ပြည်ပနိုင်ငံသားအချို့ မြန်မာနိုင်ငံသားအမည်ခံ၍ ကုမ္ပဏီများ လာရောက်ဖွင့်လှစ် လုပ်ကိုင်နေသည့်အပြင် Social Visa များဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေမှု ပိုမိုများပြားလာကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ယနေ့တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။
ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က “မြန်မာနိုင်ငံကို ရောက်လာပြီး စက်ရုံအလုပ်ရုံတွေ ထောင်ကြတယ်။ ကိုရီးယားနိုင်ငံသားတယောက် Business Visa နဲ့ လာတယ်။ မြန်မာနိုင်ငံသားတယောက်ကို ငှားတယ်။ မြန်မာနိုင်ငံသားကို နာမည်ခံခိုင်းပြီး အလုပ်သမား ၄၀၀ ကျော် ရှိတဲ့ အထည်ချုပ်စက်ရုံ ထောင်တယ်။ ၃ နှစ်လောက်လည်း လုပ်ပြီးရော လုပ်ငန်းရှင်က ထွက်ပြေးသွားတယ် ” ဟု ပြောသည်။
ထိုသို့မြန်မာနိုင်ငံသား အမည်ခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြသူများမှာ တရုတ်နှင့် ကိုရီးယားနိုင်ငံသားများ ဖြစ်သည်ကို တွေ့ရှိရကြောင်းနှင့် ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်ရှိ ကိုရီးယားနိုင်ငံသားပိုင် Master Spoke အထည်ချုပ်စက်ရုံ၊ မိုက်ဧပရယ် စက်ရုံ၊ တရုတ်နိုင်ငံသားပိုင် ယူနီပိုလာစက်ရုံများသည် မြန်မာနိုင်ငံသား အမည်ခံ လုပ်ဆောင်နေကြသည့် စက်ရုံများဖြစ်သည်ဟု ဝန်ကြီးဦးဇော်အေးမောင်က ဆက်ပြောသည်။
လက်ရှိအချိန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ်လူမျိုးများစွာ ဝင်ရောက်လာပြီး Social Visa ဖြင့် နေထိုင်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့ရှိရကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောဆိုသည်။
“Junction-Square လို နေရာမျိုးတွေ၊ ကျနော်နေတဲ့ ပန်းဘဲတန်းမြို့နယ်ထဲမှာဆို တရုတ်လူမျိုးတွေ အများကြီး တွေ့တယ်။ သူတို့ကိုမေးကြည့်တော့ Social Visa တွေနဲ့ နေနေတာတွေ့ရတယ်။ အဲဒီဗီဇာတွေနဲ့နေကြတာ ခန့်မှန်းအရ ၁ ထောင်ကျော်လောက် ရှိမယ်။ အခုမှိုလိုပေါက်လာတဲ့ ကြိုက်တာယူ ၅ ထောင်ဆိုတဲ့ ဆိုင်တွေကိုစစ်ရင် သိနိုင်တယ်” ဟု ဦးသန်းနိုင်ဦးက ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လာရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမားများ ကိုင်ဆောင်သည့် ဗီဇာနှင့် ပတ်သက်သည့် မေးခွန်း၊ အလုပ်သမား နိုင်ငံခြားသားများ ဝင်ငွေခွန် ပေးဆောင်နိုင်ခြင်း ရှိ၊မရှိနှင့် နိုင်ငံတော်မှ မည်မျှရရှိကြောင်း စသည့်မေးခွန်းများကို ယနေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေး၌ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနှင့် စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးတို့က မေးမြန်းခဲ့ကြသည်။
ထိုသို့မေးမြန်းမှုနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် ထိုကဲ့သို့ ဥပဒေချိုးဖောက်နေသည့် နိုင်ငံခြားသားများကို တွေ့ရှိပါက ပြည်သူများအနေဖြင့် တိုင်တန်းနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။
၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်တွင် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားအလုပ်သမားများထဲမှ ၆,၅၉၆ ဦးက ပေးဆောင်သည့် ဝင်ငွေခွန်စုစုပေါင်း ၆၁.၂၉၈ ဘီလီယံ ကောက်ခံရရှိထားကြောင်း ဝန်ကြီးဦးဇော်အေးမောင်က ပြောသည်။