နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မတီမှ လုပ်ကိုင်ခွင့်များ ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေသစ်ကို ထပ်မံပြဌာန်းခဲ့သဖြင့် ရင်းနှီးမြုပ်နှံမှုများ မြင့်တက်လာနိုင်မည့် အခြေအနေတွင် ဝန်ထမ်း ခေါ်ယူခန့်အပ်မှု ပုံစံများမှာ အလုပ် အမျိုးအစားအလိုက် လိုအပ်ချက်များ ပြောင်းလဲလာသည်ဟု work.com.mm မှ ပြောဆိုသည်။
အလုပ်အကိုင်ရှာဖွေသူများမှ အသေးစိတ် သိရှိစေနိုင်ရန် work.com.mm မှ ရှာဖွေနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်း အမျိုးမျိုးမှ ဈေးကွက်မြှင့်တင်ရေး မားကတ်တင်း နှင့် ဆက်စပ်ရာထူးများတွင် ဖော်ပြလေ့ ရှိသည့် အရည်အချင်းများအား အလုပ်ခေါ်ယူသည့် လျှောက်လွှာပေါင်း ခြောက်ထောင့်တစ်ရာတစ်ဆယ်အား လေ့လာသုံးသပ်အပြီး ” ဈေးကွက်မြှင့်တင်ရေးနှင့် ဆက်စပ်ရာထူးများတွင် ဒစ်ဂျစ်တယ် နည်းပညာပိုင်းအခြေခံ ဈေးကွက်မြှင့်တင်ရေးဘက် ကူးပြောင်းလာနေသည်”ဟု ဆိုသည်။
အလုပ်အကိုင်ရှာဖွေသူများမှ အလုပ်နှင့် သက်ဆိုင်သည့်အရည်အချင်းများ၊ အခြားထပ်ဆောင်းရှိသင့်သည့် အရည်အချင်းများနှင့် အလုပ်ခွင်တွင် အထောက်အပံ့ပေးနိုင်မည့် အရည်အသွေးများကို အလုပ်အကိုင်ရှာဖွေသူများမှ တတ်ကျွမ်းနားလည်ထားရမည်ဟု အကြံပြုထားသည်။
ထို့ပြင် ဈေးကွက်မြှင့်တင်ရေး အလုပ်နေရာများတွင် လုပ်ငန်းခွင်နှင့် ပတ်သက်သည့် လိုအပ်ချက်များဖြစ်သော မီဒီယာ Plan များ ရေးဆွဲခြင်း၊ လုပ်ငန်းခွင်မှ ဆက်စပ်လုပ်ငန်းများအား စီမံခန့်ခွဲနိုင်ခြင်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲ ရေးဆွဲခြင်း၊ လုပ်ငန်းဈေးကွက်အပေါ် အသေးစိတ်စီမံခန့်ခွဲနိုင်ခြင်းများမှာ အဓိက လိုအပ်ပြီး အခြားသော ထပ်ဆောင်း ရှိသင့် သည့် အရည်အချင်းများအဖြစ် ဦးဆောင်နိုင်မှု စွမ်းရည်၊ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်မှုနှင့် ညှိနှိုင်း ပြောဆိုနိုင်စွမ်းများလည်း ဝန်ထမ်းခေါ်ယူမှု လျှောက်လွှာများတွင် ပါဝင်ကြောင်းလည်း ဆိုသည်။
ဆိုရှယ် မီဒီယာအား စီမံခန့်ခွဲနိုင်ခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်းနှင့် ဈေးကွက်အစီရင်ခံစာများ ပြုလုပ်ခြင်းများကို တတ်ကျွမ်းလျှင် ဈေးကွက်မြှင့်တင်ရေး အလုပ်အကိုင်များအား အလုပ်ရရှိနိုင်မည့် အထောက်အပံ့ ပေးနိုင်သည့် အရည်အချင်းများ ဖြစ်သည်ဟုလည်း အကြံပြုထားသည်။
Work.com.mm သည် အလုပ်ခေါ်ယူနေ သော ကုမ္ပဏီပေါင်း ၄၀၀ ခန့်နှင့် အလုပ်အကိုင်ပေါင်း ထောင်ကျော်ကို နေ့စဉ် ဝင်ရောက် ရှာဖွေနိုင်သည့် ဝဘ်ဆိုက်ဒ်တခု ဖြစ်ပြီး လစဉ်စစ်တမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်း ဈေးကွက် သတင်းအချက်အလက်များကို ဖော်ပြပေးနေသည်။