စီးပွားရေး

ထင်သလောက် မလွယ်သော ဆန်ရှင်အလွန် အမေရိကန်-မြန်မာ ကုန်သွယ်ရေး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ် သိမ်းပေးလိုက်တဲ့အကြောင်း သမ္မတအိုဘားမားရဲ့လက်မှတ်ပါတဲ့ ထုတ်ပြန်ချက်တခုကို အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာပိတ်ဆို့မှု အက်ဥပဒေ ( (JADE- Junta’s Anti- Democratic Effort )ပါ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်တွေ အပါအဝင် အခြားတားဆီးပိတ်ပင်မှုတွေကို ဖယ်ရှားပေးလိုက်တဲ့ အတွက် OFAC (The Department of the Treasury’s Office of Foreign Assets Control) ကထုတ်ပြန်တဲ့ မြန်မာနိုင် ငံနဲ့ ပတ်သက်တဲ့ စီးပွားရေးဆိုင်ရာ အရေးယူမှုတွေ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။

အလားတူပဲ မြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ်မှုစည်းမျဉ်း( BSR-The Burmese Sanction Regulations) အရ ပိတ်ပင်တား မြစ်ခံထားရတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကိုလည်း စာရင်းထဲက ပယ်ဖျက်ပေးထားပါတယ်။ ထို့အတူ မြန်မာနိုင်ငံက တင်သွင်းမယ့် ကျောက်စိမ်းနဲ့ ပတ္တမြားအပါအဝင် လက်ဝတ်ရတနာတွေအပေါ်မှာ တားဆီး ပိတ်ပင်မှုတွေကိုလည်း ရုပ် သိမ်းပေးလိုက်ပြန်ပါတယ်။

ဒီလို ပယ်ဖျက်ရုပ်သိမ်းပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် အလားအလာကောင်းတွေ ရရှိ လာတော့မယ်လို့ တချို့က သုံးသပ်ကြသလို တချို ့ကတော့ ခရိုနီတွေလို့ အခေါ်ခံရတဲ့ စီးပွားရေးသမားကြီးတွေနဲ့ ဗိုလ်ချုပ် ဟောင်းတွေပဲ မြန်မာ့စီးပွားရေးနယ်ပယ်မှာ ဆက်လက်ကြီးစိုးနေလိမ့်မယ်လို့ ဝေဖန်နေကြပါတယ်။

GSP အခွင့်အရေးမရတဲ့ အထည်ချုပ်လုပ်ငန်း

ပိတ်ဆို့မှုရုပ်သိမ်းရေးရဲ့အကျိုးဆက်တခုအဖြစ် မြန်မာပို့ကုန်တွေအပေါ်GSP (Generalized System of Preference) အကျိုးခံစားခွင့်ကို အမေရိကန်အစိုးရက လာမယ့်နိုဝင်ဘာလ ၁၃ရက်နေ့နောက်ပိုင်းမှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

GSP အခွင့်အရေးရရင် မြန်မာ့ပို့ကုန်တချို့ဟာ အခွန်ကင်းလွတ်ခွင့်ရကြမှာ ဖြစ်သလို အမေရိကန်စျေးကွက်ကို ဝင်ရောက် ရာမှာ ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။

ဒါကြောင့် ပို့ကုန်ထုတ်လုပ်မယ့် စက်ရုံတွေ တိုးလာနိုင်သလို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာမယ်ဆိုတဲ့ ယေဘုယျ မျှော်လင့်ချက်တွေလည်း ရှိနေကြပါတယ်။

ဒါပေမယ့် ဒီ မျှော်လင့်ချက်တွေက ဘယ်လောက်အထိ အမှန်တရားနဲ့ နီးစပ်ပါသလဲ။ ဘာကြောင့်လဲဆိုတော့ GSP အကျိုး ခံစားခွင့်ကို ပေးခဲ့ပေမယ့် အဲဒီအထဲမှာ အထည်ချုပ်လုပ်ငန်းတွေ မပါဝင်တဲ့အတွက်ပါပဲ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရင်းနီီးမြုပ်နှံမှု ကော်မရှင်( MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက အထည်ချုပ်လုပ်ငန်းတွေ GSP အကျိုးခံစားခွင့်ရတဲ့အထဲမှာ မပါဝင်သေးတဲ့ အကြောင်း အတည်ပြုပေးခဲ့တာပါ။

တကယ်တော့ GSP အကျိုးခံစားခွင့်ပေးနိုင်တဲ့ ကုန်ပစ္စည်းအမျိုးအစားပေါင်းက ငါးထောင်လောက်ရှိပါတယ်။ ဒါပေမယ့် ဒီအကျိုးခံစားခွင့်ကိုပေးတဲ့အခါ သေသေချာချာ စိစစ်ပြီးမှာ ပေးတာမျိုးဖြစ်ပြီး ဥပဒေတခုခုနဲ့ ငြိစွန်းရင်လည်း ဒီအခွင့်အ ရေးကို ပြန်ရုပ်သိမ်းတတ်ကြပါတယ်။

မြန်မာနိုင်ငံကို ပေးထားခဲ့တဲ့ GSP အကျိုးခံစားခွင့်ကို ၁၉၈၉ ခုနှစ်ဧပြီလက စပြီး အလုပ်သမားဥပဒေ (Labour law)နဲ့ ငြိ နေတဲ့အတွက် အမေရိကန်အစိုးရက ပြန်လည်ရုပ်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ တချိန်က မြန်မာနိုင် ငံက ချုပ်ထည်တွေကို အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ အညွန်းကိန်းတွေကို ထုတ်ပြန်တဲ့ World Trade Atlas ရဲ့ကိန်းဂဏန်းတွေအရ ၁၉၉၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၇ ဒဿမ ၈ သန်းဖိုး၊ ၁၉၉၉ ခုနှစ်မှာ ၁၈၅ဒဿမ ၇ သန်းဖိုး၊ ၂၀၀၀ ခုနှစ်မှာ ၄၀၃ ဒဿမ ၅သန်း ဖိုး၊ ၂၀၀၁ ခုနှစ်မှာ ၄၀၈သန်းဖိုး၊ ၂၀၀၂ ခုနှစ်မှာ ၂၉၈ ဒဿမ ၆ သန်းဖိုး တင်သွင်းခဲ့ပါတယ်။

ဒါပေမယ့် ဒီပဲယင်းအရေးအခင်းဖြစ်တဲ့ ၂၀၀၃ ခုနှစ်မှာ ၂၃၂ ဒဿမ ၇ သန်းဖိုးသာ တင်သွင်းခဲ့ပြီး ဒါဟာ နောက်ဆုံးလည်း ဖြစ်နေပါတယ်။ ၂၀၀၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံက ချုပ်ထည်တွေကို မတင်သွင်းတော့ပါဘူး။

မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှု ကော်မရှင် ( MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးကတော့ အထည်ချုပ်လုပ်ငန်းတွေ GSP အကျိုး ခံစားခွင့်မရပေမယ့် ခရီးဆောင်ပစ္စည်း(Travelling goods) တွေကတော့ အခွန်လွတ် တင်သွင်းခွင့်ရတဲ့ ပစ္စည်းစာရင်းထဲ မှာ ပါဝင်နေတယ်လို့ ပြောခဲ့ပါတယ်။

“ဒီလိုခရီးဆောင်ပစ္စည်းတွေ၊ ဥပမာ အိတ်တွေက အစ အမေရိကန်မှာ တနှစ်ကို ၁ဝဘီလျံလောက် သွင်းနေရပါတယ်။ မြန် မာနိုင်ငံက Travelling goodsနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေရရင် အကျိုးရှိနိုင်ပါတယ်” လို့ ဦးအောင်နိုင်ဦးက ပြောခဲ့ပါတယ်။

ကျော်လွှားရမယ့် အခက်အခဲ

“ဖြစ်နေတာက အထည်ချုပ်လုပ်ငန်းတွေကို GSP ပေးတဲ့အထဲ ထည့်မထားပါဘူး။ လုပ်ငန်းတွေမှာ လိုအပ်ချက်တွေ ရှိတာ ကို ထောက်ပြတယ်။ ဥပမာ အလုပ်ရှင်နဲ့ အလုပ်သမားကြားက ပြဿနာတွေ၊ လူကုန်ကူးတဲ့ ကိစ္စ၊ လူ့အခွင့်အရေးကိစ္စ၊ ခရိုနီတွေ မြေသိမ်းတဲ့ကိစ္စတွေ အားလုံးအကျုံးဝင်နေတဲ့အတွက် ဒါတွေ ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ လိုအပ်တယ်” လို့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေး က ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းတွေ GSP အခွင့်အရေးကို ပြန်ရလာဖို့အတွက် ဥပဒေအရ ခွင့်ပြုလာနိုင်အောင် သီးခြား လော်ဘီ (Lobby) လုပ်ဖို့ လိုပါလိမ့်မယ်။ ကမ္ဘောဒီယားနိုင်ငံမှာလည်း ဒီလိုလုပ်ခဲ့ရတဲ့ ဥပမာရှိပါတယ်။ ဒါအပြင် အထည်ချုပ်လုပ်ငန်း မှာ ရှိရမယ့်စံနှုန်းတွေက များပြားသလို မြင့်လည်း မြင့်မားတဲ့အတွက် အချိန်ယူရလိမ့်မယ်လို ့ဒေါက်တာမောင်မောင်လေး က ထောက်ပြပါတယ်။

အထည်ချုပ်လုပ်ငန်းမှာ ပါဝင်နေတဲ့ အလုပ်ရှင်ဆိုင်ရာ စံနှုန်း၊ အလုပ်သမားဆိုင်ရာ စံနှုန်း၊ လုပ်ငန်းခွင်ဆိုင်ရာ စံနှုန်း စတာ တွေက မြန်မာ့စီးပွားရေးလုပ်ငန်းတွေ အလွယ်တကူ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေနဲ့ ဆက်နွယ်နေပါတယ်။ စက်ရုံတည် ထားတဲ့ မြေဟာ သိမ်းထားတဲ့မြေမဖြစ်ဖို့ အရေးကြီးသလို အလုပ်သမားဥပဒေနဲ့ မညီသေးရင်တော့ ပိုပြီးခက်ခဲပါလိမ့်မယ်။

“တခါတခါ အန်ကယ်တို့တောင် လိုက်မမီနိုင်ဘူး ဖြစ်နေတယ်။ သူတို့သတ်မှတ်တဲ့အထဲမှာ ဥပမာ စက်ရုံရဲ့တံခါးတွေကို သစ်သားနဲ့ ဆောက်ထားတာမျိုးကိုတောင် ခွင့်မပြုဘူးဖြစ်နေတယ်” လို့ ဒေါက်တာမောင်မောင်လေးက ပြောပြခဲ့တာပါ။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်ကတော့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း လိုက်တဲ့အကြောင်း ထုတ်ပြန်ကြေညာလိုက်ရုံနဲ့ အကျိုးကျေးဇူးတွေ ချက်ချင်း ပေါ်ပေါက်လာတဲ့အကြောင်းနဲ့ နိုင်ငံတကာ ကုန်သွယ်မှုမှာ အီးယူနဲ့ဖြစ်ဖြစ် အမေရိကန်နဲ့ဖြစ်ဖြစ် မျှတတဲ့ ကုန်သွယ်မှု (Fair Trade) ဖြစ်မဖြစ်ကိုလည်း ကြည့်လေ့ရှိ ကြောင်းပြောခဲ့ပါတယ်။

“Fair trade ဆိုတာက အလုပ်ရှင်က အရမ်းချမ်းသာပြီး အလုပ်သမားက စုတ်ပြတ်နေလား။ လုပ်ငန်းခွင်ထဲမှာ လူ့အခွင့် ရေးချိုးဖောက်မှုတွေရှိသလား၊ ကလေးလုပ်သားတွေ သုံးထားလားဆိုတာတွေနဲ့ အခြားသတ်မှတ်ထားတဲ့ စံနှုန်းတွေ အများကြီးရှိတယ်”လို့ ပြောခဲ့တာပါ။

ဒီအချက်တွေကြောင့် အထည်ချုပ်အပြင် မြန်မာပို့ကုန်တွေ အမေရိကန်စျေးကွက်ကို ထိုးဖောက်ဖို့ အတော်လေး လုပ်ယူရ ဦးမယ့် အနေအထားလည်းရှိပါတယ်။

ဖြေလျော့မှုက ဘယ်သူ ့အတွက်လဲ

ဒါဆိုရင် ဖြေလျော့မှုက ဘယ်သူအတွက်လည်းဆိုတာမျိုး မေးရတော့မလိုဖြစ်နေပါတယ်။

ခရိုနီလို့ အမည်ပေးခံရတဲ့ စီးပွားရေးသမားတွေနဲ ့ အာဏာရှင်ဟောင်းတွေအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းပေးလိုက်တာဟာ ရင် ကြားစေ့ စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်တာ ဖြစ်မယ်လို ့ သုံးသပ်သူတွေရှိသလို တဆက်တည်းမှာ ဒီခရိုနီဆိုသူ တွေနဲ့ အတူတကွ လက်တွဲပြီး မြန်မာ့စီးပွားရေးကို တိုးတက်အောင် လုပ်လေမလားလို့လည်း စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။

ဒါဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ သေချာပေါက်ဖြစ်လာလိမ့်မယ်လို ့ဝေဖန်ကြပါတယ်။ နှစ်ပေါင်းရှည်ကြာပြီဖြစ်တဲ့ ပိတ်ဆို့မှုကို လွှတ်ပေးလိုက်တာဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုတာထက် ခရိုနီတွေကို ဆုချလိုက်တဲ့ ရုပ်သိမ်းမှုတခုသာဖြစ်တယ်လို့ ကောက်ချက်ချနေကြတာလည်း ရှိပါတယ်။

“စီးပွားရေးငန်းရှင်တွေကြားထဲမှာ တချို့က ပြောကြတယ်။ အစကတည်းက ခရိုနီ မလုပ်တာ မှားတယ်။ နောက်ဆုံးတော့ ယူရဲတဲ့သူက ရတယ်။ မယူတဲ့ လူက မရဘူး။ ဆင်းရဲတာပဲ အဖတ်တင်တယ်လို့ပြောပြီး အားမလိုအားမရဖြစ်နေကြတယ်” လို့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

စိမ်းလန်းအမိမြေရဲ့Mangaing Director ဖြစ်တဲ့ ဦးမျိုးသူကတော့ ဆန်ရှင်ကို အခုလို ဖွင့်ပေးလိုက်တာ ကောင်းမွန်ပေမယ့် SDN (Specially Designated Nation)နဲ့ ပတ်သက်ပြီး အားလုံးလွှတ်လိုက်တဲ့အတွက် လူ့အဖွဲ့အစည်းရဲ့ကျင့်ဝတ်တန်ဖိုး (Moral Value)ကိုများ ထိခိုက်သွားမလား စိုးရိမ်မိတယ်လို့ သုံးသပ်ပါတယ်။

“နီတိက ဘာလဲဆိုတော့ အများမိုးခါးရေသောက်ရင် သောက်လိုက်၊ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် အကောင်ကြီးရင် လွတ်တာပါပဲဆိုတဲ့ နီတိဖြစ်သွားတယ်။ ဒါဆိုရင်တော့ ကောင်းရောင်းကောင်းဝယ် လုပ်စားဖို့ဆိုတာ တော်တော်လေး ခက်သွားပြီ။ ဒီအမြင်ဟာ လူ့အဖွဲ့အစည်းအတွက်တော့ မကောင်းပါဘူး”လို့ ပြောခဲ့တာပါ။

ယခုလို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာတွေကို ပထဝီနိုင်ငံရေးအမြင်နဲ့ တချို့က သုံးသပ်ကြတာလည်း ရှိပါတယ်။ ဒီအ မြင်ကတော့ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ ့ လွှမ်းမိုးမှုအပေါ် ဟန့်တားတာဆိုတဲ့အမြင်ပါ။ ဒီအပေါ်မှာ တရုတ်က ဘယ်လို တန်ပြန်လာမလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။

လောလောဆယ်မှာတော့ တရုုတ်ဘက်ကိုသွင်းတဲ့ ပို့ကုန်တွေကို အခွန်တွေ တိုးကောက်နေတယ်လို့ သိရပါတယ်။ အမေ ရိကန်ဘက် က GSP ဆိုတဲ့ အခွန်လွတ် အခွင့်အရေးပေးဖို ့ပြင်ဆင်နေချိန်မှာ တရုတ်က မြန်မာ့ပို့ကုန်တွေအပေါ် အခွန် တိုးကောက်လိုက်တဲ့ သတင်းဟာ ပထဝီနိုင်ငံရေးအမြင်ရှိတဲ့ ဝေဖန်သူတွေအတွက် စဉ်းစားစရာ ဖြစ်နေပါတယ်။

ခရိုနီစီးပွားရေး၊ ပထဝီနိုင်ငံရေးနဲ့ အာဏာရှင် အကြွင်းအကျန်တွေကြားမှာ ဆက်လက် ရုန်းကန်ရဦးမယ့် မြန်မာ့စီးပွားရေး လောကဟာ ဂယက်ထန်နေဦးမှာပဲလို့ ခန့်မှန်းမှုများစွာလည်း ရှိနေပါတယ်။

Loading