စီးပွားရေး

ငွေမည်းလောင်းရိပ်အောက်က မြန်မာ့စီးပွားရေး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်း ပေးလိုက်တဲ့အကြောင်း U.S.Treasury Department က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံရဲ့ငွေကြေးခဝါချမှု တိုက်ဖျက်ရေးစနစ် (Anti-money laundering regime) တရပ် အကောင်အထည်ပေါ်လာအောင် အမေရိကန်က မြန်မာနဲ့အတူ ပူးတွဲလုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်လည်း ပါဝင် ပါတယ်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးက မြန်မာနိုင်ငံအတွက် အခက်ခဲဆုံး ပြဿနာလို့ ပြောနိုင်ပါတယ်။ နှစ်ပေါင်းများစွာ ဖြစ်ပွား နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ကျောက်မျက်မှောင်ခိုရောင်းဝယ်မှုတွေ၊ သစ်ခိုးထုတ်မှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတွေနဲ့အတူ ငွေမည်းတွေဟာလည်း မြန်မာ့စီးပွားရေးနယ်ပယ်အတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လွှမ်းမိုးခဲ့ ပါတယ်။ ဒီငွေမည်းတွေကို ငွေဖြူဖြစ်အောင် နည်းမျိုးစုံနဲ့ခဝါချခဲ့ကြတဲ့ လုပ်ရပ်တွေကြောင့်လည်း မြန်မာ့စီးပွားရေးလောကရဲ့ရုပ်ပုံဟာ ညစ်ထေးနေခဲ့ပါတယ်။

ငွေကြေးခဝါချမှုနဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှု

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဘိန်းနဲ့ မူးယစ်ဆေးဝါးက ရရှိတဲ့ ငွေမည်းတွေက မြန်မာနိုင်ငံအတွင်းမှာ ဘီလျံနဲ့ချီပြီး ရှိနေပါတယ်။ ဒီငွေမည်းတွေကို ငွေဖြူဖြစ် အောင်လုပ်ရတဲ့အတွက် ငွေကြေးခဝါချမှု မြင့်မားတဲ့ နိုင်ငံလို့လည်း ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံအတွင်း ငွေကြေးခဝါချမှုက နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်ဘီလျံလောက်အထိ ရှိနေတယ်လို့ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနာလ် (Sean Turnell) က ခန့်မှန်းပြောဆိုထားပါတယ်။

ငွေကြေးခဝါချမှုတွေက ငွေကြေးဖောင်းပွမှုကို တွန်းအားပေးနေတဲ့ အဓိကအကြောင်းရင်းတရပ် ဖြစ်ပါတယ်။ အစိုးရ အဆက်ဆက် ချမှတ်ခဲ့တဲ့ ပေါ်လစီအမှားတွေကလည်း မီးလောင်ရာ လေပင့်ခဲ့တဲ့အတွက် ငွေမည်းဝင်ရောက်မှုကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ဥပမာ အိမ်ခြံမြေ ဝယ်ယူရာမှ ၁၅ ရာခိုင်နှုန်းအခွန်ဆောင်ရင် ဝင်ငွေရလမ်း ဖော်ပြစရာမလိုဘူးဆိုတဲ့ ပြဌာန်းချက်ကို ၂၀၀၇ ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ ဒီပြဌာန်းချက်နဲ့အတူ ငွေမည်းတွေလည်း အိမ်ခြံမြေ ဈေးကွက်ထဲကို အလုံးအရင်းနဲ့ဝင်ရောက် လာခဲ့ပါတယ်။ အိမ်ခြံမြေဈေးတွေလည်း တရိပ်ရိပ်တက်လာခဲ့တယ်။

၂၀၁၁ ခုနှစ်မှာ တက်လာတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာလည်း ဒီပြဌာန်းချက်ကို သက်တမ်းထပ်တိုးခဲ့ပါတယ်။ အကျိုး ဆက်အနေနဲ့ အိမ်ခြံမြေဈေးတွေ သိသိသာသာမြင့်တက်သွားပြီး မြန်မာအိမ်ခြံမြေ ဈေးကွက်ဟာ ကမ္ဘာပေါ်မှာ ဈေးအမြင့် ဆုံးဖြစ်တဲ့ တိုကျို၊ စင်ကာပူနဲ့ နယူးယောက်က မက်ဟင်တန် ဈေးကွက်တွေနဲ့ ပြိုင်လို့ရတဲ့ အနေအထားမျိုး ရောက်သွား ခဲ့ပါတယ်။

ခဝါချပုံ အမျိုးမျိုး

ရန်ကုန်မြို့တော်ဝန် ဒေါက်တာမောင်မောင်စိုးရဲ့ myanmareader.blogspot မှာ တင်ထားတဲ့ ငွေကြေးခဝါချမှုဆိုတဲ့ ဆောင်းပါးထဲက ပုံစံတွေဟာ မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ငွေကြေးခဝါချမှုကို ထင်ဟပ်ဖော်ပြနေပါတယ်။

Smurfing လို့ ခေါ်တဲ့ ရထားတဲ့ငွေမည်းတွေကို ဆွေမျိုး၊ မိသားစုဝင်တွေရဲ့အမည်နဲ့ထားတဲ့နည်း၊ Currency Exchange Method လို့ခေါ်တဲ့ ငွေလဲလှယ်မှုနည်း၊ Double Invoice လို့ခေါ်တဲ့ Invoice တွေကို တန်ဖိုးမြှင့်ပြ ချပြတဲ့နည်း၊ Capital Intensive Business Method လို့ခေါ်တဲ့ ငွေဖြုကို ငွေမည်းနဲ့ မက်လုံးပေးပြီး လှဲလှယ်တဲ့နည်း ( ဥပမာ-ထီပေါက်သူဆီက အမည်ခံပြန်ဝယ်တာမျိုး )၊ Round Tripping Methods လို့ ခေါ်တဲ့ နိုင်ငံခြားမှာ ငွေအပ်တဲ့နည်း စတဲ့နည်းတွေဖြစ်ပါတယ်။

ဒီနည်းတွေအနက် ရေပန်းအစားဆုံးနည်းကတော့ (Bank Method ) လို့ခေါ်တဲ့ ဘဏ်တွေ တည်ထောင်ပြီး ငွေကြေးခဝါချ တဲ့ နည်းလမ်း ဖြစ်တယ်လို့လည်း ဆောင်းပါးရှင်က ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ဝန်းကျင်က မြန်မာနိုင်ငံက ဘဏ်နှစ်ခုကို မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေပြီး ငွေကြေးခဝါချမှုတွေ လုပ် နေတယ်လို့ အမေရိကန်က စွပ်စွဲအရေးယူခဲ့ဖူးပါတယ်။ ယခုအချိန်မှာ ငွေကြေးခဝါချမှုကို တိုက်ဖျက်ဖို့ အမေရိကန်က မြန် မာအစိုးရနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဘဏ်လုပ်ငန်းတွေဟာ ငွေကြေးကိုင်တွယ်ရာမှာ ပိုပြီးစည်းကမ်းတင်းကျပ် ဖို့ လိုလာပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့နယ်ပယ်အသီးသီးလိုမှာ ငွေကြေးခဝါချမှုဟာ ပုံစံမျိုးစုံနဲ့ ရှိနေတာကြောင့် ဒီပြဿနာကို ကိုင်တွယ်ရတာ ခက်ခဲ နေတယ်လို့ ဦးမောင်မောင်ဝင်းက ပြောပြပါတယ်။

“ငွေကြေးခဝါချမှုပြဿနာကို ကိုင်တာနဲ့ အရင်ဆုံးကတော့ ဘဏ်တွေကို ထိမှာပဲ။ ပြီးရင် ခရိုနီတွေ အကုန်လုံး ငြိသွားမယ်။ အခွန်က စပြီး ကြည့်ရတော့မှာ။ အဂတိလိုက်စားမှုဆိုရင် လွတ်ချင်လွတ်နိုင်ပေမယ့် ငွေကြေးခဝါချမှုနဲ့ ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မလွတ်နိုင်တော့ဘူး” လို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

Big Bang စီမံချက်

အမေရိကန်က ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်တဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ပြင်ပမှာ ရောက်နေတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ် အောင်လုပ်နိုင်ရင် တိုင်းပြည်အကျိုးရှိနိုင်တယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ထောက်ပြပါတယ်။

“ငွေမည်းတွေနဲ့ ပတ်သက်ရင် အင်ဒိုနီးရှားမှာရော အိန္ဒိယမှာရော Big Bang Scheme ဆိုပြီးလုပ်ခဲ့တာရှိတယ်။ အဲဒါက ငွေမည်းတွေကို ၃၀ ရာနှုန်းလောက်အထိ အခွန်ကောက်လိုက်ပြီးတော့ ငွေမည်းကို ငွေဖြူဖြစ်အောင်လုပ်တာ။ အဲဒါမျိုး လုပ်မယ်ဆိုရင်တော့ အပြင်ရောက်နေတဲ့ ငွေမည်းတွေက ငွေဖြူတွေ အနေနဲ့ ပြန်ဝင်လာနိုင်တယ်” လို့ ဆိုပါတယ်။ ဒီလို ဥပဒေသစ်တွေ ပြဌာန်းပြီး ဝန်ကြီးချုပ် မိုဒီ အစိုးရဟာ ငွေမည်းအမြောက်အမြားကို ငွေဖြူဖြစ်အောင် လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြည်ထောင်စုအခွန်အကောက်ဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။ ဝင်ငွေ ရလမ်းဖော်ပြနိုင်တဲ့ ဝင်ငွေကိုတော့ ကျပ်ငွေ သိန်းသုံးရာနဲ့အထက်ဆိုရင် ၂၅ ရာနှုန်း အခွန်ကောက်ခံသွားမှာ ဖြစ်ပြီးတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်ရင် ကျပ်သိန်းသုံးရာအထိ ၁၅ ရာနှုန်း၊ ကျပ်သိန်းတထောင် အထက်ကို ၃၀ ရာနှုန်းကောက်ခံ မယ်လို့ ဥပဒေရဲ့ အခန်း (၇) မှာ ဖော်ပြထားပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး မမျှတတဲ့ ဥပဒေအဖြစ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိဆိုတာဟာ တရားမဝင်ရရှိထားတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်တာ၊ ရောင်းဝယ် ဖောက်ကားတာ၊ ငွေကြေးခဝါချမှု ဥပဒေအရ အရေးယူတဲ့ ကိစ္စရပ်တွေနဲ့ သက်ဆိုင်မှု မရှိစေရလို့လည်း ဖော်ပြထားပြန် ပါတယ်။ တိတိကျကျ နားလည်ဖို့ခက်ခဲတဲ့ အပိုဒ်လို့ပဲပြောရမှာပါ။

“ဘဏ်တွေကို အရင်တုန်းက သုံးရာခိုင်နှုန်းဆောင် ဆိုပြီး နည်းနည်းပါးပါးလုပ်ထားတာတော့ရှိတယ်။ တကယ်တမ်း လက်တွေ့ကျတော့ ဒါလောက်နဲ့မလုံလောက်ဘူးလေ။ အခုနောက်ပိုင်းတော့ ပြင်ထားတာတွေ့တယ်။ တကယ်အရေး ယူမယ်၊ ထိထိရောက်ရောက် လုပ်မယ်ဆိုရင်တော့ အကုန်လုံး ထိကုန်မှာ။ အစိုးရရဲ့ ရင်ကြားစေ့ပေါ်လစီနဲ့ဆိုရင်တော့ ဒီလောက်လုပ်လို့ ရပါ့မလားလို့ တွေးမိပါတယ်” လို့တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ငွေမည်းသမားတွေအနေနဲ့ရော တိုင်းပြည်တည်ဆောက်ရေးအတွက် ၃၀ ရာနှုန်း အခွန်ဆောင်ချင်တဲ့ ဆန္ဒရှိရဲ့လားဆို တာက သံသယဖြစ်စရာပါ။

အင်တာပိုနဲ့ ချိတ်ဆက်မလား

အမေရိကန်အစိုးရက ပိတ်ဆို့ထားခဲ့တဲ့ လူအတော်များများကို စာရင်းထဲက ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပေမယ့် မူးယစ်ဆေးဝါးလို၊ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေသူတွေကို ချန်ထားခဲ့တဲ့အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကို ထိ ရောက်အောင် ကူညီပေးမယ့်သဘောလို့ ခန့်မှန်းကြပါတယ်။

“ ဝီကီလိ (Wikileaks) မှာ ပါတယ်။ ကင်မန်ကျွန်း (Kinmen Island) တို့၊ ဂျမေကာ (Jamaica) တို့မှာ မြန်မာနိုင်ငံက ဘဏ်အကောင့်တွေ ဖွင့်ထားတာတွေရှိတယ် ဆိုတာမျိုးပေါ့။ ပြီးတော့ ဥပမာ အမေရိကားတို့ ဘာတို့မှာလည်း ဝယ်ထားတဲ့ ပိုင်ဆိုင်မှု (Asset) တွေ ရှိနိုင်တာပဲ။ ဒါတွေကို ဘယ်လိုလိုက်ရမလဲဆိုတာတွေ သူတို့ဘက်က အကူအညီပေးနိုင် ပါတယ်”လို့ SANDHI GOVERNANCE INSTITUTE ရဲ့ ဒါရိုက်တာ ဦးခိုင်ဝင်းက ပြောပါတယ်။

“ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အသေချာတိတိ ကျကျပြောဖို့ခက်ပေမယ့် ဘဏ်တွေက ငွေလွှဲတဲ့အခါ ဘယ်လိုစောင့်ကြည့် (Monitor) ရမလဲ ဆိုတာကို သင်ပေးတာမျိုးတွေအပြင် ကုမ္ပဏီတွေက Invoice တွေ ဘာတွေမှာ ပိုပြီးတော့ ပြတာတွေ ရှိတယ်။ အဲဒါမျိုးတွေကို corporate government နဲ့ ပါတွဲပြီး စနစ်တကျဖြစ်အောင် ကူညီပေးကောင်းပေးနိုင်ပါတယ်”လို့ ဦးခိုင်ဝင်းက သုံးသပ်ပြပါတယ်။

မှောင်ခိုလုပ်ငန်းတွေအပြင် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းတွေမှာ မမှန်မကန် လုပ်ဆောင်မှုတွေလည်း ရှိနေပါတယ်။ သွင်း ကုန်တွေမှာ များများသွင်းချင်ရင် တန်ဖိုးကို ချပြတာမျိုးရှိသလို ဈေးပိုပြတာမျိုးလည်း ရှိပါတယ်။ ပိုတဲ့ငွေကြေးတွေကိုတော့ အခြားနိုင်ငံတွေမှာ ထားတတ်ကြပါတယ်။

ဒါကြောင့် ငွေကြေးခဝါချမှုဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတခု ဖြစ်လာပါတယ်။ ဒီလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို အင်တာပို (Interpol) လို နိုင်ငံတကာ မှုခင်းနှိမ်နင်းရေးအဖွဲ့မျိုးတွေကသာ ထိထိရောက်ရောက် နှိမ်နင်းနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၄ ခုနှစ် မတ်လမှာ အတည်ပြုပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့် အ ရေးယူနိုင်ဖို့အတွက် လုပ်ဆောင်ရာမှာ အဆင့်ဆင့်တင်ပြနေရတာကြောင့် ခက်ခဲကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဥပဒေပညာ ရှင်တွေက သုံးသပ်ပါတယ်။

ပိတ်ဆို့မှုတွေကို လွှတ်ပေးလိုက်တဲ့ ယခုကာလမှာ ငွေကြေးခဝါချမှုကို တိုက်ဖျက်ဖို့ကိစ္စက အလွန်အရေးကြီးပါတယ်။ ညစ်ထေးနေခဲ့တဲ့ မြန်မာ့စီးပွားရေးလောကကို သန့်ရှင်းစင်ကြယ်အောင် လုပ်နိုင်မှလည်း ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင် နိုင်မှာဖြစ်သလို ငွေကြေးခဝါချမှုတွေကို တားဆီးနိုင်မှလည်း မြန်မာ့စီးပွားရေးလောကဟာ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ် ပါတယ်။

ငွေကြေးခဝါချမှုကို မတားဆီးနိုင်ရင် မြန်မာ့စီးပွားရေးဟာ ငွေမည်းတွေရဲ့ကြီးစိုးမှုအောက်မှာ ဝပ်စင်းနေရပါလိမ့်မယ်။ ဒါ ကြောင့်လည်း အမေရိကန်အစိုးရက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကို မြန်မာအစိုးရနဲ့ ပူးတွဲလုပ်ဆောင်မယ်ဆိုတဲ့ အချက် ဟာ မြန်မာ့စီးပွားရေးအတွက် အလွန်အရေးပါတဲ့ အချက်လို့ ကောက်ချက်ချရပါမယ်။

Loading