TrueMoney Myanmar နှင့် AGD ဘဏ်တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အချိန်နှင့်တပြေးညီ ငွေလွှဲပြောင်း ပေးနိုင်သည့် ပထမဆုံး အီလက်ထရွန်နစ် ငွေလွှဲဝန်ဆောင်မှု TrueMoney Transfer စနစ်ကို စတင်အသုံးပြုနိုင်ပြီ ဖြစ် ကြောင်း သိရသည်။
အဆိုပါ အီလက်ထရွန်နစ် ငွေလွှဲဝန်ဆောင်မှု မိတ်ဆက်သည့် သတင်းစာရှင်းလင်း ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ က ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်၌ ကျင်းပသည်။
အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ် (AGD Bank) မှ တာဝန်ရှိသူ တဦး ဖြစ်သည့် ဦးပြည်စိုးထင်က “ထိုင်းမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ အလုပ်လုပ်ကိုင်သူတွေ စိတ်ချစွာ ငွေလွှဲနိုင်ဖို့ လိုအပ်တယ်။ အခုက တရားမဝင် ငွေလွှဲလုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်နေရလို့ ငွေကြေးဆုံးရှုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက TrueMoney Myanmar နဲ့ ပူးပေါင်း လုပ်ကိုင်ရလို့ ဝမ်းသာပါတယ်”ဟု ပြောသည်။
AGD ဘဏ်သည် လက်ရှိအချိန်အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဘဏ်ခွဲပေါင်း ၅၅ ဘဏ်ရှိပြီး ပို့ကုန်သွင်းကုန် လုပ်ငန်း အပြင် ငွေလွှဲ လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသည့် ဘဏ်တခုဖြစ်ကြောင်း၊ ဆန်ရှင် လွှတ်လိုက်သည့် အတွက် ထိုဘဏ်မှ နောက်ပိုင်းတွင်လည်း ပို့ကုန်သွင်းကုန် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား စုစုပေါင်း ၂ သန်းနီးပါးရှိပြီး တနှစ်လျှင် လူတဦးသည် ငွေလွှဲ သည့် အကြိမ်အားဖြင့် ၆ ကြိမ် ရှိကြောင်း၊ တခါလွှဲလျှင် ဒေါ်လာ ၂၀၀ လွှဲလေ့ ရှိကြောင်း TrueMoney Myanmar ၏ သုတေသန ပြုထားချက်တွင် ပါရှိသည်။
“ဒီငွေတွေကို ဘယ်လို လွှဲနေကြတာလဲဆိုရင် လွှဲတဲ့ပုံစံက တရားမဝင် လွှဲတာ။ ဟွန်ဒီ သုံးတာကလည်း ရွေးချယ်စရာ မရှိ ဘူး။ လေ့လာကြည့်တဲ့အခါ ဘဏ်တွေက ဝန်ဆောင်မှုပေးနိုင်မှု အဆင်သင့်မရှိဘူး။ ငွေထုတ်တဲ့နေရာက အလှမ်းဝေး တာ တွေ့ရတယ်။ ဟွန်ဒီနဲ့ လွှဲတဲ့အခါ ဆုံးရှုံးမှုတွေ အများကြီး ရှိပါတယ်”ဟု TrueMoney Myanmar မှ Senior Product Executive ဖြစ်သူ ဦးလော့ဒ်အောင်က ပြောသည်။
ထို့အပြင် ၎င်းက ဆက်ပြီး “အခုလုပ်လိုက်တဲ့ ဒီဝန်ဆောင်မှုက ချက်ချင်းလွှဲ ချက်ချင်းထုတ် စနစ်ပါ။ AGD ဘဏ်ခွဲရှိတဲ့ နေရာတိုင်းမှာ ထုတ်နိုင်တယ်။ ဖုန်းနံပါတ် သို့မဟုတ် မှတ်ပုံတင် ယူသွားရမယ်။ အေတီအမ် စက်တွေမှာတော့ မရပါဘူး။ ဘဏ်ကို တိုက်ရိုက်သွားရပါမယ်။ ဘဏ်ဖွင့်ချိန်အတိုင်း လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်စားလှယ်တွေ ဆီမှာလည်း ထုတ်လို့ ရပါတယ်”ဟု ပြောဆိုသည်။
ငွေလွှဲပေးပို့ရာတွင် TrueMoney Myanmar ၏ ကိုယ်စားလှယ်ထံ သွားရောက်ပြီး ကိုယ်စားလှယ်က ငွေလက်ခံရန် အတွက် ငွေပေးပို့သူ တဦးတည်းသာ သိသည့် လုံခြုံစိတ်ချရသော လျှို့ဝှက်ကုဒ်နံပါတ်ကို စာတိုစနစ်ဖြင့် ပို့ပေးမည်ဟု လည်း ဆို သည်။
ထိုသို့ပြုလုပ်ရာတွင် ငွေလွှဲဝန်ဆောင်မှုနှင့် ပတ်သက်သော ပြဿနာ တစုံတရာရှိလာပါက TrueMoney Myanmar ဘက် မှ ပြန်အမ်းငွေကို အဆင်သင့် ပြုလုပ်ထားကြောင်း သိရသည်။
ထို့အပြင် ငွေလွှဲမည့်သူ ကိုယ်တိုင်ကလည်း မိမိကိုယ်တိုင် မိုဘိုင်းဖုန်းဖြင့်လည်း ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်နိုင်သည်ဟု ဆို သည်။
ဝန်ဆောင်မှုပေးရာတွင် ငွေလွှဲခအနည်းဆုံး ဘတ်ငွေ ၅၀ စ၍ ကျမည်ဖြစ်ပြီး တနေ့လျှင် ထိုင်းဘတ်ငွေ နှစ်သိန်း (မြန်မာငွေ ကျပ် သိန်း ၇၀ ခန့်) အထိ လွှဲနိုင်ကြောင်း၊ တကြိမ်လွှဲလျှင် ကျပ် ၁၀ သိန်းထက် မကျော်လွန်ဘဲ အကြိမ် ခွဲ၍ လွှဲနိုင်ကြောင်း သိရ သည်။
ငွေလွှဲနိုင်သည့် နေရာများမှာ မြန်မာနိုင်ငံတွင် ၆၈၁ နေရာရှိပြီး မွန်၊ တနသာင်္ရီ၊ ကရင်၊ ရှမ်း၊ ရန်ကုန်၊ ပဲခူး စသည့် နေရာ များ ဖြစ်ပြီး ထိုင်းနိုင်ငံတွင် မြန်မာအများစုရှိသော ဘန်ကောက်၊ စမွတ်စခွန်၊ စမွတ်ပရာကန်၊ တာ့ခ်၊ ရေးနန်၊ ကန်ချနပူရီ၊ ဖူးခက် စသည့် နေရာများတွင် ငွေလွှဲပေးပို့နိုင်မည့်နေရာ ၂၅၀ ရှိသည်ဟုလည်း ဆိုသည်။
TrueMoney Myanmar သည် ထိုင်းနိုင်ငံရှိ Ascend Group ၏ လုပ်ငန်းခွဲ တခုဖြစ်သည်။