အင်းပိတ်ချိန် (ငါးဖမ်းချိန်) မတိုင်မီ ငါးဖမ်းဆီး ရောင်းချမှုများ ပြုလုပ်သည့် သာပေါင်းမြို့နယ်မှ အင်းလုပ်သား ဦးစိုးမင်းဦး ဆိုသူအား မြို့နယ်ငါးလုပ်ငန်းဌာနက တရားလိုပြုလုပ်၍ သာပေါင်းရဲစခန်းတွင် အမှုဖွင့်ထားပြီး မြို့နယ်တရားရုံးတွင် တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
“အင်းသားကြီး ဦးစိုးမင်းဦးကို အချိန်မတိုင်ခင် အင်းပိတ်တာ၊ ငါးဖမ်းတာတွေ မလုပ်ဖို့ တိုင်းငါးလုပ်ငန်းရုံးမှာ ခေါ်ယူပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။ အဲဒီလို ရေးထိုးပြီး နောက်ရက်မှာပဲ ငါးဖမ်းတာတွေ ပြန်လုပ်ဆောင်တဲ့အတွက် ကျနော်ကိုယ်တိုင် တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ တရားစွဲဆိုမှုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်းက ဧရာဝတီကို ပြောသည်။
အင်းလုပ်သား ဦးစိုးမင်းဦးအား သာပေါင်း ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်းက တရားလိုလုပ်၍ မြို့မရဲစခန်းတွင် ယခုလ ဒုတိယပတ်အတွင်းက အမှုဖွင့်ခဲ့ရာ ရဲတပ်ဖွဲ့က ပြစ်မှုအမှတ် ၇၃/၂၀၁၆၊ တိုင်းဒေသကြီး ရေချိုးငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၆ (အင်းဂရန် စည်းကမ်းဖောက်ဖျက်မှု) ဖြင့် အမှုဖွင့်ပေးခဲ့ပြီး သာပေါင်းမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
သာပေါင်းမြို့နယ်ရှိ အိုင်ကြီးဆည် ၄ ဂရမ်တွဲအင်းမှာ အောက်တိုဘာလ ၁၇ ရက်နေ့ကျမှသာ အင်းပိတ်၍ ငါးဖမ်းရန် ငါးလုပ်ငန်းဌာနက သတ်မှတ်ပေးထားသော်လည်း အင်းလုပ်သား ဦးစိုးမင်းဦးက သြဂုတ်လ ၃၀ ရက် နေ့ကစတင်၍ အင်းနှင့် နယ်နိမိတ် ထိစပ်နေသည့် ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးကျေးရွာ အနီးရှိ ဗြိုက်ကြီး ရေနှုတ်မြောင်းအတွင်း ငါးဖမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ငါးဖမ်းသည့်အတွက် ဗြိုက်ကြီး ရေနှုတ်မြောင်း အပေါ်ဘက်ရှိ ကျောင်းကုန်း၊ ရေကြည်နှင့် သာပေါင်းမြို့နယ် အတွင်းမှ ရေကျနောက်စိုက်လယ်ဧက ၆၀ဝ၀ ကျော် စပါးစိုက်ပျိုးရန် အခက်တွေ့ခဲ့သကဲ့သို့ ဗြိုက်ကြီး ရေနှုတ်မြောင်း အသုံးပြု၍ သွားလာနေကြသည့် ဒေသခံများမှာ ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှု များဖြစ်ခဲ့ပြီး မော်တော် တိမ်းမှောက်မှုများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ဗြိုင်ကြီးကျေးရွာမှ ဒေသခံများက ပြောသည်။
အင်းဂရန် စည်းကမ်းဖောက်ဖျက်ကြောင်း ထင်ရှားပါက တရားရုံးတော်က ဧရာဝတီတိုင်းဒေသကြီး ရေချိုးငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၆ အရ ထောင်ဒဏ် ၃ နှစ် (သို့) ငွေဒဏ် ၂ သောင်း၊ သို့မဟုတ် ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။