စီးပွားရေး

ခရိုနီဆိုးလား၊ ခရိုနီကောင်းလား

Want create site? Find Free WordPress Themes and plugins.

“အတိတ်ဆိုတာ ကိုယ့်ကို ချည်နှောင်ထားဖို့ မဟုတ်ဘဲ သင်ခန်းစာ ယူပြီးတော့ ထပ်သွားနိုင်ဖို့ပါ။ ဒါကြောင့် တချိန်တုန်းက ကိုယ့်အတွက် လုပ်ခဲ့တဲ့သူတွေ အခု အများအတွက် မလုပ်နိုင်ဘူးလား။ အများအတွက် လုပ်နိုင်တဲ့ အရည်အချင်းတွေ မရှိတော့ ဘူးလား။ ကိုယ့်အစုအဖွဲ့၊ ကိုယ့်မိသားစု အတွက်ပဲ လုပ်ခဲ့တဲ့ သူများဟာ အမြင်ကျယ်လာပြီး တော့ တတိုင်းပြည်လုံး အတွက် လုပ်ပေးချင်တဲ့စိတ်မျိုး မမွေးနိုင်ဘူးလား ”

ပြီးခဲ့တဲ့ အာက်တိုဘာလ ၂၂ ရက်နေ့၊ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နုတ်ချက်တချို့ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းက မြန်မာပြည်ရဲ့ အနာဂတ် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကိစ္စတွေ အတွက် ထူးခြားတဲ့ အကျိုးဆက်တွေကို ဖန်တီးပေးမှာ ပေးနိုင်မှာပါလား။ စီးပွားရေး နယ်ပယ်မှာ အကျိုးသက်ရောက်မှုတွေကို ဘယ်လောက်အထိ ဖန်တီးပေးနိုင်ပါလဲ။

အမြင်အမျိုးမျိုး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်လိုက်တဲ့ အခါ မူဝါဒက တခြမ်းပဲ ဖြစ်နေပြီး ယခင်နစ်နာခဲ့တဲ့ သူတွေ၊ အင်အားသေးတဲ့ သူတွေအတွက် စဉ်းစားချက် မပါဘူးဖြစ်နေတယ် လို့ ISP (Institute for Strategy and policy) ရဲ့ Training Director ဖြစ်တဲ့ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“ပြီးခဲ့တဲ့ကာလတွေမှာ နစ်နာခဲ့တဲ့ ပြည်သူတွေ အများအပြား ရှိပါတယ်။ အခုအချိန်မှာ အမျိုးသား ရင်ကြားစေ့ရေး လို့ ပြောတဲ့ အတွက် ခရိုနီတွေကို ဖိတ်ခေါ်တဲ့ အပိုင်းကိုတော့ မကန့်ကွက်ချင် ပါဘူး။ ဒါပေမယ့် နစ်နာခဲ့ရတဲ့ သူတွေ အတွက် လူမှုရေး တရားမျှတမှု (Social Justice) ရှိရဲ့လား ဆိုတာလည်း ပြန်ပြီးစဉ်းစား စေချင်ပါတယ်” လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရိုနီတွေအကြောင်းကို မသိတာ မဟုတ်နိုင်ပေမယ့် ဘတ်ဂျက်သုည (Zero Budgets) နဲ့ စခဲ့ရတဲ့ အစိုးရ တရပ်အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဓနအင်အားကြီးမား သူတွေရဲ့ အကူအညီကို ရယူဖို့ ကြိုးစားတာဖြစ်တယ် လို့ သုံးသပ်ပါတယ်။ ခရိုနီဆိုတဲ့ အမည်နာမ အတပ်ခံရသူတွေဟာ မြန်မာနိုင်ငံရဲ့ ဓနဥစ္စာတွေကို ထက်ဝက်ကျော် ပိုင်ဆိုင်ထားသူများလို့ ဆိုကြပါတယ်။

“သူ့ရဲ့ မိန့်ခွန်းက စိတ်ဓာတ်ကိုပဲ အလေးပေးပြီး ပြောသွားတာ။ တကယ်တန်းကျတော့ သီအိုရီအရ ကြည့်ရင် စီးပွားရေးသမား ဆိုတာ စိတ်ကောင်း စေတနာကောင်း ဆိုတာကို သိပ်ယုံကြည်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခေါင်းဆောင်တွေရဲ့ သဘောသဘာ၀ ကတော့ စိတ်ဓာတ်ရေးရာ အရ ခွန်အားရှိအောင် လုပ်ပေးတတ်တာမျိုး” လို့ MDRI ရဲ့ Senior Researcher ဖြစ်တဲ့ ဦးတင်မောင်သန်းက ပြောပါတယ်။

ဒါပေမယ့် ဒီလို ခွန်အားရှိအောင် လုပ်တာ ခရိုနီလို့ ခေါ်တဲ့ လုပ်ငန်းရှင်ကြီးတွေကို လုပ်တာသာ ဖြစ်ပြီး နေရာ တော်တော်များများ ပေးထားတဲ့ အကြောင်း၊ ဒီလောက်ပေးဖို့ လိုအပ်သလား ဆိုတာ တွေးစရာ ဖြစ်နေတဲ့ အကြောင်း၊ ဒီဖြစ်ရပ်က ပြုပြင်ပြောင်းလဲရေး(Reform) အပေါ်မှာလည်း ထိခိုက်သွားလေမလား လို့ စဉ်းစားမိတဲ့ အကြောင်း ဦးတင်မောင်သန်းက သုံးသပ်ပါတယ်။

တကယ်တော့ ကိုယ့်စီးပွားရေးကို လုပ်ရင်း အများအကျိုး ရှိသွားတယ် ဆိုတဲ့ အယူအဆဟာ ၁၈ ရာစုလောက်က ပေါ်ထွန်းခဲ့တဲ့ စီးပွားရေးပညာရှင် အဒမ်စမစ်(Adam Smith) တို့ ကာလကတည်းက ရှိခဲ့တာပါ။ ပြည်သူလူထု အတွက် သတ်သတ်မှတ်မှတ် ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်ပေမယ့် နောက်ဆုံးမှာ ပြည်သူ အတွက်လည်း အကျိုးရှိ သွားတယ် ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

ဒါပေမယ့် အရေးကြီးတာက အကျိုးအမြတ် အတွက် လုပ်ရင်း မတော် မတရားတာတွေကို မကျူးလွန်နိုင်အောင် ဘယ်လိုနည်းနဲ့ ဟန့်တားမလဲ ဆိုတဲ့ ပြဿနာပါ။ စိတ်ဓာတ်ရေးရာ သက်သက်နဲ့ပဲ လုပ်နိုင်မလား။ ဘယ်လို စည်းကြပ်နည်း (Regulatory Management) တွေနဲ့ ထိန်းကွပ်မှာ ပါလဲ။

အခွန် မှန်မှန် ဆောင်ရဲ့လား

အောက်တိုဘာ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးကို တက်ရောက်ဖို့ အတွက် ထိပ်တန်း အခွန်ဆောင်တဲ့ လုပ်ငန်းရှင် ၁၀၀ ဦးကို ဖိတ်ကြားဖို့ ကနဦး စီစဉ်ခဲ့ပါတယ်။ နောက်တော့ ၁၅၈ ဦး အထိ ဖြစ်သွားပါတယ်။ ဒီအထဲမှာ စီးပွားရေး အမြတ်အစွန်းတွေ ကြီးကြီးမားမားရခဲ့ပေမယ့် မဖြစ်စလောက်သာ အခွန်ဆောင်ထားတဲ့ သူတွေလည်း ပါဝင်နေတယ် လို့ ဝေဖန်တာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင် ၁၄၀ ကျော်ရဲ့ အခွန်ရှောင် လျှို့ဝှက် ဘဏ်စာရင်းတွေ အကြောင်း ဖော်ပြထားတဲ့ Panamas Papers ထွက်လာခဲ့ပါတယ်။ အဲဒီ လျှို့ဝှက်ဘဏ်စာရင်းထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ တခုလည်း ပါဝင်နေတဲ့ အကြောင်း နိုင်ငံတကာ စုံစမ်း စစ်ဆေးမှု သတင်းထောက်အဖွဲ့ (ICIJ) က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

“အခွန်နဲ့ ပတ်သက်ရင် လုပ်ငန်းရှင်ကြီးတွေကို ဘယ်လောက် ထိန်းကျောင်းနိုင်မလဲ ဆိုတာ ရှိပါတယ်။ နောက်ထပ် စိုးရိမ်တာ တခုက အရင်က ပိတ်ဆို့ထားတဲ့ ဒီလုပ်ငန်းရှင်တွေဟာ အခုဆို နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံခွင့် ရသွားပြီး ပိုစိုးရိမ်တာ တခုက (Capital Flight) လို့ ခေါ်တဲ့ မြန်မာနိုင်ငံထဲက အရင်းအနှီးတွေ အပြင်ကို ပိုစီးထွက်သွားလေ မလား ဆိုတာပါပဲ ” လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်က နိုင်ငံတခုရဲ့ စီးပွားရေးနဲ့ ပတ်သက်ရင် အရေးကြီးတဲ့ အချက် ၂ ချက်ကို ထောက်ပြခဲ့ဖူး ပါတယ်။ တိုင်းပြည် ပြင်ပကို အရင်းအနှီးတွေ စီးထွက်ခြင်း (Capital Flight) နဲ့ လွတ်လပ်တဲ့ ယှဉ်ပြိုင်နိုင်မှု (free competition) ဖြစ်ပါတယ်။ ဒါကြောင့် ခရိုနီတွေနဲ့ ပြန်ပြီး အလုပ်လုပ်မယ် ဆိုတာ မူဝါဒတခုသာ ဖြစ်သင့်ပြီး၊ စီးပွားရေး မူဝါဒတော့ မဖြစ်သင့်တဲ့ အကြောင်း၊ စီးပွားရေးမူဝါဒ ဆိုတာက လွတ်လပ်စွာ ပြိုင်ဆိုင်နိုင်မှုကို ဖန်တီး ပေးရတာဖြစ်ပြီး လုပ်ငန်းလေးတွေနဲ့ လုပ်ငန်းကြီးတွေ ကြားထဲမှာ ဟန်ချက်ညီအောင် ထိန်းပေးတာ မျိုးဖြစ်တယ် လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ပါတယ်။

NLD အစိုးရလက်ထက်မှာ အခွန်ရှောင်တဲ့ ပြဿနာနဲ့ ပတ်သက်ရင် သတိထားကိုင် တွယ်ရမယ် လို့ ဦးတင်မောင်သန်း က သုံးသပ်ပါတယ်။ “အခွန်ရှောင်လို့ ရတယ် ၊ လွတ်ထွက်နေတယ် ဆိုရင် ဒါဟာ ဘာကြောင့်လဲ၊ ဥပဒေကြောင့် လား၊ စီမံခန့်ခွဲမှု ကြောင့်လား၊ မူဝါဒကြောင့်လား ဆိုတဲ့ အကြောင်းရင်းတွေကို သိပြီး တိတိကျကျ ကိုင်တွယ်နိုင်ဖို့ လိုတယ်” လို့ သူက ဆိုပါတယ်။

ခရိုနီနဲ့ နင်းပြား

ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုက အနည်းဆုံး ဒေါ်လာသန်းပေါင်း ရာနဲ့ချီပြီး ရှိနိုင်ပါတယ်။ ဘီလျံနဲ့ ချီပြီး ကြွယ်ဝသူ တွေလည်း ရှိနေတယ် လို့ ခန့်မှန်းကြပါတယ်။

အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံလောက် ရှိတဲ့ မှောင်ခိုကျောက်စိမ်းလောက အကြောင်း Global Witness က ဖွင့်ချလိုက်တဲ့ အချက်၊ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကို မြန်မာနိုင်ငံ ပြင်ပမှာ ဘဏ်စာရင်းငါးခု ဖွင့်လှစ်ထား ရှိတယ် ဆိုတဲ့ ဝါရှင်တန်အခြေစိုက် BIC (Bank of Information Centre ) ရဲ့ ထုတ်ပြန်ချက်၊ ခေးမင်းကျွန်း (Kinmen Island) နဲ့ ဂျမေကာ (Jamaica) တို့မှာ ရှိတဲ့ မြန်မာစီးပွားရေး သမားတွေရဲ့ ဘဏ်စာရင်းတွေ အကြောင်း ဝီကီလိ (Wikileaks) ရဲ့ ဖော်ထုတ်ချက် စတာတွေဟာ ခရိုနီတွေရဲ့ ကြွယ်ဝမှုကို မီးမောင်း ထိုးပြနေပါတယ်။

ဒါကြောင့် ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုတွေကိုသာ တိတိကျကျ သိနိုင်မယ် ဆိုရင် ဒေါ်လာ ၆၇ ဘီလီယံ လောက်သာ ရှိတဲ့ မြန်မာနိုင်ငံရဲ့ GDP ကို ကျော်လွန်ကောင်း ကျော်လွန်နိုင်ပါတယ်။

နိုင်ငံရေး သုတေသီတဦး ဖြစ်တဲ့ ဦးမင်းဇင်ကတော့ မြန်မာလူ့အဖွဲ့အစည်းဟာ တဖက်စောင်းနင်း ဖြစ်နေပြီး မြန်မာနိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုက ရူးလောက်တဲ့ အနေအထားမှာ ရှိနေတယ်လို့ သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်း မြန်မာ့အသိုင်းအဝိုင်းကို ခြယ်လှယ်နေခဲ့တဲ့ သူတွေထဲမှာ စီးပွားရေးအီလစ် (Elite) တွေ အဓိက ပါဝင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီအနေအထားကြောင့် မြန်မာ့လူထု မျှော်လင့်နေတဲ့ အပြောင်းအလဲက ခက်ခဲနေမှာပဲ လို့ သူက ကောက်ချက်ဆွဲပါတယ်။

“အခု တံခါးဖွင့်လိုက်တယ်။ အနောက်နိုင်ငံက ကော်ပိုရေးရှင်းတွေ လာရောက် ရင်းနှီးမြှုပ်နှံကြမယ်။ အဲဒီတော့ နင်းပြားတွေက ဘာ ဆက်ဖြစ်မလဲ။ အင်စတီကျုးရှင်းတွေ ပြင်ရုံနဲ့၊ ဆန်ရှင်ကို ဖွင့်ရုံနဲ့တော့ နင်းပြားတွေ ဘဝက ပြောင်း မသွားနိုင်ဘူး” လို့ သူက ပြောပါတယ်။

မြန်မာ့ လူ့အဖွဲ့အစည်းမှာ ဆင်းရဲမွဲတေမှု ဒဏ်ကို နင့်နင့်သီးသီး ခံနေရတဲ့ ပမာဏဟာ ၅၁ ဒဿမ ၄ သန်း ရှိတဲ့ လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်း လောက် ရှိပါတယ်။ ဒါဟာ တရက်ဝင်ငွေ ၁ ဒဿမ ၅ ဒေါ်လာ (မြန်မာငွေ ကျပ်နှစ်ထောင်) မရှိတဲ့ သူတွေက ၁၅ သန်းကျော် ရှိနေတယ်လို့ ညွန်ပြနေတဲ့အချက်ပါ။ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလွန်းတဲ့ အချက်နဲ့ လက်တဆုပ်စာသာ ချမ်းသာပြီး သန်းပေါင်းများစွာ ဆင်းရဲနေရတဲ့ အချက်ဟာ နိုင်ငံရေးကို ကသောင်းကနင်း ဖြစ်အောင် ဖန်တီးနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ဦးမင်းဇင်က ပြောပါတယ်။

ခရိုနီတွေအတွက် အခွင့်အလမ်းကောင်း

၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို လွှတ်တော်အမတ်အဖြစ်နဲ့ ပထမဆုံး သွားရောက်ခဲ့ ပါတယ်။ နာမည်ကြီး ခရိုနီတဦးက (ပိတ်ဆို့ တားဆီးခံထားရတဲ့) သူ့ငွေကြေးတွေကို အမေရိကန် အစိုးရက ပြန်လွှတ်ပေးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောပေးဖို့ ပန်ကြားတယ် ဆိုတဲ့ သတင်းတခု ထွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ငွေအပိတ်ခံရလို့ မင်းတော်တော် ဆင်းရဲသွားသလားလို့ အဓိပ္ပာယ်ရတဲ့ စကားနဲ့ တုံ့ပြန်ခဲ့တယ် လို့ ဆိုပါတယ်။ ကောလာဟလ သတင်း ဖြစ်ပေမယ့် တွေးစရာတွေတော့ ပါဝင်နေပါတယ်။

၂၀၁၂ ခုနှစ်က ဦးသိန်းစိန် အစိုးရ လက်ထက် ဖြစ်တဲ့ အတိုင်း အာဏာရှင် အရိပ်မည်းကြီး ထိုးနေဆဲကာလ ဖြစ်ပါတယ်။ ဒါကြောင့် ခရိုနီတွေအနေနဲ့ သူတို့ပိုင်တဲ့ ငွေကြေးကို ဒီမိုကရေစီလူ့အဖွဲ့အစည်း အတွက် အသုံးချချင်တဲ့ ဆန္ဒရှိတယ် ဆိုရင်တောင်မှ လုပ်ခွင့် ရပါ့မလား ဆိုတာ သံသယဖြစ်စရာ ရှိပါတယ်။

ယနေ့အချိန်မှာတော့ ခရိုနီဆိုတဲ့ အမည်က ၂ မျိုး ကွဲလာနေပါတယ်။ ခရိုနီဆိုးလား၊ ခရိုနီကောင်းလား ဆိုတဲ့ အမျိုးအစား ခွဲခြားမှုမျိုးကို လုပ်လာကြပါတယ်။ တဖက်မှာလည်း ခရိုနီတချို့ ပိုင်ဆိုင်တဲ့ စီးပွားရေး ကုမ္ပဏီ အချို့ တာဝန်သိ လုပ်ငန်း (CSR – Corporate Social Responsibility) အသွင်ဆောင် လာကြတာလည်း ရှိပါတယ်။ ဒါက အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းအောင် လုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်နဲ့လည်း ဆက်စပ်နေပါ လိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ ခရိုနီဆိုသူတွေကို အလွန်အမင်း အပြစ်ဖို့ ထားတာ မတွေ့ရဘဲ ခရိုနီတွေ အနေနဲ့ အများပြည်သူနဲ့ မျှဝေခံစားဖို့ကိုသာ တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာ အတိတ်ရဲ့ ချည်နှောင်မှုကိုမခံဖို့ လမ်းသစ်ကို သတ္တိရှိရှိ လျှောက်ကြဖို့ အပြောင်းအလဲမှာ ပူးပေါင်းပါဝင်ဖို့ နှိုးဆော်ထားပါတယ်။ ခရိုနီတွေ အတွက် အခွင့်အလမ်းကောင်း ပေးတာလို့ အနက်ဖွင့်နိုင်ပါတယ်။

ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုဟာ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေပါတယ်။ ဒီပိုင်ဆိုင်မှုတွေကို ဘယ်လိုအသုံး ချမလဲ ဆိုတာဟာ နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးမယ့် အကြောင်းအချက် တခုပါပဲ။ တကယ်လို့များ ကိုယ့်ကိုယ်ကို အတိတ်ရဲ့ ချည်နှောင်မှုအောက်က လွတ်အောင် ရုန်းမထွက်နိုင်ဘူး ဆိုရင်တော့ နိုင်ငံကိုလည်း အတိတ်ရဲ့ ချည်နှောင်မှု အောက်မှာ ဆက်ထားခြင်းလို့သာပဲ နားလည်ရတော့မှာ ဖြစ်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading