နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန MRTV လက်အောက်တွင် လုပ်ဆောင်ရမည့် ရုပ်သံလိုင်းထည့်သွင်း ထုတ်လွှင့်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသော ကုမ္ပဏီများကို စ်ိစစ်ရွေးချယ်ခဲ့ရာ ပဏာမ အဆင့်တွင် ကုမ္ပဏီ ၄၂ ခုက အောင်မြင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
MRTV လက်အောက်တွင် ကိုယ်ပိုင်ရုပ်သံလိုင်းများ အဖြစ် ထုတ်လွှင့်ရန် ထိုကုမ္ပဏီများအနက်မှ ၅ ခုကိုသာ ရွေးချယ်သွားမည် ဖြစ်သည်။ MRTV သည် ပြန်ကြားရေး ဝန်ကြီးဌာနက ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်ချထားပေးထားသော ဌာန ၄ ခုအနက် ၁ ခုဖြစ်သည်။ ကျန် ၃ ခုမှာ Forever Group ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီနှင့် မြဝတီ တီဗီတို့ ဖြစ်ကြသည်။
MRTV ကို ၁၉၇၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခင်အစိုးရများလက်ထက်က ၀ါဒဖြန့်ရုပ်သံလိုင်းအဖြစ် အသုံးပြုခဲ့သည်။ လက်ရှိတွင် ၎င်းဌာန၌ ရုပ်သံလိုင်း ၁ဝခု ထုတ်လွှင့်လျက်ရှိသည်။
“ရုပ်သံလိုင်း ၅ ခုကတော့ MRTV ဌာနအောက်မှာ အလုပ်လုပ်ရမှာပါ။ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတခုက အခု ပဏာမအဆင့်အောင်မြင်တဲ့ ကုမ္ပဏီ ၄၂ ခုထဲက ၅ ခုကို ရွေးချယ်သွားမှာပါ။ ဒီလုပ်ငန်းစဉ်တခုလုံး နောက် ၃ လအတွင်းမှာ ပြီးအောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ပြန်ကြားရေး ဝန်ကြီးဌာန၏ အမြဲတမ်း ဒုအတွင်းဝန် ဦးမျိုးမြင့်မောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ရုပ်သံလိုင်း ၅ ခုကို ပုဂ္ဂလိက ကဏ္ဍအတွက် ဆောင်ရွက်ခွင့် ပေးသွားမှာပါ။ ကုမ္ပဏီတွေအနေနဲ့ ရွေးချယ်တဲ့ ကော်မတီကို သူတို့ရဲ့ အသေးစိတ် အဆိုပြုချက်တွေကို တင်သွင်းရပါမယ်။ ပြီးတော့ အဲဒီကော်မတီက ဒီနှစ်ကုန်ပိုင်းမှာ ရွေးချယ်သွားပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။
ထိုပဏာမ ရွေးချယ်ခံခဲ့ရသော ကုမ္ပဏီများတွင် အချို့မှာ လက်ရှိတွင် ဂြိုလ်တု တီဗီရုပ်သံလိုင်း ထုတ်လွှင့်လျက်ရှိသော ကုမ္မဏီများလည်း ပါဝင်သည်။ ထိုကုမ္ပဏီများတွင် ပါဝင်သော Democratic Voice of Burma DVB ရုပ်သံလိုင်းသည် ထိုင်းနို်င်ငံနှင့် နော်ဝေနိုင်ငံတို့တွင် ပြည်ပရောက် သတင်းအဖွဲ့အစညး်တခုအဖြစ် အချိန်ရှည်ကြာစွာ ရပ်တည်ခဲ့သည်။
DVB TV ၏ရန်ကုန်သတင်းဌာနတာဝန်ခံ ဦးတိုးဇော်လတ်က ၎င်းတို့အနေဖြင့် အောင်မြင်သော ဂြိုလ်တု ရုပ်သံလိုင်းတခုအဖြစ် ၂၅ နှစ်ကြာအောင် ရပ်တည်ခဲ့ပြီး ယခု ထုတ်လွှင့်ခွင့်ပေးမည့် ဒီဂျစ်ဒယ် ရုပ်သံလိုင်းက ၎င်းတို့၏ သတင်းများကို ပရိတ်သတ် အသစ်များထံသို့ မိတ်ဆက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“အဲဒီရုပ်သံလိုင်းတွေကို ဒီဂျစ်တယ် ရုပ်သံလိုင်း စနစ်နဲ့ ထုတ်လွှင့်ပေးမှာပါ။ အဲဒေါကြောင့် ဂြိုလ်တု မကြည့်တဲ့ ပရိတ်သတ်တွေအတွက် အဓိကထားချင်ပါတယ်။ ကျနော်တို့က တီဗီရုပ်သံ သတင်းလိုင်းတခုပါ။ ရုပ်သံတင်းတွေနဲ့ ပတ်သတ်ပြီး အတွေ့အကြုံ ရှိပါတယ်။ ကျနော်တို့အတွက် အရမ်းခက်ခဲမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ အခုမှ စလုပ်မယ့် သူတွေအတွက်တော့ ခက်ခဲနိုင်ပါတယ်”ဟု ဦးတိုးဇော်လတ်က ပြောသည်။
ဦးတိုးဇော်လတ်က အခွင့်အလမ်းသစ်တွင် စျေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်လာလိမ့်မည်ဟုသုံးသပ်ထားပြီး နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူ့အရင်းအမြစ်နှင့် ပတ်သတ်သော စိန်ခေါ်မှုများက ရှေ့တွေ စောင့်ကြိုနေကြောင်း ပြောသည်။
“အရင်းအနှီးကတော့ များတယ်။ အမြတ်ပြန်ရဖို့ ၃ နှစ်ကနေ ၅ နှစ်အထိ ရင်းနှီးရလိမ့်မယ်လို့တော့ ကျနော်တို့ မှန်းထားတယ်”ဟု ဦးတိုးဇော်လတ်က ပြောသည်။
“သူတို့အနေနဲ့ အမြတ်လိုချင်ရင် ရေရှည်အတွက် ရုပ်သံလိုင်းအမျိုးမျိုးကို လုပ်သင့်ပါတယ်။ ပထမတော့ စွန့်စားရမှာပဲ။ ကျနော့် အတွေ့အကြုံအရ ရုပ်သံလိုင်းတွေအနေနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ သန်းကနေ ၅ သန်းအတွင်း အသုံးမပြုနိုင်ရင် ၃ နှစ်ကနေ ၅ နှစ်အထိ မလည်ပတ်နိုင်ပါဘူး”ဟု ဖော်အဲဗားတီဗီချန်နယ်တွင် ယခင်က channel director အဖြစ် တာဝန်ယူ လုပ်ကိုင်ဖူးသည့် ဦးညီလင်းဆက် ကပြောသည်။
အစိုးရအနေဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံရန် ကတိပေးနိုင်သော ရင်းနှီးငွေ တောင့်တင်းသော ကုမ္မဏီများကို လိုင်စင်ခွင့်ပြုပေးသင့်ကြောင်း သူကပြောသည်။
“အရင်အစိုးရ လကိထက်က လူတယောက်ကို ခွင့်ပြုချက် လိုင်စင် ချပေးလိုက်တယ်။ ဒါပေမယ့် တကယ် လုပ်ငန်းလုပ်တဲ့သူက တခြားတယောက်ဖြစ်နေတယ်။ ကျနော်တို့ စိုးရိမ်တာကတော့ အဲဒါပါပဲ”ဟု ဦးညီလင်းဆက်က ပြောသည်။
ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က သတင်းရုပ်သံလိုင်းထုတ်လွင့်မည့် ကုမ္ပဏီများအနေဖြင့် ဒီဂျစ်တယ် မီဒီယာခေတ်တွင် အခြား အစီအစဉ်များစွာ ထည့်သွင်း မထုတ်လွှင့်နိုင်လျှင် ရေရှည် ရပ်တည်ရန် အခက်အခဲတွေ့နိုင်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ ဒီဂျစ်တယ် တီဗီရုပ်သံအတွက် ရင်ဆိုင်ရမည့် အကြီးဆုံး စိတ်ခေါ်မှုမှာ ပရိသတ်အသစ်များ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျနော်သိသလောက်ကတော့ တီဗီရီမုကို ကလေးတွေနဲ့ အိမ်ရှင်မတွေက ကိိုင်ကြပါတယ်။ သူတို့က ဖျော်ဖြေရေးရုပ်သံလိုင်းတွေကို ကြိုက်ကြတယ်။ အဲဒီတော့ ဖျော်ဖြေရေးရုပ်သံလိုင်းတွေက အလားအလာမြင့်ပါတယ်။ သတင်းရုပ်သံလိုင်းတွေ အတွက်ကတော့ အွန်လိုင်းက သတင်းတွေကို ကျော်မတက်နိုင်တဲ့အချိန်ကျတော့ ခက်ခဲပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။
ထိုကုမ္ပဏီများ အနေဖြင့် အစီအစဉ်စုစုပေါင်း ၈ နာရီကြာကို တနေ့လျင် ၃ ကြီမ်ပြန်လည် ထုတ်လွှင့်ပြီး ထိုအနက်မှ ၃ နာရီကြာသော ရှိုးများအတွက် အစီအစဉ်သစ် ထည့်သွင့်ရမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။
“ပထမ ၃ လမှာ အစီအစဉ်သစ်တွေက လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ နောက်ထပ် ၃လမှာ သူတို့အနေနဲ့ အစီစဉ်အသစ်တွေနဲ့ အဟောင်းတွေကို ရောသွားနိုင်ပါတယ်။ အဲဒါက ကုမ္ပဏီတွေဘက်က ပြင်ဆင်ထားရမည့် အချက်ပဲ။ အခုချိန်ကတည်းက စကြပါ”ဟု ဦးရဲထွဋ်က ပြောသည်။