အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများကို ရုတ်သိမ်းလိုက်သည့်အချိန် မြန်မာ့လွှတ်တော်များကလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေတခုကို အတည်ပြုပြဌာန်းလိုက်သောကြောင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများ ပိုမိုပွင့်လာသည်။ ထိုကြောင့် မြန်မာနိုင်ငံအတွင်း ရှိနှင့်ပြီး အထူးစီးပွားရေးဇုန်များက အရေးပါလာသည်။
ထိုအထဲတွင် ရန်ကုန်အနီး သီလဝါ အထူးစီးပွားရေးဇုန်သည် အဓိက မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှု အဖြစ် ဦးတည်ရာ ဖြစ်လာခြင်း၊ ပြည်တွင်း ပြည်ပ ဝယ်လိုအား၊ နိမ့်ကျသော လုပ်အားခနှင့် စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ကြီးမားသော စိတ်ဝင်စားမှုကို ဆွဲဆောင်နေသည်။
ကမ္ဘာ့ တဝှမ်းက ကုန်ထုတ်လုပ်သူများသည် တရုတ်နိုင်ငံကို ၎င်းတို့၏ ကုန်ထုတ်လုပ်ရေး အခြေစိုက်စခန်း အဖြစ် ဆက်လက် မသတ်မှတ်ကြတော့ဘဲ ၎င်းတို့၏ စက်ရုံများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံ တခု ဖြစ်သော မြန်မာသို့ ပြောင်းရွှေ့ လာကြသည်။ လုပ်အားခ စျေးပေါခြင်းနှင့် မဟာဗျူဟာကျသော ထောက်ပ့ံ ပို့ဆောင်ရေး လမ်းကြောင်း ပေါ်တွင် မြန်မာနိုင်ငံ ရှိနေခြင်းကြောင့်ဟု အာရှဗဟိုပြု စီမံခန့်ခွဲရေး အတိုင်ပင်ခံလုပ်ငန်း Solidiance က ဆိုသည်။
အာဆီယံ ၁၀ နိုင်ငံ အနက် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် ၂၀၂၀ အထိ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း အမြင့်မားဆုံး ဖြစ်လာမည်ဟု မျှော်လင့်ရသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP တွင် စက်မှုကုန်ထုတ် လုပ်ငန်း၏ ပါဝင်မှုမှာ ၂၀၀၈ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း ရှိလာပြီး စီးပွားရေး ဖွံွှဖြိုးတိုးတက်မှုကို ဆက်လက် တွန်းအားပေးမည်ဟု Solidiance နှင့် Tata Motors, Michelin, Nestle တို့ အပါအဝင် နိုင်ငံတကာ လုပ်ငန်းများမှ အမှုဆောင်များ တက်ရောက်သည့် မကြာသေးမီက ထိုင်းနိုင်ငံတွင် ကျင်းပသည့် စားပွဲဝိုင်း ဆွေးနွေးပွဲ၌ မှတ်ချက်ပြုသည်။
ပြည်တွင်းဘက်ကို ကြည့်လျှင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းသည် လတ်တလောတွင် သွင်းကုန်ဖြင့်သာ ဖြည့်ဆည်း နေရသော ဖွံ့ဖြိုးနေသည့် ကားဈေးကွက်၊ ဆောက်လုပ်ရေး ပစ္စည်းဈေးကွက်၊ စက်ယန္တယား ပစ္စည်းဈေးကွက်နှင့် လျှပ်စစ် ပစ္စည်း ဈေးကွက်များကို ရယူရန် အခွင့်အလမ်း ဖြစ်သည်ဟု ဆိုသည်။
ဒေသဆိုင်ရာဘက်ကို ကြည့်လျှင် မြန်မာသည် အိမ်နီးချင်းများနှင့် နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ဖောက်သည် ၂ ဒသမ ၃ သန်း အထိ ရနိုင်သည်၊ စျေးချိုသော လုပ်အားနှင့် အခွန်ဆွဲဆောင်မှုများနှင့် ပေါင်းစပ်လိုက်သောအခါ စီးပွားရေး လုပ်ငန်းများသည် ဒေသ၏ ဝယ်လိုအားကို ယှဉ်ပြိုင်နိုင်သော ဈေးနှုန်းဖြင့် ဖြည့်ဆည်းပေးနိုင်သည်။
သို့သော် ရေရှည် ဗျူဟာရည်မှန်းချက်များ အောင်မြင်ရေးနှင့် ပတ်သက်လျှင် ချည့်နဲ့သော အခြေခံအဆောက်အအုံနှင့် အထူးဖြင့် လျှပ်စစ်ဓာတ်အား ကဲ့သို့သော လုပ်ငန်းသုံး ဝန်ဆောင်မှုများသည် မြန်မာအတွက် အဓိက အတားအဆီးများ ဆက်ဖြစ်နေသည်။ ရင်းနှီးမြှုပ်နှံသူများမှာ ၎င်းတို့အတွက် အခြေခံအဆောက်အအုံနှင့် အခြေခံဝန်ဆောင်မှုများ ပ့ံပိုးထား သော စက်မှုဇုန်များနှင့် အထူးစီးပွားရေး ဇုန်များသို့ စုပြုံရောက်ကုန်ကြသည်။
လတ်တလောတွင် အဆင့်အမျိုးမျိုး ပြီးစီးနေသော အထူး စီးပွားရေးဇုန် ၃ ခု ရှိသည်။ ဂျပန်နှင့် မြန်မာ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများက ဖော်ထုတ်သော ရန်ကုန်မြို့ အနီးရှိ သီလဝါ အထူးစီးပွားရေးဇုန် တခုတည်းသာ လတ်တလော လုပ်ငန်း လည်ပတ် သေးသည်။ ၂၄ စတုရန်း ကီလိုမီတာကျယ်သော ပထမဆင့်မှာ ၂၀၁၅ ခုနှစ် သြဂုတ်လ ကတည်းက လည်ပတ် နေပြီး ဒုတိယနှင့် တတိယဆင့်များကို ယခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကုန်များတွင် အသီးသီး ဖွင့်လှစ်လည်ပတ်ရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံ အနောက်ပိုင်းရှိ တရုတ်နှင့် မြန်မာ ပူးတွဲတည်ထောင်သော ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိုလည်း အဆင့် ၃ ဆင့်ဖြင့် တည်ဆောက်နေပြီး ၂၀၁၆၊၂၀၂၀ နှင့် ၂၀၂၅ တို့တွင် ပြီးစီးရန် စီစဉ်ထားသည်။ ရေနံဓာတုလုပ်ငန်း ဗဟိုစင်တာ အဖြစ် စင်ကာပူကို ယှဉ်ပြိုင်ရန် ရည်ရွယ်ထားပြီး ကျောက်ဖြူသည် တရုတ်သို့ ပေးပို့သည့် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ ဆိပ်ကမ်းလည်း ဖြစ်သည်။
ဂျပန်၏ အကူအညီဖြင့် ထိုင်းနှင့် မြန်မာတို့သည် မြန်မာနိုင်ငံ အရှေ့ပို်င်းတွင် ထားဝယ် အထူးစီးပွားရေးဇုန်ကို ပူးတွဲ ထူထောင်ကြ သော်လည်း တိုးတက်မှုမှာ စီစဉ်ထားသည်ထက် များစွာ နောက်ကျနေသည်။ ၁၉၆ စတုရန်းကီလိုမီတာ ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရှေ့တောင်အာရှ၏ အကြီးဆုံး အထူးစီးပွားရေးဇုန် ဖြစ်ရန် ရည်မှန်းထားသည်။
Solidiance ၏ အဆိုအရ သီလဝါသည် သံမဏိ၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းနှင့် မော်တော်ယာဉ် အစိတ်အပိုင်း ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်သည်။ ယနေ့အထိ လုပ်အားခ ဈေးနှုန်း သက်သာခြင်းသည် ဒေသ တန်ဖိုးနည်း ထုတ်ကုန်များ ဖြစ်သည့် အထည်ချုပ်လုပ်ငန်း၊ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများကို အဓိက ဆွဲဆောင်မှု ဖြစ်နေသော်လည်း အလယ်အလတ် ကုန်ထုတ်လုပ်ငန်းများသို့ တဖြည်းဖြည်း ပြောင်းလဲနေသည်ဟု ဆိုသည်။
“သီလဝါ၏ ရင်းနှီးမြှုပ်နှံမှု အများစုမှာ ဈေးချိုသော လုပ်အားခနှင့် ပို့ကုန် ဦးတည်လုပ်ငန်းများ အတွက် ရက်ရောလှသော မက်လုံးများဖြင့် ဆွဲဆောင်ခံရသော ကုန်ထုတ်လုပ်ငန်းများ ဖြစ်သည်” ဟု Solidiance ၏ လွန်ခဲ့သော လကုန်က အစီရင်ခံစာတွင် ဖော်ပြသည်။ “ထိုစက်မှုလုပ်ငန်းများတွင် အဆင့်နိမ့်နှင့် လုပ်အား အပြင်းအထန်သုံးရသော အခြေခံ အထည်ချုပ်လုပ်ငန်းများမှ သံမဏိနှင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများအထိ ပါသည်” ဟုလည်း ထိုအစီရင်ံစာက ဆိုသည်။
မြန်မာသည် ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုအခြေပြု ကဏ္ဍများ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်ရန် ရည်ရွယ်သည်။ လမ်းများ၊ တံတားများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ အခြေခံ ဝန်ဆောင်မှုများနှင့် စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုများကို ရင်းနှီးမြှုပ်နှံသူများက လေ့လာရန် အားပေးသည်။
ဂျပန်လုပ်ငန်းစုများ ဖြစ်သော Mitsubishi, Marubeni, Sumitomo နှင့် ဂျပန်အစိုးရတိုု့က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော သီလဝါ အထူးစီးပွားရေးဇုန်ကို အစိုးရက ပို့ကုန်အခြေပြု လုပ်ငန်းများတွင် ရက်ရောသော မက်လုံးများ ပေးပြီး ဦးစားပေး သည်။ ထို အထူးစီးပွားရေးဇုန်သည် သီလဝါရေနက်ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ ကုန်သွယ်ရေး၏ ၈၀ ရာခိုင်နှုန်းကို ဆုပ်ကိုင်ထားသော ရန်ကုန်ဆိပ်ကမ်းတို့နှင့် မဟာဗျူဟာကျကျနီးကပ်စွာတည်ရှိသည်။
သို့သော် သီလဝါသည် ပထမအဆင့်တွင် ဒေသခံများကို ပြန်လည် နေရာချထားရာ၌ ဒေသရပ်ရွာများ၏ မကျေနပ်မှုများ ကိုလည်း ဖြစ်စေသည်။ EarthRights International ၏ အဆိုအရ ရန်ကုန်အနီး ရပ်ရွာများမှ ဒေသခံများသည် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) နှင့် အခြားသော သီလဝါရှိ ဂျပန်ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ စိုးရိမ်မကင်း ဖြစ်မှုများကို ပြောပြရန် လွန်ခဲ့သော သီတင်းပတ်က ဂျပန်သို့ သွားရောက်ခဲ့ကြသည်။
ပထမဆင့်တွင် အိမ်ထောင်စု ၆၈ စုကို နေရာပြောင်းရွှေ့ခဲ့သည်၊ သို့သော် ၎င်းတို့အတွက် နေရေးထိုင်ရေး အစီစဉ်သစ်များ မှာ အဆင့်မမီဟု ၎င်းတို့က ပြောသည်။ JICA က ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ထောက်ခံတင်ပြမှုများ ပြုလုပ်ခဲ့ သော်လည်း ယင်း အကြံပြုချက်များကို ဂျပန်နှင့် မြန်မာနှစ်ဖက်လုံးမှ ကုမ္ပဏီများက အကောင်အထည် ဖော်ခြင်း မရှိခဲ့ပေ။ ယခုအခါ ဒုတိယဆင့်တွင်လည်း အလားတူ ချို့ယွင်းချက်များ ရှိမည်ကို ကျေးရွာသူ ကျေးရွာသားများက စိုးရိမ်ကြသည်။
“နေရေးထိုင်ရေး အစီအစဉ်များကို ပိုမိုကောင်းမွန်အောင် မလုပ်လျှင်၊ ရပ်ရွာထိတွေ့ ဆက်ဆံမှုတွင် အဓိပ္ပာပါယ်ရှိသော ပါဝင်မှု မရှိလျှင် စီမံကိန်း ဒုတိယဆင့် ဆက်လုပ်နိုင်မည် မဟုတ်” ဟု EarthRights ၏ လွန်ခဲ့သော သီတင်းပတ်က ကြေညာချက်တွင် ဖော်ပြထားသည်။
ပထမဆင့်တွင် ရွာသားများ၏ ပထမဆုံး အုပ်စုကို ၎င်းတို့၏ဆန္ဒ မပါဘဲ ရွှေ့ပြောင်းခဲ့ပြီး ၃ နှစ်နီးပါး ကြာပြီးသည့်တိုင် လျှော်ကြေးနှင့် ပြန်လည်နေရာချထားရေးပြဿနာများကို အပြည့်အဝ ဖြေရှင်းပေးခဲ့ခြင်း မရှိပေ။ ပြန်လည်ချထားသော နေရာတွင် သန့်ရှင်းသော ရေနှင့် အဆင့်မီသော စွန့်ပစ် အညစ်အကြေး စီမံခန်ခွဲမှုစနစ် မရှိသေးချေ” ဟု ထိုအစီရင်ခံစာက ဆိုသည်။
“ကျနော်တို့ ဒီကို ပြောင်းလာရတော့ အခြေအနေက အရမ်းဆိုးတယ်။ ဘာပြဿနာကိုမှ ပြေလည်အောင် လုပ်မပေးဘူး။ ဒီတော့ အဲဒီပြဿနာတွေကို ခုထိရင်ဆိုင်နေရတယ်” ဟု ရွှေ့ပြောင်းနေရာတွင် နေထိုင်သည်ဆိုသော ကိုသန်းအိ အမည်ရှိ ရွာခံတဦးက ပြောသည်ဟု EarthRights က ကိုးကားသည်။ “အရင်က ကျနော်တို့ ပျော်တယ်။ အခုတော့ ရှေ့ရေးကို အမြဲပူနေရတယ်” ဟု သူက ဆိုသည်။
ကျေးရွာအကြီးအကဲ ဦးမြလှိုင်ကမူ သီလဝါစီမံကိန်းသည် ရပ်ရွာပူးပေါင်းပါဝင်မှု မရှိက မအောင်မြင်နိုင်ဟု ပြောသည်။ “သူတို့ ကျနော်တို့နဲ့ ထိတွေ့ဆက်ဆံမှု မရှိရင် ဒီစီမံကိန်းကို ဆန့်ကျင်မယ်” ဟုသူဆက်ပြောသည်ဟု ကိုးကားဖော်ပြသည်။
EarthRights International ၏ ဥပဒေအကျိုးဆောင် ညှိုနှိုင်းသူ Katherine McDonnell က စီမံကိန်းတွင် ပါဝင်သူများကို ဖြစ်လာဖွယ်ရှိသည့် ဆိုးကျိုးများနှင့်ပတ်သက်၍ အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း၊ ပိုမိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ရန် တိုက်တွန်း လမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သိုသော်လည်း ၎င်းတို့သည် အဓိပ္ပာယ်ရှိသော အရေးယူဆောင်ရွက်မှု တစုံတရာ မပြုလုပ်ခဲ့ကြဟု ပြောသည်။
“ဒီဆွေးနွေးချက်က ပါဝင်ပတ်သက်သူ အားလုံးအနေနဲ့ ဒေသရပ်ရွာရဲ့ စိုးရိမ်သောကတွေကို အလေးအနက် ထားဖို့ တွန်းအား ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ အဓိပ္ပာယ် ကတော့ ဒေသခံ ကျေးရွာသားတွေကို အဆင့်တိုင်းမှာ ပါဝင်ခွင့်ပေးပြီး၊ နောင်ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်ရှားရင်း အရင်ထိခိုက်မှု အားဘုံးကို ကုစား ခွင့်ပြုဖ်ို့ပဲ” ဟု သူက ပြောသည်။
ကိုးကား။ ။ ဘန်ကောက်ပို့စ် သတင်းစာပါ Nareerat Wiriyapong ရေး Myanmar advances ဆောင်းပါး