်စပ်ပြီး ၂၂၅ မီဂါဝပ် ထုတ်ပေးနိုင်မည့် မြင်းခြံ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်မီးပေးစက်ရုံ တည်ဆောက်ရန် မြန်မာအစိုးရသို့ အမေရိကန် ဒေါ်လာ သန်း ၂၀ ထုတ်ချေးမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်က ဒေါ်လာ ၅၈ သန်းနှင့် ADB က ၄၂ ဒဿမ ၂ သန်း အသီးသီး ထုတ်ချေးမည်ဖြစ်သည်။
AIIB သည် မြန်မာပြည်တွင်း စီမံကိန်းများတွင် အခြားဘဏ်များနှင့် ပူးတွဲ၍ မဟုတ်ဘဲ တဘဏ်တည်းမှ ထုတ်ချေးရန် အခွင့်အလမ်း ရှာနေကြောင်းလည်း သိရသည်။
AIIB ၏ ဥက္ကဌ Jin Liqun က ယခုနှစ် အစောပိုင်းတွင် လျှပ်စစ်စွမ်းအား နှင့် ပို့ဆောင်ရေးကို မြန်မာနိုင်ငံတွင် ဖြစ်နိုင်ဖွယ် အရှိဆုံး ကဏ္ဍများအဖြစ် သူမြင်ကြောင်း ပြောခဲ့သည်။
“မြန်မာနိုင်ငံမှာ ဖြစ်စေ တခြားနိုင်ငံတွေမှာ ဖြစ်စေ AIIB က ငွေကြေးထောက်ပံ့တဲ့ ဘယ်စီမံကိန်းမှာ မဆို တရုတ်ကုမ္ပဏီ တွေပါဝင်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ စံချိန်မီ ပြုလုပ်တဲ့ ဈေးပြိုင်စနစ်ကနေ တဆင့်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ အဲ ဒါက အဓိက အချက်ပါပဲ” ဟု Jin Liqun က ယခုနှစ်ဆန်းပိုင်းတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် AIIB ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင်တဦး ဖြစ်ပြီး ဘဏ်အတွက် ရင်းနှီးမြှုပ်နှံငွေအဖြစ် အမေရိကန် ဒေါ်လာ ၂၆၄.၅ သန်း ထည့်ဝင်ခဲ့သည့် အတွက် မဲပေးရန် ရှယ်ယာ ဝ.၄၉ ရာခိုင်နှုန်း ရရှိထားပါသည်။
အာရှ ဖွံ့ဖြိုး ရေးဘဏ်(ADB)၊ ကမ္ဘာ့ဘဏ်၊ European Bank for Reconstruction and Development နှင့် အင်္ဂလန်နိုင်ငံမှ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနတို့နည်းတူ ဖက်စပ် ဆောင်ရွက်ခြင်းကို အခြေခံထားသော AIIB သည် မူလက အချို့တွေ စိုးရိမ် ပူပန်ကြသကဲ့သို့ တရုတ်အစိုးရ၏ ဩဇာခံ ဖြစ်မလာသောကြောင့် မြန်မာနိုင်ငံက စိတ်ဝင်စားစရာ ဖြစ်လာသည်။
တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ၅ ရက်ကြာ ခရီးစဉ်အတွင်းတွင် မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သလို AIIB ၏ ဥက္ကဌ Jin Liqun နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
တရုတ် နိုင်ငံအတွက်လည်း မြန်မာနိုင်ငံတွင် ၎င်း၏ One Belt One Road (တခုတည်းသောရပ်ဝန်း၊ တခုတည်းသော လမ်းကြောင်း) မူဝါဒ၏ တစိတ်တပိုင်းအဖြစ် အခြေခံ အဆောက်အဦး စီမံကိန်းများ အကောင်အထည်ဖော်ရန် အစီအစဉ် ရှိနေသည်။
တရုတ်နိုင်ငံ အနောက်ဘက်စွန်းနှင့် အာရေဗျ ပင်လယ်ကို ဆက်သွယ်ထားသော တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြ ံကဲ့သို့ မြန်မာနိုင်ငံနှင့် ဆက်သွယ်မည့် အခြေခံ အဆောက်အဦးများမှ တဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဘင်္ဂလားပင်လယ်အော်နှင့် ဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။
အဆိုပါ အစီအစဉ်များအတွက် မြန်မာနိုင်ငံဘက်မှ စိတ်အားထက်သန်မှု ရှိခဲ့လျှင် တရုတ် အစိုးရပိုင် လုပ်ငန်းကြီးများက ဦးဆောင်သည့် စီမံကိန်းများအစား AIIB ၏ အထောက်အပံ့ဖြင့် မိမိဘာသာ အကောင်အထည်ဖော်ခြင်းက မြန်မာအတွက်လည်း အကျိုးရှိ၊ တရုတ်အစိုးရ၏ လက်ရှိစီမံကိန်းများအတွက်လည်း အဆင်ပြေစေနိုင်သည်။
တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံတန် Silk Road Fund မှ တဆင့် စီမံကိန်းများကို ဖြည့်စွက်ထောက်ပံ့နိုင်ပါသည်။
သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စံချိန် စံညွှန်းများနှင့် ပတ်သက်၍မူ AIIB က ADB နှင့် ကမ္ဘာ့ဘဏ်တို့ထက် လျော့ရဲသည့် အနေအထားတွင် ရှိသည်။ ထို့ကြောင့် AIIB တွင် ကျောက်မီးသွေး လောင်စာသုံး စက်ရုံများအတွက် ထောက်ပံ့ပေးရန် လမ်းပွင့်နေသည်။
အကယ်၍ AIIB က မြန်မာနိုင်ငံတွင် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံတခု တည် ဆောက်ရန် ထောက်ပံ့ခဲ့လျှင်၊ သို့မဟုတ် တရုတ်အစိုးရ၏ ဗျူဟာမြောက် အခြေခံ အဆောက်အဦး ရည်ရွယ်ချက်များ အတွက် တရုတ်အစိုးရပိုင် လုပ်ငန်းများက ဦးဆောင်သည့် စီမံကိန်းများကို ကျောထောက်နောက်ခံပြုခဲ့လျှင် သဘာ၀ ပတ် ဝန်းကျင် ဆိုင်ရာ စံချိန်စံညွှန်း ဆိုင်ရာ ဝေဖန်ချက်မှုများနှင့် တရုတ်နိုင်ငံ၏ စွတ်ဖက်မှုအပေါ် သံသယများနှင့် ပိုမို ရင်ဆိုင်ရနိုင်သည်။
ကိုးကား။ ။ Reuters နှင့် The Diplomat