စီးပွားရေး

ဆန်ရှင်ရုပ်သိမ်းသော်လည်း ပြဿနာများကျန်ရှိနေဆဲ

KFC ၏ အားပါးတရပြုံးနေသော Colonel Sanders နှင့် သူ၏ မုတ်ဆိတ်မှာ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ် သော ရန်ကုန်မြို့၏ အနည်းငယ်မျှသာသော အမေရိကန်ကုန်အမှတ်တံဆိပ်များ သို့မဟုတ် စီးပွားရေးလုပ်ငန်းများတွင် အပါအ ဝင်ဖြစ်သည်။

ဤအခြေအနေမှာ ဒီမိုကရေစီထွန်းသစ်စ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် လက်ကျန်အရေးယူပိတ်ဆို့မှုအများစုကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အောက်တိုဘာလ ၇ ရက်နေ့က ရုပ်သိမ်းပြီးနောက် ပြောင်းလဲကောင်းပြောင်းလဲ သွားနိုင်သည်။

သို့သော် အများအပြားမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက တိုင်းပြည် ၏ခေတ်နောက်ကျသော ဥပဒေနှင့် မူဝါဒများကို မည်သို့ ပြုပြင်မည်နည်းဟူသော အချက်ပေါ်တွင် မူတည်နေသည်။

လွန်ခဲ့သော ဆယ်စုနှစ်၂ခုလုံးတွင် အမေရိကန်နိုင်ငံသည် လူဦးရေသန်း ၆၀ ခန့်ရှိသော ဤအရှေ့တောင်အာရှနိုင်ငံအပေါ် ကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပိတ်ပင်မှုများ ချမှတ်ထားခဲ့သည်။ ယခုလ အစောပိုင်းက ရုပ်သိမ်းခဲ့သည့် ပိုမိုတိကျစွာ ပစ်မှတ်ထားရှိသည့် ပိတ်ပင်မှုများမှာ အများအားဖြင့် စစ်တပ်ပိုင်လုပ်ငန်းများ၊ ယခင် စစ်အစိုးရအရာ ရှိများနှင့် ၎င်းတို့၏ အပေါင်းပါများနှင့် သက်ဆိုင်သည်။ မြန်မာမှ ကျောက်စိမ်းနှင့် ပတ္တမြားတင်သွင်းခွင့်ပိတ်ပင်ခြင်းကိုလည်း အဆုံး သတ်ခဲ့သည်။

ယခုအချိန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို အထီးကျန်ခေတ်အတွင်း မြန်မာ၏ အဓိက ရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ဘက် တရုတ်အပါအဝင် အာရှနိုင်ငံများကသာ အဓိက လုပ်ဆောင်နေကြသည်။ အမေရိကန်စီးပွားရေး လုပ်ငန်းအများစုနှင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများမှာ ဒေါ်လာသန်းချီ ဒဏ်ငွေနှင့် နှစ်နှစ်ဆယ်အထိ ထောင်ဒဏ်များကို ကြောက် လန့်ပြီး ခပ်ခွာခွာနေကြသည်။

ယခုနှစ် အစောပိုင်းကမူ ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ကုမ္ပဏီဥပဒေနှင့် အခြား လုပ်ထုံးလုပ်နည်းများ အပြောင်း အလဲကို စောင့်ရင်း နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု နှေးကွေးသွားသည်။

“အမေရိကန်စီပွားရေး လုပ်ငန်းအတော်မျာများက အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ တော်တော်စိုးရိမ်ကြတယ်။ အထူးသဖြင့်ကတော့ ဒဏ်ငွေအရမ်းများတဲ့ ဘဏ္ဍာရေး ကဏ္ဍမှာပေါ့” ဟု မြန်မာ့ရေးရာကျွမ်းကျင်သူနှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ အကြံပေး Sean Turnell ကပြောသည်။

အမေရိကတွင် လုပ်ကိုင်နေသော ဘဏ်များက ဆောင်ရွက်ပေးရသည့် ဒေါ်လာဖြင့် ပေးချေသော အရောင်းအဝယ်များကို ထိန်းချုပ်သည့် ဘဏ္ဍာရေးကဏ္ဍ အရေးယူပိတ်ဆို့မှုများသည် အမေရိကန်လုပ်ငန်းများအတွက်သာမက အနောက်ကုမ္ပဏီ များအပြားအတွက်လည်း အကြီးအကျယ် အကန့်အသတ်ဖြစ်စေသည်။

“လုပ်ရကိုင်ရတာ တော်တော်ခက်တယ်။ ဈေးကွက်က တော်တော်သေးပြီး အကျိုးအမြတ်ကလည်း ချမှတ်ခံရမယ့်ဒဏ်ငွေနဲ့ ယှဉ်ကြည့်ရင် တော်တော်နည်းနေတယ်။ ဒီတိုင်းပြည်ထဲကို ငွေသွင်းတာ၊ ငွေပြန်ထုတ်ရတာနဲ့တင် အကြီးအကျယ် အခက် ခဲဖြစ်နေပြီ” ဟု Sean Turnell က ပြောသည်။

အထည်ချုပ်လုပ်ငန်းသည် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းကြောင့် အကြီးမားဆုံး အကျိုးခံစားရသည့် လုပ်ငန်းများ အနက် တခုဖြစ်နိုင်သည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ အလုပ်သမားအခွင့်အရေးအပေါ် စိုးရိမ်မှုများကြောင့် မြန် မာနိုင်ငံအပေါ် ကုန်သွယ်ရေးအထူးအခွင့်အရေးပေးခြင်း Generalized System of Preferences ကို ၁၉၈၉ ခုနှစ်တွင် ရပ်စဲခဲ့သည်။

ထို ခံစားခွင့်များကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည်ရရှိသောအခါ မြန်မာနိုင်ငံသည် ကုန်စည်အမျိုးအမည် ၅၀၀၀ ခန့် ကို အမေရိကန်ပြည်ထောင်စုသို့ အခွန်ကင်းလွတ်တင်သွင်းခွင့်ရမည်ဖြစ်သည်။

အိုးဝေခရီးသွား ဝန်ဆောင်မှုကုမ္ပဏီပိုင်ရှင် ဦးနေအောင်ကမူ ရန်ကုန်တွင် နေ့စဉ် ခရီးသည်ပို့ဆောင်မှုအကြိမ် ၅၀၀ မှ ၆၀၀ အထိ လက်ခံရရှိနေသော ကားငှားရမ်းရေး အပလီကေးရှင်းတခု အင်တာနက်တင်ထားပြီး အခြေအနေသည် အကြီးအကျယ် ဖွံ့ဖြိုးမှု ဖြစ်စေမည်ဟု မျှော်လင့်နေသည်။

“နိုင်ငံစုံလုပ်ငန်းတွေ ဝင်လာရင် ကျနော်တို့ အကျိုးရှိမယ်။ ကျနော်တို့အတွက်ကတော့ တိုင်းပြည်စီးပွားတက်ရင် ကျနော် တို့ဟာ အဲဒီအရင်းအနှီးတွေကို ခံစားခွင့်ရှိသူတွေပါ” ဟု သူ က ပြောသည်။

မြန်မာနိုင်ငံကို စစ်အစိုးရက ရာစုနှစ် တဝက်ကျော်အုပ်ချုပ်ခဲ့သည်။ အရပ်သား အစိုးရပုံစံသို့ လမ်းကြောင်းပြောင်းပြီး ၅ နှစ်နီးပါးအကြာနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ရွေးကောက်ပွဲများကို အပြတ်အသတ် အနိုင်ရပြီး တနှစ်အကြာတွင် မြန်မာနိုင်ငံမှာ ခေတ်သစ်ဘဏ္ဍာရေးကဏ္ဍကို စတင်တည်ဆောက်နေရဆဲဖြစ်ပြီး ပျက်စီးယို ယွင်းနေသောလမ်းများ၊ ဆိပ်ကမ်းများနှင့် ကိုလိုနီခေတ်က အဆောက်အအုံများကို တည်ဆောက်နေရဆဲဖြစ်သည်။

ခေါင်းဆောင်မှုသစ်မှာလည်း လွန်စွာ ဆင်းရဲနွမ်းပါးခြင်း၊ လူမျိုးစုများစွာနှင့် ပြည်တွင်းစစ်၊ ကျယ်ပြန့်သော အဂတိလိုက်စား မှု၊ မူးယစ်ဆေးနှင့် လူကုန်ကူးမှုပြဿနာများကို စမ်းတဝါးဝါး ဖြေရှင်းနေရသည်။ ကျောက်စိမ်းနှင့်ကျွန်းသစ်ကဲ့သို့သော ကုန်စည်များ တရားမဝင်ကုန်သွယ်မှုလည်း ဆက်လက်ရှိနေသည်။

အရေးယူပိတ်ဆို့မှုများသည် ပြဿနာ၏ တစိတ်တပိုင်းသာဖြစ်သည်ဟု အမေရိကန်ကုန်သည်ကြီးများအသင်း၏ ဇူလိုင်လ အစီရင်ခံစာက ဆိုသည်။

အဓိကအဆင်မပြေမှုများတွင် နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့အစိုးရ၏ဆုံးဖြတ်ချက်ဖြစ်သည့် ယာဉ်အသစ် ဝယ်လျှင် လိုအပ်သော ကားရပ်ရန် နေရာသစ်ဝယ်ရန် ခွင့်ပြုချက်ရပ်ဆိုင်းသော စည်းကမ်းချက်လည်းပါသည်။

မြန်မာနိုင်ငံတွင် ဂျပန်ဘယ်မောင်းကားများနှင့် ထရပ်ကားဟောင်းများ ညာမောင်းလမ်းများပေါ်တွင် တွင်တွင်ကျယ်ကျယ် သုံးပြီး ဈေးကွက်မှာ အလုပ်ဖြစ်နေသော်လည်း မြန်မာနိုင်ငံတွင် ကားသစ်များ မြန်မာပြည်တွင် လာရောက် ထုတ်လုပ် ရောင်းချလိုသော Chevy နှင့် Toyota ကဲ့သို့သော ကားထုတ်လုပ်သူများက ထိုအနေအထားကို သဘောမကျပါ။

သို့သော် နိုင်ငံ၏ငယ်ရွယ် အတွေ့အကြုံနုသော လုပ်သားအင်အားစုများနှင့် လူနေမှုအဆင့်အတန်းနိမ့်ကျခြင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကြီးမားသော အလားအလာကို ပေးသည်။ GE သည် ၎င်း၏ အင်တာနက်စာမျက်နှာ၌ မြန်မာသည် အရှေ့တောင်အာရှမှ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ချိုမြိန်သောနေရာသစ်ဟု ဖော်ပြသည်။

ဂျပန်နှင့်အာရှမှ အခြားရင်းနှီးမြှုပ်နှံသူများမှာ စုပြုံဝင်ရောက်နေကြသည်။ ဂျပန်၏ Walmart ဖြစ်သော Aeon သည် ၂၀၁၄ ခုနှစ်တွင် ၎င်း၏ ရုံးကို ရန်ကုန်တွင် ဖွင့်ပြီး အောင်မြင်သော အသေးစားချေးငွေလုပ်ငန်းတခု ရှိသည်။ ၎င်း၏ ဒေသခံ စီးပွားဘက် လက်လီအရောင်းလုပ်ငန်းတခုနှင့်အတူ ပထမဆုံး ကုန်တိုက်ကြီးတခုကို စက်တင်ဘာလနှောင်းပိုင်းက မြောက်ဥက္က လာပမြို့နယ်တွင် ဖွင့်ပြီး အများစုမှာ ထိုင်းနိုင်ငံမှ တင်သွင်းလာသော ပစ္စည်းအများစုကို ရောင်းချသည်။

ရန်ကုန်မြို့၏ ဗိုလ်ချုပ်ဈေးနှင့် မျက်စောင်းထိုးတွင် ဖွင့်ထားသော KFC သည်ပင် စင်္ကာပူ စတော့အိပ်ချိန်းစာရင်းဝင် မြန်မာလုပ်ငန်းစု Yoma Strategic Holdings က ဖွင့်သော ဆိုင်ခွဲမျှသာဖြစ်သည်။

ကိုကာကိုလာ အပါအဝင် အချို့သော အဓိက အမေရိကန်ကုန်အမှတ်တံဆိပ်များမှာ လုပ်ငန်းစတင်နေကြပြီဖြစ်ပြီး ကိုကာကိုလာသည် မြန်မာနိုင်ငံတွင် ပြည်တွင်းဈေးကွက်အတွက် စက်ရုံတရုံရှိသည်။ Ball Corp ကမူ သီလဝါအထူးစီးပွားရေးဇုန်တွင် ကိုကာကိုလာအတွက် သံဘူးစက်ရုံတရုံ တည်ထားသည်။ MasterCard သည် ATM ကတ်လုပ်ငန်းတွင် ချဲ့ထွင်နေ သည်။

GE သည် စွမ်းအင်နှင့် အခြားကဏ္ဍများတွင် ဆောင်ရွက်နေပြီး အမျိုးသားလေကြောင်းသို့ Boeing 737-800s လေ ယာဉ်များ ငှားထားသည်။ Conoco Phillips နှင့် Chevron တို့ကမူ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးတွင် မြှုပ်နှံ ထားကြသည်။ Caterpillar ကဲ့သို့သော အခြားအမေရိကန်လုပ်ငန်းများကမူ ပြည်တွင်း သို့မဟုတ် အခြားသော ကုမ္ပဏီ များနှင့် ပူးတွဲ၍ဖြန့်ချိနေကြသည်။

သို့သော် ၁၉၈၈ ခုနှစ်မှစ၍ အမေရိကန်ကုမ္ပဏီများ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၄၈ သန်းမှာ နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၀ ဘီလီယံ၏ ၁ ရာခိုင်နှုန်းပင် မရှိပေ။ တရုတ်၏ စာရင်းများအရ တရုတ်သည် မြန်မာ တွင် ဒေါ်လာ ၂၅ ဘီလီယံ မြှုပ်နှံထားသည်။

အမေရိကန်နှင့် ကုန်သွယ်မှုမှာလည်း အတန်အသင့်သာရှိသည်။ မြန်မာက အမေရိကန်ထံမှ သွင်းကုန်မှာ ၂၀၁၅ တွင် စုစုပေါင်း ဒေါ်လာ ၂၂၇ သန်းဖိုးရှိပြီး ပို့ကုန်မှာ ဒေါ်လာ ၁၄၂ သန်းဖိုးရှိပြီး အများစုမှာ မြေပဲခြောက်၊ ကြိမ်နှင့် သစ်ထုတ် ကုန်များ၊ ကျောပိုးအိတ်ကဲ့သို့သော ခရီးဆောင်ပစ္စည်းများဖြစ်သည်ဟု အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး၏ အင်တာနက်စာမျက်နှာအရ သိရသည်။

အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းသည် ပိတ်ဆို့မှုစာရင်းတွင် မပါဝင်တော့သော စစ်အစိုးရအကြီးအကဲဟောင်း ဦးသန်း ရွှေနှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုကြီးတခုကို တည်ထောင်သူ စတီဖင်လောတို့ကဲ့သို့သော လက်ကြီးသမားများကို အကျိုးဖြစ်ထွန်စေမည်ဖြစ်သည်။ စတီဖင်လော၏ ကွယ်လွန်သူ ဖခင်မှာ ကမ္ဘာ့အကြီးဆုံး ဘိန်းမှောင်ခိုအဖြစ် အမေရိကန် ဘဏ္ဍာရေးဌာနမှ တချိန်က သတ်မှတ်ထားသူဖြစ်သည်။

ဆင်းရဲသော အခြားတဖက်တွင်မူ လတ်တလော သက်ရောက်မှု မရှိသလောက်ဖြစ်နိုင်သည်ဟု လုပ်ငန်းသစ်များနှင့် လုပ်ငန်းရှင်များကို ကူညီနေသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း Phandeeyar မှ Jes Kaliebe Petersen က ပြောသည်။

အရေးယူပိတ်ဆို့မှုရုပ်သိမ်းခြင်းသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ခြင်း၏ ဆုံးရှုံးနိုင်ခြေကို လျှော့ချပေးသည့် တန်ဖိုးတခု သာ ရှိသည်ဟု ဒိန်းမတ်နိုင်ငံသားဖြစ်သော Petersen က ပြောသည်။ ကျန်အချက်များမှာ အလုပ်မဖြစ်သော ဘဏ္ဍာရေးစ နစ်၊ ပျက်စီးနေသော လမ်းများနှင့် နိုင်ငံရေးဆင့်ကဲဖြစ်စဉ်၏နောက်တွင် ကျန်နေသေးသော တရားဥပဒေစနစ် စသည့် ရှေ့တန်း စီးပွားရေးများ၏ ထုံးစံပြဿနာများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်ရာ၌ တွေ့ရသည့်စိန်ခေါ်မှုများအကြောင်းမေးသောအခါ “ကျနော့် အိမ်လခပေးဖို့ ရန်ကုန်ကို ဘဏ်ချင်း အီလက်ထရွန်းနစ်နည်းနဲ့ ပို့တဲ့ငွေကို ထုတ်ဖို့တောင် ၃ လကြာတယ်။ အသေးစား စီးပွားရေးတွေက တော့ အရေးယူပိတ်ဆို့မှုအကြောင်းပြောတာ တခါမှ မကြားဖူးဘူး” ဟု Petersen က ပြောသည်။

Loading