စီးပွားရေး

ကျပ်သိန်း ၁၀၀ ဝန်းကျင် တန်ဖိုးနည်းအိမ်ခန်း ၂ ထောင်ကျော် ၈ နှစ် အရစ်ကျရောင်းမည်

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တို့က ပူးပေါင်းစီစဉ် ဆောက်လုပ်ထားသည့် တန်ဖိုးနည်း အိမ်ရာ ၂,၂၀၈ ခန်းကို ၈ နှစ် အရစ်ကျ ပေးချေစနစ်ဖြင့် ၂၀၁၆ တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲ၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ရှိ MICT Park တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) နှင့် House.com.mm တို့ ပူးပေါင်းကျင်းပမည် ဖြစ်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှ ဒုညွှန်ကြားရေးမှူးချုပ် ဦးမင်းအောင်အေးက “ တန်ဖိုးနည်း အိမ်ရာတွေ တည်ဆောက်ပြီးစီးသွားတဲ့အတွက် ရက် ၁၀၀ အတွင်းမှာ ရောင်းချမယ်။ ပျမ်းမျှစျေးနှုန်း က သိန်း ၁၂၀၊ ခြောက်ခန်းတွဲ လေးထပ်ဆိုရင် အပေါ်ဆုံးက ၉၈ သိန်း၊ ၈ ခန်းတွဲ လေးထပ်ဆိုရင် ဒီကအခန်းတွေက ပိုကျယ်တဲ့အတွက် အောက်ဆုံးက ၁၂၅ သိန်း၊ အပေါ်က သိန်း ၁၀၀ လောက်ရှိတယ်” ဟု ၂၀၁၆ တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုအရောင်းပြပွဲတွင် အစိုးရစီမံမှုဖြင့် ဆောက်လုပ်ထားသည့် နိုင်ငံတဝှမ်းရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများအပြင် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီများက ဆောက်လုပ်ထားသည့် တန်ဖိုးသင့်အိမ်ရာများလည်း ပါဝင်မည်ဖြစ်သည်။ နိုင်ငံတစ်ဝှမ်းရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများကို စိတ်ကြိုက်ရွေးဝယ်နိုင်မည့် အခွင့်အရေးနှင့် ဝယ်ယူနိုင်မည့်နေရာ၊ စျေးနှုန်း၊ အရစ်ကျပေးသွင်းနိုင်မည့်ကာလ စသည့် အချက်အလက်များကို ရှင်းပြမည် ဖြစ်ကြောင်း သိရသည်။

မြို့ုပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ရောင်းချမည့် တန်ဖိုးသင့်အိမ်ရာ ၂,၂၀၈ ခန်းမှာ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းအိမ်ရာ အပိုင်း ၂ နှင့် အပိုင်း ၃၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း ၁ နှင့် အပိုင်း ၂ နှင့် ကနောင် တန်ဖိုးနည်းအိမ်ရာများ ဖြစ်သည်။

အဆိုပါတန်ဖိုးနည်းအိမ်ရာများ ဝယ်ယူနိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ၌ Housing Saving Account ဖွင့်လှစ်၍ ကနဦး ၃၀ ရာခိုင်နှုန်း ဖြစ်သည့် ငွေကျပ် သိန်း ၃၀ ကို ပေးသွင်းထားရမည်ဖြစ်ပြီး အိမ်ခန်းတန်ဖိုး ပေးဆပ်ရန်ကျန်ရှိသည့် ငွေပမာကို ၈ နှစ် အရစ်ကျစနစ်ဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း CHDB ဘဏ် ချေးငွေဌာနမှ ကြီးကြပ်ရေးမှူး ဦးလှမျိုးတင့်က ပြောသည်။

ကနဦးပေးသွင်းငွေအတွက် CHDB ဘဏ်က နှစ်စဉ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းကို ခံစားခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အိမ်ခန်းတန်ဖိုး ပေးဆပ်ရန် ကျန်ရှိသည့် ပေးသွင်းငွေသက်တမ်းကို ၈ နှစ်မှ ၁၅ နှစ်အထိ တိုးမြှင့်ပေးရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ဦးလှမျိုးတင့်က “ အိမ်ရာဝယ်ယူဖို့အတွက် ဝင်ငွေကို စိစစ်တဲ့နေရာမှာ တဦးချင်းဝင်ငွေနဲ့ မဟုတ်ဘူး။ မိသားစုအားလုံးရဲ့ဝင်ငွေကို စုပေါင်းပြီး ဖော်ပြလို့ရတယ် ” ဟု ပြောသည်။ တန်ဖိုးနည်းအိမ်ရာမှ အိမ်ခန်းများ ဝယ်ယူနိုင်ရန် CHDB ဘဏ်က Housing Saving Account ကို သြဂုတ်လ ၁ ရက်က စတင်ဖွင့်လှစ်ပေးခဲ့ပြီး စာရင်းဖွင့်လှစ်ထားသူ အရေအတွက် ၅၀၀၀ ကျော် ရှိကြောင်း သိရသည်။

ထိုတန်ဖိုးနည်းအိမ်ရာများ အကောင်ထည်ဖော်ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) က ချေးငွေထုတ်ချေးရာတွင် အိမ်ရာဆောက်လုပ်သူဦးရေ ၂၀၀ ကို ဘီလီယံ ၉၀ ထုတ်ချေးထားပြီး၊ ဝယ်ယူမည့်သူဦးရေ ၅၀၀ ကို ၇ ဘီလီယံ ထုတ်ချေးထားကြောင်း ၎င်းက ဆက်ပြောသည်။

Loading