ရိုးမ မဟာဗျူဟာ ဦးပိုင် လုပ်ငန်းစုက လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အစားအသောက် နှင့် မော်တော်ယာဉ် လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ ပြောင်းလဲ လုပ်ကိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ရိုးမ လုပ်ငန်းစု ၏ အုပ်ချုပ်မှု အရာရှိ တဦးဖြစ်သူ မစ္စတာ မယ်လ်ဗင်ဗန်က “၂၀၁၅ ခုနှစ်အထိကို အိမ်ခြံမြေကဏ္ဍက ဝင်ငွေ ၈၀ ရာခိုင်နှုန်း ရခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာ အိမ်ခြံမြေ ကဏ္ဍကနေ ဝင်ငွေ ၆၅ ရအောင်လုပ်မယ်။
နောက်ပိုင်း ၂၀၂၀ မှာ တော့ အိမ်ခြံမြေကဏ္ဍနဲ့ အခြားလုပ်ကဏ္ဍက ၅၀ ရာခိုင်နှုန်း ရအောင်လုပ်ပြီး အစားအသောက်နဲ့ မော်တော်ယာဉ် လုပ်ငန်း ကနေ ဝင်ငွေ ၅၀ ရာခိုင်နှုန်း အထိရဖို့ လုပ်သွားမယ်”ဟု ပြောသည်။
အစားအသောက်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းကို ပြည်တွင်းမှ ပြည်ပ အထိ ပြုလုပ်မည် ဖြစ်ကြောင်း၊ မော် တော် ယဉ်နှင့် ဆက်စပ် ပစ္စည်းများကိုလည်း ပြည်ပမှ တင်သွင်းရောင်းချ ဖြန့်ဖြူးခြင်းများ ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရ သည်။
ရိုးမ မဟာဗျူဟာ ဦးပိုင် လုပ်ငန်းစု၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် အဓိက စီးပွားရေး လုပ်ငန်းများသည် အိမ်ခြံမြေ လုပ်ငန်း၊ ရိုးမ ဘဏ် လုပ်ငန်း၊ ဆေးရုံ လုပ်ငန်းနှင့် KFC ကြက်ကြော်ဆိုင် လုပ်ငန်းများ ဖြစ်သည်။
ရိုးမ လုပ်ငန်းစု၏ အကြီးမားဆုံး လုပ်ငန်းသည် အိမ်ခြံမြေလုပ်ငန်း ဖြစ်ပြီး ယင်းကဏ္ဍမှ ၂၀၁၅ ခုနှစ်အထိ ဝင်ငွေ ၈၀ ရာခိုင် နှုန်းကျော်ကို ရှာဖွေထားခြင်းဖြစ်ကြောင်း သိရသည်။
မစ္စတာ မယ်လ်ဗင်ဗန် က “ရိုးမရဲ့ စားသောက်လုပ်ငန်းက KFC ကြက်ကြော် လုပ်ငန်း ရှိတယ်။ နောက်ပိုင်းမှာ ဖျော်ရည်၊ စားသောက်ကုန် ဖြန့်မယ်။ ပြည်တွင်းကနေ ပြည်ပအထိ ရောင်းနိုင်အောင် လုပ်ဖို့ရှိတယ်။ ကားနဲ့ ဆက်စပ် ပစ္စည်းတွေမှာ လည်း ဆောက်လုပ်ရေး ပစ္စည်းတွေပါမယ်။ ထွန်စက်တွေကို ရောင်းမယ် ငှားမယ်”ဟု ဆက်ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ နယ်ပယ်များအဖြစ် အစားအသောက်နှင့် စိုက်ပျိုးရေးလုပ်ငန်း၊ ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်း၊ ပညာရေးကဏ္ဍများ ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုသည်။
စီးပွားရေး ဆိုင်ရာ ကျွမ်းကျင်သူ တဦးဖြစ်သည့် ဦးလှမောင်က ရိုးမ လုပ်ငန်းစု၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ရည်မှန်း ချက် ပြောင်းလဲ လုပ်ကိုင်သည့် ပုံစံနှင့် ပတ်သက်ပြီး ရိုးမ မဟာဗျူဟာ ဦးပိုင်လုပ်ငန်းသည် လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေပြီး ယခု ကဲ့သို့ ပြောင်းလဲခြင်းတွင် အမေရိကန် ဆန်ရှင် ရုပ်သိမ်းပြီးနောက် ဝင်ရောက်လာမည့် အမေရိကန် စီးပွားရေး လုပ်ငန်းများ တွင် ပူးပေါင်း သွားရန် ရှိသည်ဟု ထင်ကြောင်း သုံးသပ်သည်။
ဦးလှမောင်က “ရိုးမက လုပ်ငန်းတွေ အများကြီးရှိတယ်။ ဂရန်း မီးရထားလည်း အကောင်အထည် ဖော်တယ်။ လုပ် ကွက် ရှိတာ အကုန်လုပ်တယ်။ ခရိုနီတွေလိုတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူတတ်နိုင်တာ သူလုပ်တယ်။ ဟံသာဝတီ လေဆိပ် မှာ လည်း ဝင်ခဲ့တယ်။ လေကြောင်းလိုင်းလည်း လုပ်တယ်။ သူ့ရဲ့ အဓိကက အမေရိကန်နဲ့ ပေါင်းဖို့ပါ”ဟု ပြောဆို သည်။
လက်ရှိအချိန်တွင် ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသည့် ရိုးမ လုပ်ငန်းစု FMI ကုမ္ပဏီ ၏ ရှယ်ယာဈေး နှုန်း များ ကျဆင်းနေကြောင်း သိရသည်။
FMI ရှယ်ယာ တန်ဖိုးကျဆင်းခြင်းနှင့်ပတ်သက်၍လည်း ဦးလှမောင်က “ရှယ်ယာတန်ဖိုး ကျတယ် ဆိုတာကလည်း နိုင်ငံခြားသားတွေကို လုပ်ကိုင်ခွင့် မပေးသေးလို့။ ပေးလိုက်ရင် ရှယ်ယာတွေက အကုန်တက်မှာပဲ။ အခုက သီလဝါ ကိုပဲ မဲနေတော့ ရှယ်ယာတွေ ကျနေတာပါ”ဟု ပြောသည်။
အဆိုပါ ရိုးမ လုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်သည့် ရန်ကုန် စတော့အိတ်ချိန်းတွင်လည်း First Myanmar Investement ( FMI) ကုမ္ပဏီကို စာရင်းသွင်းထားပြီး ရိုးမဘဏ် လုပ်ငန်းကိုလည်း စင်္ကာပူနိုင်ငံရှိ စတော့ အိတ်ချိန်းတွင် စာရင်းသွင်းထားကြောင်း သိရသည်။
ရိုးမလုပ်ငန်းစု ကဲ့သို့သော လုပ်ငန်းများစွာကို လုပ်ကိုင်နေသည့် စီးပွားရေး ကုမ္ပဏီများအနက်မှ တခုဖြစ်သည့် ထူးကုမ္ပဏီ အုပ်စု ကလည်း ပို့ကုန် လုပ်ငန်း ကဏ္ဍဘက်ကို တိုးချဲ့လုပ်ကိုင်သွားမည်ဟု ပြောဆိုထားသည်။
ထူးကုမ္ပဏီ အုပ်စု အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ဘဏ်လုပ်ငန်း ကဏ္ဍက ပြီးခဲ့သည့် ထိုင်း-မြန်မာ ငွေလွှဲ လုပ်ကိုင်ခြင်း နှင့် ပတ်သက်သော မကြာသေးခင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။
AGD မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးပြည့်စိုးထင် က“ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေကလည်း အခွင့်အရေး ဖြစ် တယ်။ စက်ရုံအလုပ်ရုံမှာ ရင်းနှီးမြှုပ်နှံ တာတို့၊ ပညာရေးနဲ့ ပတ်သက် ရင်လည်း မြန်မာနိုင်ငံက နိမ့်ကျ နေသေးတာ ကြောင့် ပညာရေးကဏ္ဍ တိုးတက်အောင် လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကျနော့် အနေနဲ့ မြင်တယ်”ဟု ပြောသည်။
AGD သည် ထူးကုမ္ပဏီ ကုမ္ပဏီ အုပ်စု ၏ ထင်ရှားသော လုပ်ငန်းများအနက်မှ တခု ဖြစ်သည်။
မြန်မာနိုင်ငံမှ စီးပွားရေး အင်အားကြီးသော လုပ်ငန်း အများစုသည် မကြာသေးခင်က ဘဏ္ဍာရေးနှင့် စီးပွားရေး ဆိုင်ရာ အမေရိကန် ဆန်ရှင် ရုပ်သိမ်းလိုက်ခြင်း နှင့် လူပုဂ္ဂိုလ် တဦးချင်းပေါ်တွင် ထားရှိသည့် နာမည်ပျက်စာရင်း ရှိသူများကို ကင်းလွှတ်ခွင့် ပြုလိုက်ပြီးသည့် နောက်ပိုင်း ဈေးကွက် ရည်မှန်းချက်များ ပြောင်းလဲ လုပ်ကိုင်လာခြင်း ဖြစ်သည်။