စီးပွားရေး

မုန့်တီ၊မုန့်ဖတ်တွင် ဖော်မလင် ထည့်သွင်းအသုံးပြုမှု ဥပဒေအရ အရေးယူမှု စတင်မည်

မုန့်တီနှင့် မုန့်ဖတ်များပြုလုပ်ရာတွင် ဖော်မလင်ထည့်သွင်း အသုံးပြုမှုနှင့် ပတ်သက်ပြီး ထုတ်လုပ်မှု ကွင်းဆက်အလိုက် စစ်ဆေး၍ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ပြောသည်။

ထိုသို့ အရေးယူဆောင်ရွက်ရာတွင် ၁၉၇၂ ခုနှစ် ပြည့်သူကျန်းမာရေး ဥပဒေ၊ ၁၉၉၇ ခုနှစ် အမျိုးသားအစားအသောက် ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေ ၃ ရပ် ပါ သတ်မှတ်ထားသည့်အတိုင်း အရေးယူမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

ဒေါက်တာသန်းထွဋ်က “ ဒီဥပဒေ ၃ ရပ်နဲ့ ငြိရင် မကောင်းဘူး။ ဥပဒေ ၃ မျိုးထဲဝင်လာရင် ပြစ်ဒဏ်က ပြင်းတယ်။ ထောင်ဒဏ် ၃ နှစ် ၊ ၅ နှစ် ဖြစ်သွားမယ်။ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ ဥပဒေလောက်ဆိုရင် ဆိုင်ကို ပိတ်တာ၊ ဖိုကို ၆ လ၊ ၁ နှစ် ပိတ်မယ်။ ဒါက ပျော့တယ်။ စည်ပင်ဥပဒေကလည်း ရှိတယ်။ ခြိမ်းခြောက်တာ မဟုတ်ဘူး” ဟု ဆိုသည်။

ယနေ့တွင် ရန်ကုန်မြို့ရှိ Dolphin စားသောက်ဆိုင်တွင် ပြုလုပ်သည့် “ မုန့်တီ၊ မုန့်ဖတ်နှင့် ခေါက်ဆွဲများတွင် ဖော်မလင် ကင်းစင်ပြီး ကျန်းမာရေးနှင့် ညီညွှတ်စေရန် ထုတ်လုပ်နိုင်ရေး အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ” တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“တောက်လျှောက် စစစ်တော့မယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် တောမှာထုတ်နေတာကိုတော့ ဘယ်သူက သွားစစ်နိုင်မှာလဲ။ ဒါတော့ ကျန်ကောင်းကျန်မယ်။ တချို့လည်း ဖော်မလင်မထည့်ရတာကို မသိကြဘူး” ဟု ဒေါက်တာသန်းထွဋ်က ဆက်ပြောသည်။

မုန့်တီ၊ မုန့်ဖတ်နှင့် ပဲပြားများ ပြုလုပ်ရာတွင် ဖော်မလင် ထည့်သွင်းအသုံးပြုခြင်းကို ယခုနှစ် မေလပိုင်းက စတင်စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက် နမူနာများကို လစဉ်ကောက်ယူ စစ်ဆေးခဲ့ပြီး အသိပညာပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဥပဒေအတိုင်း အရေးယူမှု စတင်ခြင်းဖြစ်သည်။

ဈေးကွက်ထဲရှိ မုန့်တီ၊ မုန့်ဖတ်နှင့် ပဲပြားများကို နမှုနာကောက်ယူပြီး ဖော်မလင်ပါဝင်နှုန်း စစ်ဆေးမှုပြုရာတွင် ပဲပြားတွင် ဖော်မလင်ဓာတ် ပိုမိုတွေ့ရှိကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောသည်။

ယခုကဲ့သို့ မုန့်တီနှင့် မုန့်ဖတ်များပြုလုပ်ရာ၌ ဖော်မလင် ထည့်သွင်းအသုံးပြုနေခြင်းကို အရေးယူရာတွင် ပဲပြားလုပ်ငန်းများကိုပါ စစ်ဆေးအရေးယူမှု ပြု၊ မပြုနှင့် ပတ်သက်ပြီး ၎င်းက ထည့်သွင်းပြောဆိုခြင်း မရှိပေ။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်ပင်သာယာစာရင်းများအရ လုပ်ကိုင်ခွင့်ပေးသည့် မုန်ဖတ်ဖိုကြီးပေါင်း ၆၆ ခု ရှိပြီး၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် ဈေးကွက်စစ်ဆေးမှုသာမက ထုတ်လုပ်မှု ကွင်းဆက်တလျှေက် ပိုက်စိပ်တိုက် စစ်ဆေးမည်ဖြစ်ကြောင်း ဒေါက်တာသန်းထွဋ်က ပြောသည်။

ဖော်မလင် ( Formalin ) ဓာတုဆေးဝါးကို အသားငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ လူသေကောင်များ မပုပ်သိုးစေရန် အသုံးပြုကြရာမှ နောက်ပိုင်းတွင် မုန့်တီ၊ မုန့်ဖတ်နှင့် ပဲပြား ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုလာခြင်း ဖြစ်သည်။

ဒေါက်တာထွန်းဇော်က “ဖော်မလင်ကို စားသောက်ကုန်တွေမှာ အသုံးပြုဖို့ ခွင့်မပြုထားပါဘူး။ ဖော်မလင်ရဲ့ ဓာတ်သတ္တိက အသားဓာတ်ဖြစ်တဲ့ ပရိုတင်းကို မပျက်အောင် အဓိကလုပ်တာ။ မုန့်ဖတ်က ပရိုတင်းမဟုတ်ဘူး။ ကစီဓာတ်ပါ။ ဒါကိုထိန်းတဲ့အခါ ရတဲ့အကျိုးထက် အပြစ်ပိုများနေတယ်” ဟု ပြောသည်။

မုန့်တီ၊ မုန့်ဖတ်များ မပုပ်သိုးဘဲ တာရှည်ခံရန် ခွင့်ပြုချက်မရှိသော ဆိုးကျိုးများသည့် ဖော်မလင် ဓာတုဆေးဝါးနေရာတွင် ခွင့်ပြုချက်ရထားပြီးသော Benzoic Acid၊ Benzoyl Peroxide၊ Sorbic Acid များကို အစားထိုး အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။ အစားထိုးဓာတုဆေးဝါးများ၏ အာနိသင်တွင် ယိစ်၊ ဘက်တီးရီးယားနှင့် မှိုများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ်မှ မုန်ဖတ်ဖိုလုပ်ငန်းရှင် တဦးဖြစ်သူ ဦးအောင်ကြည်က “ဖော်မလင်ထည့်တယ်ဆိုတာ တာရှည်ခံအောင်လို့ ထည့်တာဖြစ်ကြမှာပါ။ ဖြစ်စေချင်တာက အမှန်တကယ်သုံးစွဲတဲ့ လုပ်ငန်းရှင်ကို စစ်ဆေးအရေးယူ အဲဒါမှလည်း အကုန်လုံး ကောင်းသွားမယ်” ဟု ပြောသည်။

Loading