ဧရာဝတီတိုင်းဒေသကြီး အတွင်း တနိုင်တပိုင် ရေနံချက်လုပ်နေသည့် ပုဂ္ဂလိက ရေနံချက်ဖိုများအားလုံး ပိတ်သိမ်းရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွန်ကြားထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် ပုဂ္ဂလိက ရေနံချက်ဖိုများ ပိတ်သိမ်းရန် မြန်အောင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုအား အကောင်အထည် ဖော်ဆောင်ရွက်ရန် ဧရာဝတီတိုင်းအစိုးရကို တိုက်တွန်းကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
တိုင်းလွှတ်တော်၏ အဆိုပါ ဆုံးဖြတ်ချက်အား ဧရာဝတီတိုင်း အစိုးရအဖွဲ့က ကက်ဘိနက် အစည်းအဝေး ထိုင်ပြီးနောက် တိုင်းအတွင်းရှိ ပုဂ္ဂလိက ရေနံချက်ဖိုများအားလုံး ပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။
“ပုဂ္ဂလိက ရေနံချက်ဖိုတွေကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက တရားဝင်လိုင်စင် ထုတ်ပေးထားတာ တခုမှ မရှိဘူး။ နောက်တခုက သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိတယ်။ ထင်းတွေ သုံးစွဲတာ ရှိတယ်။ စွန့်ပစ်ပစ္စည်းတွေ စွန့်တဲ့အခါမှာလည်း စနစ်တကျ မရှိဘူးဆိုတာ စစ်ဆေးတွေ့ရှိရတယ်။ ဒါကြောင့် ရေနံချက်ဖိုတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ပြီးတော့ ညွန်ကြားမှုတွေ လုပ်ထားပြီးပါပြီ” ဟု ဦးဝင်းဌေးက ပြောသည်။
တရားဝင် ခွင့်ပြုချက်မရှိဘဲ ရေနံချက်လုပ်နေသည့် ပုဂ္ဂလိက ရေနံချက်ဖိုများမှာ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ၁၉ ဖို၊ ကြံခင်းမြို့နယ်တွင် ၆ ဖိုနှင့် အင်္ဂပူမြို့နယ်တွင် ၁ ဖိုရှိကြောင်း တိုင်းအစိုးရရုံး စာရင်းများအရ သိရသည်။
အဆိုပါ ရေနံချက်ဖိုများကို ကြပ်မတ်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အချက် ၁၈ ချက်ပါဝင်သည့် စည်းကမ်းချက်များဖြင့် ယာယီလိုင်စင် ထုတ်ပေးရန် ပြင်ဆင်နေပြီး အဆိုပါ ယာယီ လိုင်စင်ထုတ်ပေးသည့် အချိန်အထိ ရေနံချက်ဖိုများကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရက ပြောသည်။
ဟင်္သာတခရိုင်အတွင်း၌ ပုဂ္ဂလိက တနိုင်တပိုင် ရေနံချက်လုပ်ခြင်း လုပ်ငန်းများမှာ ယခင်ဝန်ကြီးချုပ် ဦးသိန်းအောင် လက်ထက် ၂၀၁၃ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ လက်ယက်တွင်းများမှ ထွက်ရှိသည့် ရေနံစိမ်းများကို ဟင်္သာတခရိုင်ရှိ ကြံခင်း၊ မြန်အောင်နှင့် အင်္ဂပူမြို့နယ်များသို့ သယ်ယူ၍ ဒီဇယ်နှင့် ဓာတ်ဆီအဆင့် ရောက်အောင် ချက်လုပ်ကြခြင်း ဖြစ်သည်။
အဆိုပါ ရေနံချက်ဖိုများကို ယခင် တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် အစိုးရက ရေနံတစည်လျှင် ၅၀၀ ကျပ် နှုန်းဖြင့် အခွန်ကောက်ခံ၍ ခွင့်ပြုပေးထားခဲ့ကြောင်း၊ ထိုသို့ခွင့်ပြုခဲ့ခြင်းကြောင့် ကြံခင်း၊ မြန်အောင်နှင့် အင်္ဂပူဒေသများတွင် သစ်တောများ ပြုန်းတီးခြင်း၊ မြေအောက်ရေ ရှားပါးလာခြင်း၊ အပေါ်ယံမြေလွှာ ကန္တာရဖြစ်ထွန်းမှု များပြားလာခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မြေဆီလွှာ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နေကြောင်း ကြံခင်းမြို့နယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောသည်။
“သူတို့က ယခင်ဝန်ကြီးချုပ် ဦးသိန်းအောင် လက်ထက်မှာ အစိုးရကို ရန်ပုံငွေထည့်ပေးပြီး အလုပ် လုပ်တယ်။ ရေနံချက်ဖို့ ထင်းသုံးတော့ တောပြုန်းတယ်။ တောထဲက အပင်ဟူသမျှ ဘာပင်မှ မထားဘူး။ ထင်းလုပ်ဖို့ အကုန်ခုတ်ပစ်တော့ တောတွေ အကုန်လုံး တောင်ကတုံးတွေ ဖြစ်ကုန်ရော။ စွန့်ပစ် ပစ္စည်းတွေလည်း စနစ်တကျ မပစ်တော့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးတယ်။ အခုလို ဒေသကို ထိခိုက်နေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့ တိုင်းအစိုးရလုပ်ရပ်ကို ကြိုဆိုပါတယ်” ဟု သူက ပြောသည်။
ဟင်္သာတခရိုင်ရှိ ရေနံချက်ဖိုများမှ ထုတ်လုပ်ထွက်ရှိသော အရည်အသွေး အာမခံချက် မရှိသည့် ဒီဇယ်နှင့် ဓာတ်ဆီများကို ဧရာဝတီတိုင်း အတွင်း၌ ရောင်းချသကဲ့သို့ ရန်ကုန်တိုင်းနှင့် မကွေးတိုင်းသို့လည်း တင်ပို့ရောင်းချမှုများ ရှိကြောင်း သိရသည်။